၂၀၂၃-၂၄ "အယ်လ်နီညို" က ၂၀၁၄-၁၅-၁၆ "အယ်လ်နီညို"နဲ့တူနိုင်မလား?

06/09/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်း စက်တင်ဘာလမှာ စ ပြီး အားကောင်းတဲ့ အယ်နီညိုဖြစ်တော့မယ်လို့ ရာသီဥတုစောင့်ကြည့်လေ့လာသူများနဲ့ မိုးလေဝသဌာနများက ထုတ်ပြန်ကြေငြာထားပါတယ်။

၂၀၁၅ ခုနှစ်၊ ၂၀၁၉ ခုနှစ်တွေမှာ ၄ နှစ်ကို တစ်ကြိမ် အယ်လ်နီညိုဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာ့အပြင်းထန်ဆုံး အယ်နီညို ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။ 

၂၀၁၅ ခုနှစ် အယ်နီညိုဖြစ်စဉ်ကို မှတ်တမ်းတင်ထားတာမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အယ်နီညို စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တစ်နှစ်လုံးဆက်လက်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်-ဇွန်လနဲ့ ဇူလိုင်လနောက်ပိုင်းမှာတော့ ပင်လယ်ရေမျက်နှာပြင်အပူချိန်များ စ ပြီး မြင့်တက်ခဲ့ကာ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ အမြင့်ဆုံး ၂.၆ °C အထိရောက်ခဲ့ကာ ၂၀၁၆ ခုနှစ်မေလအလွန်မှာ အယ်နီညိုဖြစ်စဉ်ပြီးဆုံးခဲ့ပါတယ်။ ၂၀၁၅ အယ်လ်နီညိုဖြစ်စဉ်က ၂၀၁၄ စက်တင်ဘာလမှ ၂၀၁၆ မေလအထိ ၁၉ လ တိတိကြာမြင့်ခဲ့ပါတယ်။

၂၀၁၅ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးမျိုးစုံကျရောက်ခဲ့ပြီး ထင်ရှားတဲ့သဘာဝဘေးတွေကို အခုလိုမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်-

(က) ပစိဖိတ်အလယ်ပိုင်းရေပြင်တွင် ဆိုင်ကလုန်းမုန်တိုင်း(တိုင်ဖွန်းမုန်တိုင်း) ၁၆ ကြိမ်ဖြစ်ခဲ့ပြီး ၁၉၈၁-၂၀၁၀ ခုနှစ်အတွင်း နှစ်စဉ်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းအရေအတွက်၏ ၃ ဆ ပိုမိုဖြစ်ပေါ်ခဲ့ပါတယ်။

(ခ) ကာရစ်ဘီယံပင်လယ်ဒေသတွင်း နိုင်ငံ ၁၀ ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ အတွင်း ဆိုးရွားသော မိုးခေါင်ခြင်းနှင့်ရင်ဆိုင်ခဲ့ရပြီး၊ အင်တီဂွာနိုင်ငံ၏ ရေထုပမာဏ ၁ ဘီလီယံဂါလံ သိုလှောင်နိုင်သော Potworks ဆည် လုံးဝခန်းခြောက်သွားခဲ့ပါတယ်။

(ဂ) ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့အပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ခဲ့ရပါတယ်။

(ဃ) အင်ဒိုနီရှားနိုင်ငံတွင် အပူလွန်ကဲပြီး အပူပိုင်းသစ်တောများကို တောမီးလောင်ကျွမ်းခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမြင့်တက်ခဲ့ပြီး အာဆီယံဒေသအတွင်းမှာ လေထုညစ်ညမ်းမှုအမြင့်မားဆုံးနှစ်ဖြစ်ခဲ့ပါတယ်။

(င) အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများ မိုးခေါင်မှုကြောင့် သီးနှံများပျက်စီးပြီး လူဦးရေ ၈ သန်းကျော် အစာငတ်မွတ်မှုကပ်ဘေးကြောင့် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်းတွေဆောင်ရွက်ခဲ့ရပါတယ်။

(စ) ၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ဖျားပိုင်းမှ မြစ်ဝကျွန်းပေါ်ဒေသအထိ ရာသီဥတုဖြစ်စဉ်မှတ်တမ်းတွေကိုလေ့လာတဲ့အခါ မြစ်ကြီးနားဒေသလို အေးတတ်တဲ့ဒေသတောင်မှ မတ်လမှ ဇွန်လအထိ အပူချိန် ၃၅ °C မှ ၃၈ °C အထိမြင့်တက်ခဲ့ပြီးမှ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေအထိ မိုးသည်းထန်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာဘဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးတော့ တစ်ကြိမ်က ဆိုင်ကလုန်းမုန်တိုင်း KOMEN(03B - အမည်ရဆိုင်ကလုန်းမုန်တိုင်း)ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဩဂုတ်လ ၂ ရက်နေ့မှာဝင်ရောက်သွားပါတယ်။ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းတစ်လုံးမှ ဝင်ရောက်ခြင်းမရှိခဲ့ပေမဲ့ ဆိုင်ကလုန်း KOMEN ရဲ့ သက်ရောက်မှုက မုန်တိုင်းလမ်းကြောင်းညာဘက်ခြမ်းကမြန်မာနိုင်ငံမှာ မိုးသည်းထန်ခဲ့ပြီး ဧရာဝတီမြစ်တစ်လျောက် ဆိုးရွားတဲ့ရေကြီးရေလျှံမှုတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ ၂၀၁၅ ရေကြီးခြင်းဖြစ်စဉ်မှာ ၄၆ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့ ကြရကြောင်း၊ အိမ်ခြေ ၁၇,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းတွေမှာတွေ့ရပါတယ်။

မြန်မာနိုင်ငံအရှေ့ဘက်က တောင်တရုတ်ပင်လယ်အပါအဝင် ပစိဖိတ်အနောက်မြောက်ပိုင်းမှာတော့ အပူပိုင်းမုန်တိုင်း ၂၇ ကြိမ်နဲ့ တိုင်ဖွန်းမုန်တိုင်း ၁၈ ကြိမ်ဖြစ်ခဲ့ပြီး အများစုက မေလ မှ နိုဝင်ဘာလအတွင်းဖြစ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ရေကြီးမှုတွေကတော့ ဆိုင်ကလုန်းမုန်တိုင်း KOMEN ကြောင့်ရော အရှေ့ဘက်က ဝင်လာတဲ့ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များက ရွာချလိုက်တဲ့ မိုးတွေရော ၂ မျိုးပေါင်းပြီး ဖြစ်ခဲ့ရတယ်လို့ မှတ်သားထားရမှာပါဘဲ။ 

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက စ ပြီး အယ်လ်နီညိုက အစပျိုးနေပြီ။ စက်တင်ဘာလ နောက်ပိုင်းမှာ အားအသင့်အတင့်မှ အားကောင်းတဲ့ အယ်လ်နီညို ဖြစ်လာတော့မယ်လို့ ခန့်မှန်းထားကြတယ်။ 

၂၀၂၄ ခုနှစ်မှာရော? ၂၀၁၅ ခုနှစ်ကလို တစ်နှစ်လုံး အယ်လ်နီညိုဖြစ်နေပြီး ၂၀၂၅ ခုနှစ်ကျမှ ပြီးမှာလား? အဲ့သလိုဖြစ်ရင် ဘာတွေဖြစ်လာနိုင်မလဲ? ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်သလဲ စသည်.. စသည်ဖြင့် တွေးတောချင့်ချိန်ပြီး ပြင်ဆင်စရာတွေက အများကြီးပါပဲ။

ဒီနှစ်နဲ့ နောက်နှစ်အတွက် ကျနော်တို့စောင့်ကြည့်ကြရမှာက -

• ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အယ်နီညိုဘယ်လောက်အထိ အားကောင်းလာနိုင်မယ်ဆိုတဲ့အခြေအနေ .. 

• ၂၀၂၄ ခုနှစ် အစပိုင်းရာသီဥတုအခြေအနေက ၂၀၁၅ ခုနှစ်နဲ့ တူနေမလား၊ မတူဘူးလား ..

• ၂၀၂၃ ခုနှစ် မိုးလွန်ကာလ(အောက်တိုဘာ နိုဝင်ဘာလတွေထဲမှာ) မုန်တိုင်းတွေဖြစ်တဲ့အခြေအနေကို စောင့်ကြည့်လေ့လာရမယ်

• ၂၀၂၄ ခုနှစ် မိုးကြိုကာလနဲ့ မိုးနှောင်းကာလ မုန်တိုင်းတွေဖြစ်တဲ့အခြေအနေကို စောင့်ကြည့်လေ့လာရပါမယ်

၂၀၂၃-၂၄ အယ်နီညိုအတွက် အခုတင်ပြခဲ့တဲ့ - ကျနော်တို့ စောင့်ကြည့်လေ့လာရမယ့် မိုးလေဝသဖြစ်စဉ်ပေါင်းများစွာရဲ့အဖြေတွေကို စောင့်ကြည့်ရင်း ဖြစ်လာနိုင်မဲ့သဘာဝဘေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လိုအပ်တာတွေ၊ ပြင်ဆင်တာတွေအတွက် အစီအစဉ်တွေဆွဲပြီး တွေးတောကြံဆထားကြရအောင်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်