ဤရောဂါသည် စပါးစေ့နေရာတွင် မှိုသီးက အစားထိုးနေရာယူဖြစ်ပေါ်သည်။ မှိုသီးမဖြစ်သည့် ရောဂါကျစပါးနှံတွင်လည်း ဆန်စေ့များကို မြေဖြူကဲ့သို့ အဖြူရောင်ဖြစ်စေပြီး အလေးချိန်လျော့နည်းစေသည်။ မျိုးစေ့ အညှောင့်ပေါက်မှုရာနှုန်းလည်း ကျဆင်းစေသည်။
ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
စပါးမှိုသီးရောဂါသည် လေထုစိုထိုင်းဆ ၉၀% အထက်မြင့်မားသောနေရာနှင့် အပူချိန် ၂၅-၃၅ ဒီဂရီဆဲလ်စီးယပ်(စ)ရှိသော ဒေသများတွင်ဖြစ်ပွားသည်။ မိုးရွာသွန်းခြင်း၊ လေထုစိုထိုင်းဆမြင့်မားခြင်းနှင့် မြေကြီးထဲတွင် နိုက်ထရိုဂျင်ဓါတ်ပါဝင်မှု မြင့်မားခြင်းတို့သည် ရောဂါဖြစ်ပွားမှုကို အားပေးသည်။ မှိုစပိုးများသည် တိုက်ခတ်သောလေဖြင့် တစ်ပင်မှတစ်ပင်သို့ ပျံ့နှံ့၍ ရောဂါကူးစက်စေနိုင်သည်။
စပါးပင်များပန်းပွင့်ချိန်တွင် ရောဂါဝင်ရောက်နိုင်ပြီး၊ စပါးမှိုသီးရောဂါကို စပါးနှံ(ရွက်ဖုံးတွင်းမှ) အပြင်သို့ ထွက်လာပြီးမှသာ တွေ့မြင်နိုင်သည်။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း/ လက်ခံပင်ပြလက္ခဏာ
ဤရောဂါကျရောက်လျှင် စပါးနှံပေါ်ရှိ စပါးစေ့များနေရာတွင် ကတ္တီပါသားကဲ့သို့ စိမ်းညိုရောင်ရှိသော မှိုသီးများကိုတွေ့ရသည်။ စပါးစေ့တစ်စေ့ချင်း၏နေရာတွင် မှိုစပိုး(မျိုးစေ့)များစွာစုဝေးပါဝင်နေသည့် မှိုသီးဖြစ်ပေါ်သည်။ ဤမှိုသီးများသည် နုစဉ်တွင် လိမ္မော်ရောင်ရှိပြီးရင့်လာချိန်တွင် အစိမ်းရောင်၊ စိမ်းမဲရောင်သို့ ပြောင်းသွားသည်။ အနှံတစ်ခုရှိစပါးစေ့အားလုံးနေရာတွင် မှိုသီးဖြစ်ပေါ်လေ့မရှိသော်လည်း မှိုသီး၏ဘေးပတ်ဝန်းကျင်ရှိ စပါးစေ့များတွင် အဆန်တည်လေ့မရှိပေ။
• စပါးစေ့တစ်စေ့လုံးသည် မှိုစပိုးများ စုဝေးဖြစ်ပေါ်နေသည့် အဝါရောင် (သို့မဟုတ်) အစိမ်းရောင်ကတ္တီပါသားကဲ့သို့သော မှိုအင်္ဂါအလုံးအဖြစ် အသွင်ပြောင်းလဲနေသည်။ မှိုသီးဖြစ်နေသော စပါးစေ့အချင်းသည် ရောဂါကင်းစပါးစေ့ထက် နှစ်ဆမှ သုံးဆအထိကြီးသည်။ မှိုသီးအရင့်၏ အချင်းသည် ၁-စင်တီမီတာခန့် ရှိသည်။
• စပါးစေ့အခွံများသည် ပြောင်းလဲမှုမရှိပဲ မှိုသီးအင်္ဂါကို ကာရံထားသည်။
• နုနယ်သေးသော မှိုစပိုးသီးများသည် အနည်းငယ်ပြားနေပြီး ချောမွေ့၍ အဝါရောင်ရှိကာ အမြှေးပါးဖြင့် ဖုံးအုပ်ထားသည်။
• ရောဂါဖြစ်မှို၏ စပိုးများစွာပွားများလာပြီး စပိုးသီးရင့်လာသောအခါ ထိုအမြှေးပါးအက်ကွဲသွားသည်။ ရင့်လာသောစပိုးများသည် စိမ်းဝါရောင်မှတစ်ဆင့် စိမ်းမဲရောင်သို့ ပြောင်းသွားသည်။
• စပါးနှံတစ်ခုတွင် စပါးစေ့အနည်းငယ်သာ ရောဂါတိုက်ခိုက်ခြင်းခံရပြီး ကျန်စပါးစေ့များသည် ပုံမှန်အတိုင်း ရောဂါကင်းနေသည်။
ရောဂါ၏ အရေးကြီးမှု
စပါးပင်ပန်းပွင့်သည့်အဆင့်၏ အစောပိုင်းကာလတွင် အစေ့အိမ်ပျက်စီးသွားလျှင် ဤရောဂါစတင်တိုက်ခိုက်ခြင်းခံရသည်။ ရောဂါဖြစ်မှိုသည် စပါးစေ့တစ်စေ့ချင်းစီ၏ အစေ့အိမ်တွင်းနေရာဝင်ယူပြီး မှိုမျှင်များ ပွားများကာ စပိုးသီးဖြစ်လာသည်။ ဒုတိယအဆင့်ရောဂါတိုက်ခိုက်မှုသည် စပါးနှံများရင်မှည့်ခါနီးတွင် ဖြစ်ပေါ် သည်။ ဤရောဂါကြောင့် ဆန်စေ့သည် မြေဖြူကဲ့သို့ အဖြူရောင်ဖြစ်သွားပြီးလျှင် ဆန်စေ့အလေးချိန် လျော့နည်းသွားစေသည်။ မျိုးစေ့အညှောင့်ပေါက်မှုကိုလည်း ၃၅ % ခန့် လျော့နည်းသွားစေသည်။ စွတ်စိုထိုင်းမှိုင်းသည့် ရာသီတွင် ရောဂါသည် ပိုမိုပြင်းထန်နိုင်ပြီး ဆုံးရှုံးမှုသည် ၂၅ % ခန့်အထိ ရှိနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ၇-၇၅% အထိ အထွက်နှုန်းဆုံးရှုံးမှုရှိကြောင်း သိရသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) စိုက်ခင်းကို သန့်ရှင်းအောင်ထားရမည်။ စပါးရိတ်သိမ်းပြီးလျှင် ရောဂါကျစပါးစေ့များ၊ စပါးနှံများနှင့် အပင်အကြွင်းအကျန်အစိတ်အပိုင်းများကို စိုက်ခင်းအတွင်းမှ ရှင်းလင်းဖယ်ရှားရမည်။
(၂) စိုထိုင်းဆကို လျှော့ချပါ။ စပါးခင်းသို့ ရေအနည်းငယ်သွင်းလိုက် အခြောက်ခံလိုက် အလှည့်ကျလုပ်ပေးခြင်းသည် တောက်လျေှက်ရေသွင်းထားခြင်းထက် စိုထိုင်းဆကိုလျော့နည်းစေသည်။
(၃) နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို သင့်တင့်မျှတစွာသာ အသုံးပြုရမည်။
(၄) ရောဂါကင်းကြောင်း ထောက်ခံချက်လက်မှတ်ရှိသည့် မျိုးစေ့ကို စိုက်ရမည်။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများလည်း ထွက်ရှိပြီးဖြစ်သည်။
(၅) မျိုးမကြဲမီ မျိုးစေ့ကို ၅၂ ဒီကရီဆဲလ်စီးယပ်စ်ရှိ ရေနွေးပူတွင် ၁၀ မိနစ်စိမ်ပေးရမည်။
(၆) အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် ကော့ပါးအောက်စီကလိုရိုဒ် (သို့မဟုတ်) အခြားမှိုသတ်ဆေး ဖြန်းပေးရမည်။
ဒေါက်တာ ခင်နှင်းယု
Ref; IRRI Rice Knowledge Bank