ရခိုင်ပြည်နယ်သည် မြစ်၊ ချောင်းကြီးများရှိသော ဒေသဖြစ်သည့်အလျောက် လျှပ်စစ်စွမ်းအား လိုအပ်ချက်အတွက် အကြီးစား၊ အလတ်စား ရေအားလျှပ်စစ်စီမံကိန်းကြီးများ တည်ဆောက်ရန် ရှိလာနိုင်ပါသည်။ ထိုအခါတွင် သဘာဝပတ်ဝန်းကျင်မပျက်စေဘဲ စီမံကိန်း၏ အကျိုးကျေးဇူးများကို သားစဉ်မြေးဆက် ကျေကျေနပ်နပ် ခံစားနိုင်ကြရေးအတွက် သဘာဝနှင့်လူမှုစီးပွား ပတ်ဝန်းကျင်ဆိုင် ရာ ဆောင်ရွက်သင့်သည်တို့ကို ဆောင်ရွက်ကြရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဤဆောင်းပါးကို တင်ပြရခြင်း ဖြစ်ပါသည်။
ရေကာတာများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်။ (ဓါတ်ပုံ- စစ်တွေတက္ကသိုလ် ၂၀၁၁-၂၀၁၂ ခုနှစ် နှစ်ပတ်လည် မဂ္ဂဇင်း)
ရေအားလျှပ်စစ်သည် သန့်စင်သောစွမ်းအင် (Clean Energy) ဖြစ်သည်ဟု လက်ခံထားကြပါ သည်။ သို့ရာတွင် မြစ်၊ ချောင်းများကိုပိတ်၍ ရေကာတာကြီးများ တည်ဆောက်ရမည် ဖြစ်သောကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်ဆိုး (side affects) များလည်း တွဲလျက်လိုက်ပါ လာပါသည်။ တနည်းအားဖြင့် ဤရေကာတာကြီးများသည် ကောင်းကျိုးရလဒ်ရော၊ ဘေးထွက်ဆိုးကျိုး များပါပေးသည့် ဖွံ့ဖြိုးရေး အဆောက်အအုံကြီးများ ဖြစ်ပါသည်။ ဤသို့ အကျိုးဆက်ဆိုးများ မပေါ် ပေါက်ရန်၊ ရှောင်လွှဲနိုင်ရန်၊ ပမာဏလျော့နည်းသွားရန်၊ ရေရှည်မထိခိုက်ရန် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုနည်းစံနစ်များ (Environmental Management)၊ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်း ခြင်း နည်းပညာများ (Environmental Engineering Technology) ဖြင့် ကာကွယ်၊ ဖြည့်ဆည်း ကုစားရပါမည်။ မိမိအရပ်ဒေသ၊ မိမိတိုင်းပြည်၊ မိမိနေထိုင်ရာကမ္ဘာ၏ သဘာဝပတ်ဝန်းကျင် အဆင့်မီစွာ ရေရှည်တည်တံ့စေရေးအတွက်၊ အကျိုးဆက်ဆိုး ထိခိုက်လာနိုင်မှု အခြေအနေကို အနီးစပ်ဆုံး တိကျပြည့်စုံစွာ သိရှိနိုင်ရန် ဤစီမံကိန်းကြီးများ အကောင်အထည်မဖော်မီကပင် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း (Environmental Impact Assessment – EIA) လုပ်ငန်းစဉ်ဖြင့် စနစ်တကျ လေ့လာဖော်ထုတ်ရပါသည်။
ရေကာတာနှင့် သဘာဝပတ်ဝန်းကျင် ဆက်နွယ်ပုံ
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရေကာတာကြီးများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံတစ်မျိုး ဖြစ်ပြီး၊ သောက်သုံးရေ ရရှိခြင်း၊ ဆည်ရေပေးဝေနိုင် ခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူနိုင်ခြင်း၊ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်ခြင်း၊ ရေကြောင်းခရီးလမ်းသစ်အဖြစ် အသုံးပြုနိုင်ခြင်း၊ ဒေသခံလူထု အလုပ်အကိုင် အခွင့်အလမ်းတိုးလာခြင်း၊ အပန်းဖြေစခန်းများအဖြစ် ဖန်တီးနိုင်ခြင်းစသော အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါသည်။ အခြားတစ်ဖက်တွင်မူ ရေကာတာ ကြောင့် နဂိုမူလရေစီးကြောင်း စနစ်တစ်ခုလုံး ပုံစံပြောင်းသွားရတော့သည်။ ဤသို့ ပြောင်းလဲသွား သောကြောင့် ရေကာတာ အထက်မြစ်ညာပိုင်းတွင် ရေဖုံးလွှမ်း၍ ရေဝပ်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် ရေစီးအားနှင့် စီးဆင်းပုံ ပြောင်းလဲသွားခြင်း၊ ရေထု၏ အရည်အသွေးပြောင်းလဲသွားခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ခြင်း စသော ပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်ရပ် (Impact Event) များ ဖြစ်ပေါ်မည်ကို ကြိုတင်တွက်ဆထားနိုင်ပါသည်။
တစ်ဖန်ဤထိခိုက်မှုဖြစ်ရပ်များကြောင့် ဆိုးကျိုးသက်ရောက်မှု (Negative consequences) များလည်း အတိုင်းအတာ၊ ပမာဏအသီးသီးဖြင့် နောက်ဆက်တွဲ ပေါ်ပေါက်လာရပါသည်။ ပုံမှန်အားဖြင့် အောက်ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးများ ကြုံတွေ့လာရမည် ဖြစ်ပါသည်။
(၁) ဆည်ရေဝပ်မည့်အပိုင်းရှိ စိုက်ပျိုးမြေများ၊ မြို့ရွာအဆောက်အဦးများ၊ အခြားအဖိုးတန် အရင်းအမြစ်နှင့် တန်ဖိုးဖြတ်မရသော အမွေအနှစ်များ ရေနစ်ဆုံးရှုံးခြင်း။
(၂) စီမံကိန်း ဧရိယာဝန်းကျင်ရှိ ဒေသခံလူထု ပြောင်းရွှေ့ခံရပြီး လူမှုစီးပွား ဒုက္ခများခံစေရခြင်း။
(၃) မြစ်ကြောင်းအတွင်း၊ အထူးသဖြင့် မြစ်အောက်ပိုင်းတွင် ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ထိခိုက်ခြင်း။
(၄) စီမံကိန်းကို အကြောင်းပြု၍ ရောက်လာသော လူသစ်များကြောင့် ဒေသခံများ၏ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသော လူမှုစီးပွားဘဝကို ထိခိုက်လျော့ပါးခြင်း။
(၅) မြစ်ကြောင်းနှင့် ကမ်းပါးတစ်လျှောက်တွင် ရေနေသက်ရှိ၊ ငါး၊ ပုစွန်များ အပါအဝင် သဘာဝတောရိုင်း သတ္တဝါများ၏ နေထိုင်ကျက်စားနားခိုရာ နေရာများ ပျောက်ဆုံးပျက်စီးပြီး၊ ဇီဝမျိုးဇုန် ကြွယ်ဝမှုကို ကျဆင်းစေခြင်း။
(၆) ရေကာတာအောက်ပိုင်း ဧရိယာများသို့ ရေစီးဝင်မှု ပမာဏနှင့် မြစ်ရေပြင် လျော့ကျသွား သဖြင့် ထိုဧရိယာများတွင် မြေအောက်ရေကြော ဝေးသွားခြင်း။
(၇) သက်ရှိမျိုးစုံ (ရေသတ္တဝါများ အပါအဝင်) ပေါက်ဖွားမျိုးပွားရန် အလွန်အရေးကြီးသော မြစ်ဝပိုင်းရှိ ရွှံ့ညွှန်၊ အင်းအိုင်၊ လမုတောများ လျော့ပါးလာစေခြင်း။
(၈) မြစ်အထက်ပိုင်းမှ ရေချိုစီးဝင်မှု လျော့နည်းလာသည်နှင့်အမျှ ကုန်းတွင်းဘက်သို့ ပင်လယ် ရေငန်စိမ့်ဝင်နှုန်း တိုးလာပြီး မြေအောက်ရေနှင့် မြေဆီလွှာများတွင် ဆားငန်ဓါတ် တိုးလာခြင်း။
(၉) ရေဝပ်မှုနှင့် ပတ်သက်သော ကူးစက်ရောဂါများ (ဥပမာ- ငှက်ဖျား) ဒေသတွင်း ပြန့်ပွားလာခြင်း။
(၁၀) နှစ်စဉ် ရေလျှံမှုများ မရှိတော့သဖြင့် မြစ်အောက်ပိုင်းရှိ မြေနုလွင်ပြင်များတွင် မြေဆီဓါတ် တဖြည်းဖြည်းခန်းလာခြင်း။
(၁၁) ဆည်ထဲတွင် နုန်းပိုလာသဖြင့် ဆည်ရေတိမ်လာခြင်း။
(၁၂) ပူပြင်းဒေသများတွင် ဆည်ရေသွင်းစိုက်ပျိုးမှု ကာလရှည်လာသောအခါ မြင့်တက်လာသော မြေအောက်ရေမှ ဆားငွေ့ပျံပြီး မြေဆီလွှာဆားဓါတ် ပေါက်လာခြင်း။
(၁၃) အောက်ခံကျောက်များထဲ ဆည်ရေစိမ့်ဝင်ထားမှုကြောင့် ငလျှင်လှုပ်နိုင်ခြင်း။
(၁၄) ရေကာတာကျိုးပျက်သွားပါက ရုတ်ချည်းရေလွှမ်းမိုးခံရမည့် အန္တရာယ် (Flash Flood) ရှိနေခြင်း။
အထက်ပါ ဆိုးကျိုးသက်ရောက်မှုများသည် အောက်ဖော်ပြပါ သက်ရောက်ဇုန် (၅)ခုတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ကျရောက်ပါသည်။
ဆိုးကျိုးသက်ရောက်ဇုန်များမှာ -
(၁) ဆောက်လုပ်ရေး လုပ်ငန်းခွင်ဇုန် ( Construction Site Impact Zone)
(၂) ဆည်ရေလွှမ်းမိုးဇုန် (Upstream Inundation Impact Zone)
(၃) ဆည်အောက် မြစ်အောက်ပိုင်းဇုန် (Downstream Impact Zone)
(၄) ဓါတ်အားသယ်လိုင်းဇုန် (Power Transmission Line Zone)
(၅) ထောက်ပံ့လမ်းကြောင်းဇုန် (Access Road Zone) တို့ ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သော နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုအချို့သည် ဇုန်တစ်ခုတည်းတွင်သာ ဖြစ်ပေါ်သော်လည်း အချို့သည် တစ်မျိုးထက်မကသော ဇုန်းများတွင်ပါ သက်ရောက်နိုင်ပါသည်။ ဥပမာအားဖြင့် ဆိုးကျိုးသက်ရောက်မှုအမှတ် (၁)သည် ဇုန် (၁)တွင်သာ ဖြစ်ပေါ်သော်လည်း သက်ရောက်မှု အမှတ်(၂)သည် ဇုန်အားလုံးတွင် ကျရောက်နိုင်ပါသည်။ ဤသို့ဖြင့် ဇုန်အလိုက် မည်သည့်ဆိုးကျိုး သက်ရောက်မှုမျိုးများ တွေ့ကြုံရမည်ကို ကြိုတင်ကာ ဆန်းစစ်တွက်ဆ ထားနိုင်ပေသည်။
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ
လုပ်ငန်းစဉ် (၁)
ထိခိုက်နိုင်မှု အလားအလာ ကနဦးစစ်ဆေးခြင်း (Initial Environmental Examination)
လက်တွေ့ကွင်းဆင်းဆန်းစစ်မှုမတိုင်မီ စီမံကိန်းနှင့် စီမံကိန်းဧရိယာအတွက် နေရာဌါန အသီးသီးမှ ရရှိသမျှသော သက်ဆိုင်ဆက်စပ်သည့် အချက်အလက်၊ စာရင်းဇယား၊ မြေပုံ၊ ကောင်းကင်ဓါတ်ပုံ၊ ဂြိုဟ်တုပုံရိပ်၊ သတင်းအချက်အလက်၊ အထောက်အထားစာအုပ်၊ စာတမ်းများကို အသုံးပြု၍ သီအိုရီသဘောတရားများကို အခြေခံကာ လေ့လာသုံးသပ်ခြင်းဖြစ်သည်။ မည်သည့်နေရာ တွင် မည်သည့်အကြောင်းကြောင့် မည်သို့မည်ပုံ မည်၍မည်မျှ ထိခိုက်မှုရှိနိုင်သည်ကို ကြိုတင်ခန့်မှန်း တင်ပြသော desk-top study ဖြစ်သည်။ လက်တွေ့ကွင်းဆင်း ဆန်းစစ်မှုကို ထိရောက်စွာ ဆောင်ရွက် နိုင်ရေး အထောက်အကူပြုရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
လုပ်ငန်းစဉ် (၂)
ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် စစ်တမ်းကောက်ခြင်း (Baseline Data Collection)
အခြေခံအကျဆုံး၊ အရေးကြီးဆုံး၊ အကျယ်ပြန့်ဆုံး လုပ်ဆောင်ရမည့်အဆင့် ဖြစ်ပါသည်။ လုပ်ငန်းစဉ် (၁) IEE မှ လေ့လာသုံးသပ်ချက်များ၊ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းအစီအစဉ်များ၊ တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းစံညွှန်းများ၊ မူဝါဒဥပဒေများ စသည်တို့ကို အသေးစိတ်လေ့လာပြီး၊ စစ်တမ်းကောက်ယူရမည့် အချက်အလက်အမျိုးအစား၊ နည်းနိဿယ၊ ချဉ်းကပ်ပုံများကို စနစ်တကျတိကျသော အစီအစဉ်များ ရေးဆွဲချမှတ်ပြီး ကွင်းဆင်းဆောင်ရွက် မှတ်တမ်းပြုစုရသော လုပ်ငန်းဖြစ်ပါသည်။ ထိခိုက်မှုဖြစ်စဉ်များ ကျရောက်မည့် နေရာကဏ္ဍအသီးသီး တွင် စီမံကိန်းမစမီ သဘာဝပတ်ဝန်းကျင် လက်ရှိအခြေအနေ၊ စီမံကိန်းတည်ဆောက်နေစဉ် ပြောင်းလဲ လာသော အခြေအနေတို့ကို စောင့်ကြည့်မှတ်တမ်းတင်ပြီးနောက် ရရှိသော အချက်အလက်များကို လိုအပ်သလို စုစည်းထုတ်ယူနိုင်သော database စနစ်တစ်ခုလည်း တည်ဆောက်ရပါသည်။
လုပ်ငန်းစဉ် (၃)
သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု အခြေအနေကို သုံးသပ်ဖော်ထုတ်ခြင်း ( Environmental Impact Assessment – EIA)
လုပ်ငန်းစဉ် (၂)တွင်င ရရှိလာသော သတင်းနှင့် အချက်အလက်များကို အခြေခံပြီး စီမံကိန်း ကြောင့် ထိခိုက်သက်ရောက်နိုင်မှု အမျိုးအစားနှင့် ပမာဏအတိုင်းအတာအလိုက် အရေးယူဆောင် ရွက်ရမည့် ဦးစားပေးအဆင့်များ ခွဲခြား၍ ထိခိုက်သက်ရောက်မှုများ ရှောင်လွှဲရန်၊ ပပျောက်စေရန်၊ သက်သာရာရစေရန်၊ ရေရှည်မထိခိုက်စေရန်၊ စီမံဆောင်ရွက်ပေးသင့်သည့် နည်းလမ်းများ၊ လုပ်ကိုင်သင့်သည့် နည်းလမ်းများကို သုံးသပ်ဖော်ထုတ် အကြံပြုရန် ဖြစ်ပါသည်။
လုပ်ငန်းစဉ် (၄)
အကောင်အထည်ဖော် ဖြည့်ဆည်းခြင်း (Implementation)
EIA လုပ်ငန်းစဉ်မှ သုံးသပ်အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံဆောင်ရွက်ရမည့် စီမံချက်များ (Envrironmental Management Plans- EMPs)၊ လူမှုစီးပွားပတ်ဝန်းကျင် ဖြည့်ဆည်းရေး စီမံချက်များ (Social Action Plans –SAPs) ရေးဆွဲ၍ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး နည်းပညာများကို လိုအပ်သလို အသုံးချကာ ထိခိုက်သက်ရောက်မှုများကို လက်တွေ့ဖြေရှင်းဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
လုပ်ငန်းလက်တွေ့ အကောင်အထည်ဖော်သည့်ပုံစံ
ရှေ့ပိုင်းတွင် ဖော်ပြပြီးသည့်အတိုင်း လုပ်ငန်းစဉ် (၁)ဖြစ်သော ထိခိုက်နိုင်မှု အလားအလာ ကနဦး ဆန်းစစ်ခြင်း (IEE) ကိုစတင်ဆောင်ရွက်ရပါသည်။ အဓိကအားဖြင့် ရုံးခန်းစားပွဲပေါ်တွင် လုပ်ဆောင်သော ပဏမလုပ်ငန်း desk-top study ဖြစ်ပြီး အစီရင်ခံစာ ပြုစုရပါသည်။
ဤအစီရင်ခံစာ ဖော်ပြချက်၊ အကြံပြုချက်များအပေါ် အဓိကအခြေခံ၍ လုပ်ငန်းစဉ် (၂)ဖြစ် သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် စစ်တမ်းကောက်ခြင်းကို ဆောင်ရွက်ရပါသည်။ ဤလုပ် ငန်းစဉ်သည် အကျယ်ပြန့်ဆုံး၊ အချိန်အများဆုံး၊ အင်အားအများဆုံး စိုက်ထုတ်၍ စနစ်တကျ စီမံကိန်း ချ ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဖော်ပြပါ သက်ရောက်မှု ဇုန်တစ်ဇုန်စီအတွက် စစ်တမ်း ကောက်မည့် အဖွဲ့တစ်ဖွဲ့စီကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်စေရပါသည်။ ဤသို့ ဖွဲ့စည်းရာတွင် စစ်တမ်းကောက်မည့် တစ်ဖွဲ့စီသည် သက်ဆိုင်ရာဇုန်တစ်ဇုန်စီအတွက် ဆိုးကျိုးသက်ရောက်မှု အမျိုးအမည်အလိုက် လိုအပ်သောအကြောင်းအရာ၊ အချက်အလက်တို့ကို မှန်ကန်စွာ ဆန်းစစ် ကောက်ယူနိုင်ရန် အလို့ငှာ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် ကိုယ်စားပြုဆောင်ရွက်နိုင်စွမ်း ရှိသူများဖြင့် စုပေါင်းဖွဲ့စည်းထားသော Multidisplinary Team ဖြစ်ရန် လိုအပ်ပါသည်။ အဖွဲ့အသီးသီး သည် ကြိုတင်သတ်မှတ် ပြင်ဆင်ပြဌါန်းပေးထားသော စစ်တမ်းကောက်နည်း နိဿယ၊ ဇယားပုံစံများ အတိုင်း တညီတညာတည်း ကောက်ယူမှတ်တမ်းတင်ကြရပါသည်။ သို့မှသာ အဖွဲ့အသီးသီးစုဆောင်း လာသော အကြောင်းအရာအချက်အလက်တို့ကို တစ်ပုံစံတည်း ပြန်လည်စုစည်းပြီး database တည် ဆောက်နိုင်မည် ဖြစ်သည်။
ရာသီအလိုက် ကွင်းဆင်းကောက်ယူနေသည့် နည်းတူ၊ တစ်ဖက်တွင်လည်း သက်ရှိဇီဝအခြေ အနေ (အထူးသဖြင့် ငါးမျိုးများ) ပြောင်းလဲမှု၊ ရေထု အရည်အသွေးပြောင်းလဲမှု၊ လူမှုစီးပွားရေး ဘဝ ပြောင်းလဲမှု၊ ဆောက်လုပ်ရေး လုပ်ငန်းများ အဆင့်ဆင့် ဆောင်ရွက်မှုများကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ စစ်တမ်းပြုသည့် လုပ်ငန်း (Monitoring) ကို တစ်ပြိုင်နက် ဆောင်ရွက်နေရပါ သည်။
သည့်အချက်အလက်များကို ကွင်းဆင်းစစ်တမ်း အချက်အလက်များနှင့်အတူ database ထည့်သွင်း ပြုစုရပါသည်။ စုဆောင်းရရှိသော အချက်အလက်များအပေါ် သုံးသပ်၍ သက်ဆိုင်ရာ EIA ပညာရှင်အဖွဲ့က ဆိုးကျိုးသက်ရောက်မှုများကို အရေးပေါ်ပုံအလိုက် (in order of seriousness) ဦးစားပေးအဆင့်များ ခွဲခြား၍ ဆိုးကျိုးသက်ရောက်မှုများ ရှောင်လွှဲ၊ ပပျောက်၊ သက်သာရာရစေရန် စီမံဆောင်ရွက်သင့် သည့် မူဝါဒများ၊ နည်းလမ်းများ၊ လုပ်ကိုင်စံနစ်များကို အကြံပြုထားသော အစီရင်ခံစာကို ပြုစုပေးရပါ သည်။
EIA အစီရင်ခံစာ၏ သုံးသပ်ညွှန်ပြချက်များကို လက်တွေ့ဖြည့်ဆည်းပေးနိုင်မည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံချက်များ (EMPs)၊ လူမှုစီးပွား ဘဝဖြည့်ဆည်းရေး စီမံချက်များ (SAPs) ချမှတ်ကာ သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး နည်းပညာ (Environmental Engineering Technologies) များ အသုံးပြုဖြည့်ဆည်း၊ ဖြေရှင်းပေးရန်လည်း လိုအပ်ပါသည်။ သို့မှသာ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်မှု မပြုသော စီမံကိန်းကြီး တစ်ခုအဖြစ် အများက စိတ်တူညီမျှ လက်ခံပြီး ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။
ဤအချက်တွင် ဆက်စပ်တင်ပြလိုသည်မှာ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်လုပ်ငန်းများ ကုမ္ပဏီများသည် မဟာဖွံ့ဖြိုးရေး စီမံကိန်းကြီးများကို စီးပွားရေးအကျိုးအမြတ်အတွက် ဆောင်ရွက် ကြရာတွင် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီရန် စီမံကိန်းကြီးတစ်ခုလုံး ကုန်ကျစရိတ်၏ ရာနုန်းအချို့ ကို သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးအတွက် ရာထားအသုံးပြုရမည့် တာဝန်ရှိပါသည်။ စီမံကိန်းတည်ရှိရာ တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြဌာန်းချက်များကိုလည်း တိတိ ကျကျ လိုက်နာဖြည့်ဆည်းပေးရသည်။ မြန်မာပြည်သည် ဤအတွက် ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များဖြင့် မိမိတိုင်းပြည်၏ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ကာကွယ်ရန် အဆင်သင့်ဖြစ်နေ သင့်သည်။
ယခုအခါ အနောက်နိုင်ငံများသာမက အာရှအိမ်နီးချင်းနိုင်ငံများတွင်ပါ ဖွံ့ဖြိုးရေးစီမံကိန်းများ တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးပေး ပေါင်းစပ်ဆောင်ရွက် လျက် ရှိနေပြီ ဖြစ်ပါသည်။ သက်ဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီများက ဤလုပ် ငန်းများကို လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တိုင်းပြည်များရှိ တက္ကသိုလ် များမှ သဘာဝပတ်ဝန်းကျင် သုတေသနအဖွဲ့များ၏ ပံ့ပိုးပူပေါင်းမှုဖြင့် ဆောင်ရွက်ပေးကြရပါသည်။
ယခုတင်ပြခဲ့သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းပပျောက်ရေး လုပ်ငန်းစဉ်များ သည် ဖွံ့ဖြိုးရေး စီမံကိန်းများ အဟန့်အတားဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ မဟုတ်ဘဲ၊ ထိခိုက်မှုများ အနည်းဆုံးသာဖြစ်စေပြီး အကျိုးကျေးဇူးအများဆုံးဖြင့် ဖွံ့ဖြိုးရေး စီမံကိန်း ကြီးများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သော လုပ်ငန်းလမ်း စဉ်ဖြစ်သည်ဟု လက်ခံယုံကြည် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။
မူဝါဒနှင့် ဆုံးဖြတ်ချက်ချမည့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံကိန်း အကောင်အထည်ဖော်သူများ၊ ဒေသခံလူထုများနှင့် ပတ်ဝန်းကျင် မန်နေဂျာများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ၊ တာဝန်ယူမှုများ ရှိကြမှသာ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် အကြီးအကျယ်နှင့် ရေရှည်ထိခိုက်နစ်နာစေမှုများအား ရှောင်လွှဲနိုင်သော ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါသည်။ တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ထိန်းသိမ်းကာကွယ်ခြင်း သည် မိမိနိုင်ငံတော်ကို ကာကွယ်ခြင်းမည်သကဲ့သို့ လူသားများ မှီခိုရာ ကမ္ဘာကြီးကိုလည်း စောင့်ရှောက်ရာ ရောက်ကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာ ဇော်ဝင်း
စစ်တွေ တက္ကသိုလ် (၂၀၁၁ - ၂၀၁၂) ခုနှစ် နှစ်ပတ်လည် မဂ္ဂဇင်းမှ ကူးယူတင်ပြပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်