မွေးမြူရေးလုပ်ငန်းရှင်များသည် နွားတို့၏ ကြန်အင်လက္ခဏာကိုအကဲခတ်ကြည့်တတ်ပြီး အဆင့်တန်းကောင်းမကောင်း ဝေဖန်သုံးသပ်ရန်လိုအပ်သည်။ နွားများ၏ အရည်အချင်းများကို အကဲဖြတ်ရာတွင် ခန္ဓာကိုယ်အချိုးအစား အဆစ်အမြစ်တို့၏ ကောင်းခြင်း မကောင်းခြင်းကိုလည်း ကြည့်ရှု့ရမည်။ ထို့ပြင်နွားတို့၏ သဘာဝအလျောက်ကြီးထွားတတ်ပုံပါ လေ့လာသိရှိထားရမည်။ နွားတို့၏ ခန္ဓာကိုယ်နှင့် ဦးခေါင်း၊ ခြေလက်အချိုးအစားသည် အသက်အရွယ်ကိုလိုက်၍ တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲပြောင်းလဲတတ်သည်။ ဥပမာ- မွေးခါစနွားငယ်တစ်ကောင်သည် ဦးခေါင်းနှင့် ခြေထောက်များသာ ကြီးသယောင်ရှိနေပြီး တဖြည်းဖြည်းအရွယ်ရောက်သည်နှင့်အမျှ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများသည် အသားများတိုးတက်ဖွံ့ဖြိုးလာတတ်သည်။
နွား၏ခန္ဓာကိုယ်သည် အသက်အရွယ်နှင့် ကြီးပြင်းမှုနှုန်းကိုလိုက်၍ အသားစိုင်များပြောင်းလဲမှု ဖြစ်တတ်ရာ သာမန်ထက်ပို၍ လျင်မြန်စွာဖန်တီးခြင်းဖြင့် အသား၏အရည်အချင်းပိုမိုကောင်းမွန်လာစေနိုင်သည်။ ထိုသို့ပြောင်းလဲမှု ပိုမိုလျင်မြန်စေရန်မှာ အသက်ငယ်စဉ်အချိန်တွင် ဂရုစိုက်ရန်လိုအပ်သည်။ အာဟာရဓာတ်ကြွယ်ဝသော အစားများကျွေးရန်လည်း လိုအပ်သည်။ ထို့ပြင် မျိုးရိုးအဆင့်အတန်းကောင်းခြင်း မကောင်းခြင်းအပေါ်တွင်လည်း မူတည်သည်။
အသားစားနွားငယ်ကလေးများ ကြီးထွားဖွံ့ဖြိုးရေးအတွက် အောက်ပါနည်းများကို ကျင့်သုံးသင့်သည်။
- နွားငယ်ကလေးများကို အစာအပြည့်အဝကျွေး၍ ဝစေခြင်း။
- နွားလတ်အရွယ်တွင် စားကျက်သို့လွှတ်၍ စားချင်သလောက်စားစေခြင်း။
- (၂) နှစ်အရွယ် နွားကလေးများအား မြက်ကောင်းစွာကျွေး၍ ဝစေခြင်းတို့ပင်ဖြစ်သည်။
အသားစားနွားမွေးမြူသူများအတွက် စီးပွားရေးအရတွက်ခြေအကိုက်ဆုံးမှာ ကိုယ်အလေးချိန်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အမြဲတိုးတက်နေရန်နှင့် တိုးပြီးသားအလေးချိန်ပြန်ကျမသွားရန်ပင်ဖြစ်သည်။
နွေရာသီတွင် စားကျက်မှ အစာကြမ်းများရှားပါးတတ်သဖြင့် အသားတိုးနှုန်းကျဆင်းမသွားစေရန် မြက်ခြောက်၊ နွားစာချဉ်ဖတ်များ တစ်ကောင်လျှင် (၄၀) ကျပ်သားနှုန်း ဖြည့်စွက်ကျွေးသင့်သည်။ ဤနည်းအားဖြင့် အစာကိုလိုက်၍ အချို့အား(၂)နှစ်တွင် ရောင်းချနိုင်ပြီး အချို့ကိုမူ (၅-၆) နှစ်ရှိမှ ရောင်းချနိုင်သည်။
အသားစားနွားမျိုးကောင်းများတွင် အသားတိုးနှုန်းသည် မွေးသည့်အချိန်မှ (၃) နှစ်အထိ တစ်ရက်ပျမ်းမျှ (၁၄) ကျပ်သားရှိပါက ကောင်းမွန်သည်။ အထူးဂရုစိုက်ရမည့်အချက်မှာ နောက်ဆုံးအသားတိုးကျွေးချိန်တွင် ဝေးလံစွာ သွားရခြင်း၊ စားကျက် မြေကျယ်ပြန့်စွာသွားမှ အစာကြမ်းလုံလောက်ခြင်း မဖြစ်ပေါ်စေရန် ပြုလုပ်ပေးရမည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊နွား မွေးမြူနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။