အလွယ်ကူဆုံး စိုက်ပျိုးစီးပွားကောက်နုတ်ချက်များ

19/02/2020 12:30 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အားလုံးပဲမင်္ဂလာပါ

   စိုက်ပျိုးရေးလုပ်ငန်းမှာအမြတ်အစွန်းအမြဲရရှိဖို့ စီးပွားရေး ပညာရှင်တွေရဲ့ မဟာဗျူဟာတွေကို စာဖတ်သူတို့ မကြာခဏ ဖတ်ဖူးကြပါလိမ့်မယ်။ အချို့ကတော့ ဆီလျော်အောင် ဘာသာပြန်ရေးသားကြပြီး အချို့သောအသုံးအနှုန်းတွေက လက်ရှိလောကနဲ့ ပိုမိုဝေးကွာသွားစေနိုင်ပါတယ်။ ထို့အတွက်ကြောင့် စိုက်ပျိုးစီးပွား အခြေခံမိတ်ဆက် အကြောင်းအရာအချို့ကို အလွယ်ကူအရှင်းလင်းဆုံးရေးသားဖို့ အကြံရလာခဲ့ခြင်းဖြစ်ပါတယ်။ အဓိကရေးသားထားတာတွေကတော့ အရှုံးနည်းအောင် ဘယ်လိုစိုက်ပျိုးကြမလဲဆိုတာဖြစ်ပါတယ်။ ပထမဦးစွာ စာရေးသူက စိုက်ပျိုးစီးပွားနယ်ပယ်အထူးပြုမဟုတ်တာတော့ ၀န်ခံပါရစေ။ သို့သော် စိုက်ပျိုးရေးဘွဲ့ရတစ်ဦးအနေနှင့် သိသင့်သိထိုက်သမျှ တတ်မှတ်ထားသည်ကို ဥပမာအချို့နဲ့ ဘာသာပြန်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

   စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအတွက် အရင်းအနှီး ပထမဦးစွာ စိုက်ထုတ်ဖို့ လိုအပ်ပါတယ်၊ ထိုအရင်းအနှီးဟာ ကာယ ဉာဏ်ပညာထက် အခြားသောအရင်းအနှီးများစွာ ပါနိုင်ပါတယ်။ စိုက်ပျိုးရေးလုပ်ကြတာနဲ့ မိမိရင်းနှီးလိုက်ရတဲ့ အရင်းအနှီးဟာ ကိန်းသေအရင်းနှီး အများဆုံး ဖြစ်တတ်ပါတယ်။ ဥပမာ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်သူမဟုတ်ခဲ့ရင် ကိုယ်ပိုင်စတင်စိုက်ပျိုးရန် သို့မဟုတ် အငှားစိုက်ပျိုးရန် မြေလိုအပ်ပါတယ်။ စိုက်ပျိုးဖို့ မြေ၀ယ်လိုက်တယ်။ မြေ၀ယ်လိုက်တာက ပထမအရင်းအနှီးပါ။ မြေ၀ယ်ပြီး ပစ်ထားရင် ကိုယ်ကအရှုံးပေါ် ငွေအိပ်သွားပါတယ်။ ထို့ကြောင့် ပထမအရင်းအနှီးဟာ မြတ်မမြတ်မသိပေမယ့် လတ်တလော ကုန်ဆုံးသွားတဲ့ငွေပမာဏ(ကိန်းသေ)လို့ အလွယ်ခေါ်ဆိုနိုင်ပါတယ်။ 

   ထိုနေရာမှာ လိုအပ်တာ (Need) လား လိုချင်တာ (Want) လားဆိုတာ စဉ်းစားဖို့လိုအပ်ပါမယ်။ ဥပမာ မိမိလယ်အတွက် ထွန်စက်တစ်စီး ၀ယ်ချင်နေတယ်။ သို့သော် မ၀ယ်လည်း ရသေးတယ်ဆိုတဲ့ အခြေအနေတစ်ခုမှာဆိုရင် ငှားပြီးသုံးလိုက်တာ အဆင်ပြေဆုံးပေါ့။ စိုက်ပျိုးမြေလဲ ထို့အတူပါပဲ။ မိမိမှာ ပိုင်ဆိုင်တဲ့ ငွေကြေးပမာဏကို ချိန်ကိုက်ပြီး ၀ယ်မလား ငှားစိုက်မလား ဒါက အဓိကကျပါတယ်။ တစ်ချို့က စိုက်ပျိုးချင်ကြတယ်။ ဒါပေမယ့် မိမိရဲ့ရည်ရွယ်ချက်ဟာ အမြတ်အစွန်းရဖို့ အဓိကဆိုတာကို မေ့လျော့သွားတတ်ကြတယ်။ ပိုက်ဆံပေါလို့ အပျင်းပြေစိုက်ချင်သပဆိုရင် ပန်းအလှသာ စိုက်ပါလေ။ အဲ့အဆင့်ပြီးလို့ စိုက်ပျိုးကြမည်ဆိုပါစို့ ။ 

    ဘာစိုက်ကြမှာလဲ? ဒီလိုမေးလာခဲ့ရင် အမြတ်များတာပဲ စိုက်မယ်လို့ ဖြေသူက ၈၀% ရှိမှာ အမှန်ဖြစ်ပါတယ်။ စီးပွားရေးကျကျ စဉ်းစားကြည့်ကြရအောင်။ 

    ဥပမာ စာရေးသူက စပျစ်ပင်စိုက်မယ်ဆိုပါတော့။ စပြီးလုပ်မယ့်အလုပ်မှာ မကျွမ်းကျင်သေးတဲ့အတွက် အမြတ်များများ ရမယ်ထင်ပြီး ပထမဆုံးအသုတ်မှာ ဧကများစွာစိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကိုယ်စိုက်ပျိုးမယ့်သီးနှံရဲ့ လက်ရှိဈေးကွက် တည်ငြိမ်ရဲ့လား၊ စားသုံးသူအနေအထား ဘယ်လောက်ရှိတာလဲ၊ ဒါ့အပြင် ဈေးကောင်းရတဲ့အချိန်တွေက တစ်နှစ်မှာ ဘယ်အချိန်တွေ ရတတ်တာလဲ  စသည်ဖြင့် အကုန်လေ့လာသင့်ပါတယ်။ စာရေးသူ ပြေးပြီးသတိရမိတာက မိမိကိုယ်တွေ့ကြုံဖူးတာလေးကိုပါ။ လွန်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ခန့်က ခွေးလျားသီးအဆံ/ အစေ့တွေနိူင်ငံခြားဈေးကွက်ရတယ်ကြားလို့ အိမ်နဲ့ကပ်ရပ်ခြံမှာ အများအပြားစိုက်မိလိုက်ပါတယ်။ နွယ်တက်ပင်အမျိုးအစားဖြစ်‌လို့ ရှုပ်တာလည်း တော်တော်သည်းခံလိုက်ရပါတယ်။ မှတ်မှတ်ရရ အားလုံးနီးပါး ဆွတ်ပြီး ပြည်တောင်းနဲ့ ခြင်တွယ်ရောင်းမယ့်အချိန်မှာ အခြားမြို့ကြီးက လာ၀ယ်သူတွေ မရှိသလောက်ကို ရှားသွားပါတယ်။ အရင်အချိန် အခြားသူတွေရောင်းကြတုန်းက ဘယ်သူက လာ၀ယ်တယ်ဆိုတာလဲ သေချာမသိခဲ့ရပါဘူး။ ဒီအကြောင်းအရာကို အဓိကပြောချင်တာကတော့ ဈေးကွက်ပါ။ ကိုယ်စိုက်ပျိုးမယ့် သီးနှံဟာ ဈေးကွက်အမြဲကောင်းနေတာလား၊ အသံကြားဈေးကွက် ဖြစ်နေတာလား၊ တစ်ခါတလေပဲ ထကောင်းတာလား စသည်ဖြင့် ချိန်ညှိစိုက်ပျိုးရပါမယ်။ ဒါ့အပြင် စိုက်ပျိုးတဲ့သီးနှံဟာ ဒေသအပေါ်မှာ မူတည်ပါသေးတယ်။ ဥပမာ ရန်ကုန်မှာ ကန်စွန်းရွက် ၁ စည်း နှစ်ရာကျပ်ဖြစ်နိုင်ပေမယ့် နယ်ဘက်မှာဆို ၅၀ ဖိုးကို လေးစည်းလောက် ရချင်ရနိုင်ပါသေးတယ်။ ဒါကဥပမာပါ။ အဲ့ဒီတော့ စာဖတ်သူက နယ်ကနေ စိုက်ပြီးပို့မယ် လုပ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ပုပ်သိုးဆွေးမြေ့လွယ်စေတဲ့ အစားအစာ အသီးအရွက် အုပ်စုဝင်တွေဖြစ်တဲ့အတွက် ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ငွေပမာဏ ဖေါင်းပွသေးငယ်တဲ့အတွက် ဖြစ်ပါတယ်။ လမ်းမှာ ကားသယ်တဲ့အတွက် ရန်ကုန်ရောက်တဲ့အခါ သယ်ယူခတွေ တက်လာမယ်။ နွမ်းသွားတဲ့အတွက် မလတ်ဆတ်တော့ ဘယ်သူမှ မ၀ယ်ကြတော့ပါဘူး။ ဒါ့အပြင် ကုန်ပစ္စည်းရဲ့ ငွေအရှိန်အဝါသေးတဲ့အတွက် လွယ်လွယ်ပြောရရင် "ဘယ်လောက်ကွာတာ မှတ်လို့ " ဆိုပြီး ဖြစ်သွားမယ် ။

    ဒါက ရန်ကုန်ကိုပို့မယ့် ကန်စွန်းရွက် ဥပမာပါ။ အခြားသော သီးနှံတွေကိုလည်း ယခုပြောသလို ချိန်ထိုးနှိုင်းယှဉ်ကြည့်ပါ။ ဒါပေမယ့် ဒေသရွေးတဲ့သီးနှံဟာ အမြဲ ဈေးကွက်ခိုင်တယ်ဆိုတာ သတိပြုပါ။ ဥပမာ မက်မန်းနဲ့ စတော်ဘယ်ရီစတဲ့ သစ်သီးတွေဟာ မြန်မာပြည်အနှံ့စားသုံးကြပေမယ့် အပူချိန်ကွဲပြားမှုအရ တောင်ပေါ်ဒေသတစ်ခုမှာပဲ စိုက်လို့ရနိုင်ပါတယ်။နေ‌ရာတိုင်း စိုက်သူမရှိတဲ့အခါ ဈေးကွက်ဟာ စိုက်ပျိုးသူရဲ့ သတ်မှတ်ဈေး အဖြစ်များနိုင်ပါတယ်။

   ပြည်ပဈေးကွက်ဟာလည်း ခိုင်မှာတဲ့ချုပ်ဆိုမှုမရှိတဲ့ ဈေးကွက်မှာ အရှုံးအမြဲပေါ်နိုင်ပါတယ်။ ဥပမာ ယခု ဖရဲ၊ သခွားဈေးကွက်ကိုကြည့်ပါ။ ဒါ့အပြင် ၀ယ်သူနဲ့ ရောင်းသူမှာ ရောင်းသူများလာတဲ့အခါ ၀ယ်သူရဲ့ပါးစပ်ဟာ ဈေးဖြစ်သွားနိုင်ပါတယ်။ အပြန်အလှန်ပါပဲ။ ၀ယ်သူများပြီး ပစ္စည်းရှားရင် ဈေးကအမြဲတက်နေမှာပါ။ (ယခုခေတ်စားနေတဲ့ ‌လေမှကူးစက်ရောဂါတွေကာကွယ်ဖို့ နှာခေါင်းစွပ် (mask) တွေ ဈေးတက်သွားသလိုမျိုးပါပဲ)။ထို့ကြောင့် သီးနှံတစ်မျိုးစိုက်ပျိုးမယ်ဆိုရင် ခိုင်မာတဲ့ဈေးကွက်ကို အရင်ရယူပါ။ သို့မဟုတ် Locally (မိမိနယ်မှာ) အရောင်းသွက်စေမယ့် စိုက်ပျိုးစီးပွားနယ်ပယ်တစ်ခုကို အရယူပါ။ ဥပမာ မိမိနယ်က ကွမ်းရွက်စိုက်ပျိုးသူရှားတယ်။ သို့ပေမယ့် အခြားမြို့က တင်သွင်းရတဲ့ကွမ်းရွက်က ဈေးများနေရင် မိမိကိုယ်တိုင် စိုက်၊ ကိုယ့်နယ်မှာ ဈေးလျှော့ရောင်း၊ ဒီလိုဆိုရင် ကံသင့်တဲ့အခါ ဈေးကောင်းတောင်ရနိုင်ပါသေးတယ်။ ဘာလို့လဲဆိုရင် ကွမ်းယာက တစ်နိုင်ငံလုံးစားကြတဲ့အရာ ဖြစ်လို့ပါပဲ။ ဟဲဟဲ ဒါပေမယ့် ကွမ်းစိုက်တိုင်း ချမ်းသာမှာ သေချာပေါက်လို့ အာမမခံနိုင်ဘူး၊ ရာသီဥတုရှိမယ်။ 

   ယှဉ်ပြိုင်သူများတဲ့အခါ ဈေးကွက်ကျမယ်၊ အဖျက်ပိုးကြောင့် ကွာလတီကျ ဈေးနှုန်းကျရင် ရှုံးနိုင်ပါတယ်။ ထို့ကြောင့် ဘယ်သီးနှံ စိုက်စိုက် ဈေးကွက်ကိုသိပြီးစိုက်ရင် အရှုံးနည်းမှာတော့ အသေအချာပါပဲ။ ကျွန်တော့ရဲ့ ထင်မြင်ယူဆ သုံးသပ်ချက်အချို့ဖြစ်ပါတယ်။အခါအားလျော်စွာ အချိန်ရခဲ့ရင် အပိုင်း (၂) မှာ ဆက်လက်ဖေါ်ပြပေးသွားပါ့မယ်။ 

တောင်သူဦးကြီးများ အကျိုးစီးပွားတိုးတက်ကြပါစေ

ပြည့်ဖြိုးသော်  B.Agr.Sc (Soil and Water Science)