ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်အံတုခြင်း

22/01/2018 16:00 PM တွင် Myanmar Now Myanmar Now မှ ရေးသား

နှစ်စဉ် ရာသီဥတုဖျက်လို့ သီးနှံပျက်စီးရတာတွေ လျော့ကျသွားစေမယ့်နည်းလမ်းတချို့ ရှိနေပါတယ်

မြစ်သား၊ ကျောက်ဆည် (Myanmar Now) - အသားညိုညို၊ ပိန်ပိန်ပါးပါး ကိုတင်ဆွေဟာ မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်က သူ့အိမ်ရှေ့ ခုံတန်းရှည်မှာထိုင်ပြီး ထုံးတို့ထားတဲ့ကွမ်းရွက်ပေါ် ဆေးရွက်ကြီးနဲ့ ကွမ်းသီးစိတ်နည်းနည်း ထည့်လိုက်ပါတယ်။

အဲဒီနောက် ယာထားတဲ့ကွမ်းကို ပါးစောင်ထဲထည့်ငုံလိုက်ပြီးမှ သူ့ရဲ့စိုက်ပျိုးရေးလုပ်ငန်း အဖြစ်ဆိုးနဲ့ကြုံရပြီး အရှုံးကြီးမားခဲ့ပုံကို ရှင်းပြပါတယ်။ ၁ဝ ဧက အကျယ်ရှိတဲ့ သူ့ရဲ့နှမ်းခင်းဟာ မိုးရာသီမရောက်ခင် ရက်အတန်ကြာရွာ မိုးရွာတာနဲ့ ကြံုရအပြီး ရေလွှမ်းခံလိုက်ရတာပါ။

“ကျွန်တော်တို့ ရင်းခဲ့ရတာက ထယ်စက်မောင်းတာရော၊ မျိုးဖိုးရော အားလုံးပေါင်းရင် တစ်ဧက ငါးသောင်းကျော်တယ်။ ဆယ်ဧကဆိုတော့ ငါးသိန်းကျော်တယ်” လို့ ကွမ်းငုံထားတဲ့ ကိုတင်ဆွေက အာလုပ်သံနဲ့ ခပ်ဖြည်းဖြည်း ပြောလိုက်ပါတယ်။

အပြောင်းအလဲများလာတဲ့ ရာသီဥတုကြောင့် အချိန်အခါမဟုတ် မိုးရွာမှု၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အကြီးအကျယ် ဆုံးရှုံးနေရတယ်လို့ ကိုတင်ဆွေ အပါအဝင် မြန်မာပြည်အလယ်ပိုင်း မြစ်သား၊ ကျောက်ဆည်မြို့နယ်တွေက လယ်သမားများက ဆိုပါတယ်။ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဌာနရဲ့ မှတ်တမ်းတွေအရ ဆိုရင် မြို့နယ်အတွင်း နွေရာသီနှမ်း ၃၁,၆၅၂ ဧက စိုက်ပျိုးခဲ့ရာမှာ မိုးကြောင့် ထိခိုက်သွားတာ ဧက ၄,၈ဝဝ ကျော် ရှိခဲ့တာပါ။

စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသတွင်းက တတ်ကျွမ်းနားလည်သူတို့ကတော့ ဖောက်ပြန်တဲ့ရာသီဥတုကို အထိုက်အလျောက် အံတု ရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ ရှိတဲ့အတွက် သတိထား လိုက်နာရင် ဆုံးရှုံးမှု နည်းပါးနိုင်တယ်လို့ ပြောကြပါတယ်။

စိုက်ပျိုးရေးဌာနရဲ့ အထောက်အကူ

ဒီနှစ်ထဲ တောင်သူတွေ စပါးအစား နှမ်းကို ပြောင်းလဲစိုက်ပျိုးကြတဲ့ အကြောင်းရင်းတွေထဲမှာ ပျိုးထောင်ရေ အချိန်မီမရတဲ့အချက်လည်း ပါဝင်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက သုံးသပ်ပါတယ်။

“လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဆည်ရေကို များများ မပေးနိုင်ခဲ့တော့ ဒီနှစ်လည်း ရေမမှန်ပါဘူးဆိုပြီး တောင်သူတွေက နှမ်းပဲစိုက်ကြရော။ ချိုင့်ကျလို့ နှစ်စဉ်ရေထိတဲ့နေရာတွေကတောင် နှမ်းပဲစိုက်လိုက်ကြတာနဲ့ အခုလို ထိခိုက်ပျက်စီးအရမ်းများခဲ့တာ” လို့ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ လွှတ်တော် ကိုယ်စားလှယ်က ဆိုပါတယ်။

ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီအောင်ကတော့ ဟိုတုန်းက ဒီဒေသမှာ နွေစပါးစိုက်ဧက နှစ်သောင်းကျော်၊ နွေနှမ်းဧက နှစ်သောင်းကျော်အထိ ဆည်ရေပေးဝေနိုင်ခဲ့တယ်၊ ရာသီဥတုကြောင့် ဆည်ရေ မရရှိတော့တဲ့နောက်ပိုင်း နွေရာသီမှာ နွေစပါး ဧက ခြောက်ထောင်ကျော်အထိပဲ ရေပေးဝေနိုင်တော့တယ်လို့ ဆိုပါတယ်။

ယခင်နှစ်ကဆိုရင် နှမ်းခင်းအပြင် ပဲတီစိမ်းစိုက်ခင်းတွေပါ ပျက်စီးတယ်၊ တောင်သူတွေကို မျိုးစေ့ အခမဲ့ ထောက်ပံ့ခဲ့ဖူးတယ်၊ ဒီနှစ်မှာလည်း လုံးဝပျက်စီးသွားတဲ့ စိုက်ဧရိယာ ပမာဏကို အတိအကျ ကောက်ခံရရှိလာမယ် ဆိုရင် အထက်ကို တင်ပြပြီး ထောက်ပံ့ပေးမယ့် အစီအစဉ်တွေ ဖြစ်လာနိုင်တယ်လို့ ဒေါ်ကေသီအောင်က ပြောပါတယ်။

ထိခိုက်စာရင်းကို အချိန်တိုအတွင်းရဖို့ မဖြစ်နိုင်ဘူးလို့ ကျောက်ဆည်၊ ပေါင်းလောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံငွေက ပြောပါတယ်။ စိုက်ပျိုးရေးဌာနကို အစီရင်ခံရာမှာ ရွာနယ်နိမိတ်ထဲက လုံးဝ ပျက်စီးသွားရတဲ့ နှမ်းခင်းဧက စာရင်းအတိအကျ မထည့်သွင်းနိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

“သူတို့က ချက်ချင်း တင်ပါ တဲ့၊ ရက်မစောင့်နိုင်ဘူး တဲ့၊ အဲ့ဒါနဲ့ သိသလောက်လေး စာရင်းလုပ်တင်လိုက်ရတာ” လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးပြောသလို သီးနှံပျက်စီးပေမယ့် ဌာနဆိုင်ရာရဲ့ အထောက်အပံ့ မရသေးတဲ့ ကျေးရွာတွေ ရှိနေသေးတာကိုလည်း Myanmar Now ရဲ့ ကွင်းဆင်းလေ့လာမှုတွေမှာ တွေ့ရပါတယ်။
မြစ်သားမြို့နယ်၊ တေစိုးကျေးရွာက တောင်သူ ကိုဇော်နိုင်ကလည်း သူတို့ရွာကို ကူညီထောက်ပံ့မှု ရောက်မလာသေးဘူးလို့ ဆိုပါတယ်။

“ကောက်ဆိုလို့သာ ကျွန်တော်တို့လည်း စာရင်းပေးလိုက်ရတာပါဗျ။ ကျွန်တော်တို့ တေစိုးရွာဆိုရင် နှစ်စဉ် တစ်သီးမဟုတ် တစ်သီး ထိခိုက်နေကျပဲ။ တစ်ခါမှလည်း ဌာနဆိုင်ရာက ထောက်ပံ့ပေးတယ်ဆိုတာ မရခဲ့ဖူးပါဘူးဗျ။ တခြားနေရာတွေမှာရတယ် ဆိုတာတော့ ကြားမိတာပဲ” လို့ ကိုဇော်နိုင်က ပြောပါတယ်။

“အရင်နှစ်တွေကဆို တင်ဆိုရင်တောင် မတင်ဘူး။ ဒီနှစ်မှ တင်လိုက်တာ”

စိုက်ပျိုးနည်းစနစ်

ကျောက်ဆည်မြို့နယ်နဲ့၊ မြစ်သားမြို့နယ်ထဲက ကျေးရွာ တချို့မှာ နေထိုင်သူတွေကတော့ ကနေ့ အချိန်အထိ စိုက်ပျိုးရေးဌာနရဲ့ နည်းပညာပံ့ပိုးပေးမှုကို မရရှိကြသေးဘူးလို့ ပြောပါတယ်၊ ကုမ္ပဏီတချို့ရဲ့ ပညာပေး ဟောပြောပွဲ၊ နီးစပ်ရာ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေရဲ့ အကူအညီနဲ့သာ စိုက်ပျိုးရေး ဗဟုသုတတွေ ရနေကြတာလို့ ဆိုလာတဲ့ တောင်သူတွေထဲက တစ်ယောက်ကတော့ ကျောက်ဆည်၊ ပဲခင်းကျေးရွာသား ကိုမောင်ရွှေပါပဲ။

"ကျွန်တော်တို့ စိုက်ခင်းတွေမှာ ဘာဖြစ်နေပြီ ဆိုတာကို အပင်နမူနာလေး ယူပြီး ပိုးသတ်ဆေးဆိုင်တွေကို သွားပြ၊ သူတို့က ဘာဆေးသုံးပါ ဆိုပြီးညွှန်း၊ ဒါပဲရှိတာ” လို့ ကိုမောင်ရွှေက ဆိုပါတယ်။
“ကျွန်တော့်နှမ်းခင်းတွေက ကုန်းကျတဲ့အတွက် ဒီနှစ်မိုးများချိန် မပျက်စီးတဲ့အပြင် အထွက်နှုန်းတောင် မနှစ်ကထက် ပိုကောင်းမယ့် အခြေအနေရှိတယ်"

မေလအတွင်း တွေ့ရတာကတော့ နှမ်းခင်းတွေထဲမှာ ပက်ကျဲစိုက်နည်း၊ ဘောင်တန်းစိုက်နည်းနဲ့ ကြိုးတန်းစိုက်နည်းတွေကို တစ်ရွာနဲ့တစ်ရွာ မတူညီဘဲ စိုက်ပျိုးနေကြခြင်းပါပဲ။ ဒီလိုဖြစ်နေတာက တောင်သူရော၊ နည်းပညာထောက်ပံ့ပေးကြသူ နှစ်ဘက်လုံးမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက သုံးသပ်ပြပါတယ်။

“စိုက်ပျိုးရေးဌာနက တောင်သူတွေကို စပါးဆိုလည်း သက်တမ်းအလိုက် မျိုးတွေ၊ ပေါင်းဆေးတွေနဲ့ စိုက်နည်းပညာပေးတယ်။ ခက်တာက တောင်သူတွေက မလာကြဘူး။ လာကြတဲ့ တောင်သူတွေကလည်း ဟိုပွဲလည်း ဒီလူ၊ ဒီပွဲလည်း ဒီလူပဲလာကြသလိုဖြစ်နေတာ” လို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“ဝန်ထမ်းဆိုတာလည်း ခေါ်လို့ရသူကိုပဲ ထပ်ခေါ်တယ်။ မသိကြသေးတဲ့ တောင်သူတွေရဲ့ နေရာအထိ စိုက်ပျိုးရေးဌာနကလည်း မသွားနိုင်။ တောင်သူတွေမှာလည်း ငါတို့အထွက်တိုးနှုန်းတွေက စိုက်နည်းပညာပေါ် မူတည်တယ်ဆိုတဲ့ အသိ မရှိကြဘူး”

စိုက်ပျိုးရေးဌာန အရာရှိ ဒေါ်ကေသီအောင်ကတော့ ဌာနအနေနဲ့ ရာသီအလိုက်၊ ရွာအနှံ့ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲတွေ လုပ်ပေမယ့် တချို့တောင်သူတွေက လိုက်မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။

တချို့တောင်သူတွေကလည်း စိုက်ပျိုးရေးနည်းစနစ်တွေကို သိပေမယ့် လုပ်သားရှားပါး၊ ငွေကြေးအင်အား မတတ်နိုင်တဲ့ အခက်အခဲတွေ ရှိကြတယ်လို့ စိုက်ပျိုးရေးအရာရှိက ပြောပါတယ်။
“လယ်ယာတွေထက် စက်ရုံတွေ၊ ဆိုင်တွေမှာ ဝင်လုပ်ကြတော့ လုပ်သားငှားဖို့ ရှားလာတယ်။ အဲ့ဒီတော့ စိုက်နည်းပညာ စိတ်ဝင်စားပေမယ့် တချို့တောင်သူတွေက လိုက်မလုပ်နိုင်ကြတော့ဘူး။ နည်းစနစ်တကျ စိုက်မယ်ဆိုရင် နှမ်းက တစ်ဧကကို ၂၆ တင်း၊ ၂၇ တင်းလောက်အထိ ထွက်ပါတယ်” လို့ ဒေါ်ကေသီအောင်က ရှင်းပြပါတယ်။

“ကျွန်မတို့က မပေးတာ မဟုတ်ဘူး။ ရာသီတိုင်းမှာ ရွာတိုင်းကို ဆွေးနွေးပွဲတွေလုပ်တယ်။ နှမ်းဆိုလည်း ဘောင်နဲ့သေချာစိုက်မယ်၊ ရေသွင်း၊ ရေထုတ်မြောင်းတွေနဲ့ သေချာစိုက်မယ်ဆိုရင် နှမ်းက ဒီလောက် ပျက်စီးထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် စာသင်သလိုပဲ၊ လက်ခံတဲ့သူကရတယ်။ လက်မခံတဲ့သူက မရဘူးပေါ့”

ထိခိုက်ပျက်စီးမှု များရတာကလည်း မြေအနေအထားနဲ့ စိုက်ပျိုးရေးနည်းစနစ်တွေပေါ် အများကြီး မူတည်တဲ့အတွက် စိုက်ပျိုးရေးဌာနအရာရှိများ၊ သင်တန်းနဲ့ဆွေးနွေးပွဲတွေ တက်ရောက် လေ့လာထားသူများနဲ့ တိုင်ပင်ပြီး လုပ်ကိုင်သင့်တယ်လို့ အကြံပြုလိုကြောင်း ဒေါ်ကေသီအောင်က ပြောတယ်။

မြစ်သားက တောင်သူကိုဇော်နိုင်ကတော့ စိုက်ပျိုးရေးနည်းလမ်းဟောင်းကို ပစ်ပယ်ဖို့ ခက်ခဲနေသူပါ။

“ရေဒဏ်ခံနိုင်တဲ့သီးနှံ ပြောင်းစိုက်လို့တော့ တချို့ကပြောပါတယ်။ ကျွန်တော်တို့ကသာ ကိုယ်စိုက်မြဲစိုက်နေကြကိုပဲ စိုက်ကြတာ”လို့ ကိုဇော်နိုင်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက လာမယ့်နှစ်တွေမှာလည်း မိုးကပြန်ကောင်းလာမယ် ဆိုရင်တော့ ချိုင့်ကျတဲ့နေရာတွေမှာ နှမ်းအစား တခြားသီးနှံပြောင်းစိုက်ဖို့ တိုက်တွန်းပါတယ်။
"ရာသီဥတုကြောင့် နှမ်းခင်းတွေ ထိခိုက်ပျက်စီးရတာကို ဘယ်လိုမှ ကာကွယ်လို့မရဘူးဗျ။ ဒီအတိုင်း တောာင်သူတွေမှာ ထိုင်ကြည့်နေရုံပဲရှိမယ်။ မိုးဒဏ်ရေဒဏ် ခံနိုင်မယ့် မိုးကြိုစပါး(နွေစပါး) မျိုးကို ပြောင်းစိုက်ကြဖို့ ကျွန်တော်တို့ တောင်သူတွေကို စည်းရုံးရမှာပေါ့" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောပါတယ်။

"အရင်မိုးခေါင်တုန်းက နှမ်းစိုက်တာ ကိစ္စမရှိပေမယ့် အခုလို မိုးပြန်များလာမယ်ဆိုရင်တော့ ပြောင်းကို ပြောင်းမှ ရတော့မယ်" လို့ ဦးရဲမင်းထွန်းက ပြောလိုက်ပါတယ်။ ။

ထက်ခေါင်လင်း/ Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်