ကြက်အမွှေးဆိတ်ရခြင်းအကြောင်းတရားများနှင့် ဖြေလျော့နိုင်မည့်နည်းများ

10/10/2021 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    အမွေးဆိတ်ခြင်းနှင့် အသားစားခြင်းအလေ့အထ၏ ဖြစ်နိုင်ဖွယ်ရှိသော အကြောင်းအရာများစွာရှိသည်ကို ဖော်ပြလိုက်ပါရစေ။

ကြက်များ သိပ်သည်စွာထားခြင်း 

    ကြက်များကို လုံလောက်သော နေရာအကျယ်အ၀န်းမပေးဘဲ မွေးမြူသောအခါ stress ရစေခြင်း၊ အစာရေစာလုယက်စားသောက်ရာမှ တစ်ကောင်ကိုတစ်ကောင် ဆိတ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

အပူလွန်ကဲခြင်း 

    ကြက်ခြံတွင် အပူလွန်ကဲပါက stress ရခြင်း၊ သက်တောင့်သက်သာမရှိခြင်းတို့က အမွှေးဆိတ်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အပူသက်သာစေရန် မျက်နှာကျက်တပ်ဆင်ပေးခြင်း၊ လေပန်ကာတပ်ဆင်ခြင်း၊ သောက်ရေတွင် ရေခဲထည့်၍ သောက်ရေကို အေးမျှစေခြင်းဖြင့် အပူကိုသက်သာစေကာ အမွေးဆိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။

အလင်းရောင်များစွာပေးခြင်း

    အလင်းရောင် လုံလောက်စွာနှင့် ကြာမြင့်စွာပေးခြင်းသည် ကြက်ဥထုတ်လုပ်မှု ထိန်းထားနိုင်ရန် အလွန်အရေးကြီးသော အကြောင်းအရာဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် နေ့တာတိုတတ်ရာ လျှပ်စစ်မီးဖြင့် အလင်းရောင်ပေးရပါသည်။ အကောင်းဆုံးမှာ နေ့အလင်းရောင် (day light) ကဲ့သို့ အလင်းရောင်မျိုး ဖြစ်သင့်သည်။

    သို့ရာတွင် ဥကြက်များအတွက် အလင်းရောင်အလွန်စူးခြင်း၊ (15 lux ထက်ပိုခြင်း) အချိန်အားဖြင့် နေ့ ညပေါင်း ၁၆ နာရီထက်များခြင်းက ပြဿနာကိုဖြစ်စေသည်။ ထိုအခါ ဆိတ်ခြင်းကို အားပေးရာရောက်ပါသည်။ red bulb (အနီရောင်မီးလုံး ) ဖြင့် အလင်းပေးခြင်းသည် ဆိတ်ခြင်းကိုသက်သာစေသည်။

မဆီလျှော်သောအာဟာရ

    သန့်ရှင်းလတ်ဆတ်သော ရေနှင့် အစာတို့ကို တိုက်ကျွေးခြင်းဖြင့် ကြက်တို့ကျန်းမာရေး ကောင်းစေပါသည်။

    အချို့သော အာဟာရအကြောင်းအရာများသည် အမွှေးဆိတ်ခြင်းကို အားပေးပါသည်။ ဥပမာ ဆိုဒိယမ်နှင့် ဖော့စဖောရပ်စ်လျှော့နည်းလျှင် အမွှေးဆိတ်ခြင်းကို ဖြစ်စေသည်။ အစာတွင် Energy များခြင်း၊ အမျှင်ဓာတ်နည်းခြင်းသည်လည်း ကြက်တို့ကိုရန်လိုစေသည်။ အလားတူ အသားဓါတ်ဖြစ်သော methionine, typtophan လျှော့နည်းခြင်းသည်လည်း အမွှေးဆိတ်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အာဟာရမျှတစွာကျွေးမွေးရန် လိုပါသည်။ ပုံမှန်အားဖြင့် ကြက်တို့သည် ၄င်းတို့နိုးထချိန်၏ ၅၀-၆၀% သောအချိန်မှာ အစာစာခြင်းဖြင့် ကုန်လွန်စေပါသည်။

​    ထို့ကြောင့် ဥကြက်မများကို အစာတောင့်ကျွေးခြင်းသည် စားနှုန်းမြန်စေပြီး အခြားကြက်များကို နှောက်ယှက်ထိုးဆိတ်တတ်သည်။ ထိုအခါမျိုးတွင် အစာတောင့်အစား အစာမှုန့် (mash) ကို ကျွေးခြင်းဖြင့် အမွှေးဆိတ်ခြင်းကို လျှော့ချနိုင်ပါသည်။ 

ကြက်များအတူရောနှောထားခြင်း 

    မျိုးဗီဇ၊ အသက်အရွယ်၊ အရောင်အသွေး၊ အရွယ်အစားမတူသည့် ကြက်များကို အတူရောနှောထားလျှင် တစ်ကောင်ကိုတစ်ကောင် ရန်လိုအနိုင်ကျင့်တတ်ပါသည်။ ကြက်ကြီးမျိုးထက် ကြက်ငယ်မျိုးက ရန်လိုတတ်မှုများသည်။

အသေကောင်

    ကြက်တို့သည် နှုတ်သီးဖြင့်ဆိတ်ကာ စပ်စုတတ်သော အမူအကျင့်ရှိသည်။ ခြံတွင်း ပီနံအိတ်ခွံများကိုပင် ထိုးဆိတ်ကာ ဖွာရာကျဲနေအောင် ပြုလေ့ရှိသည်။ အကယ်၍ ၄င်းတို့အနီးတွင် အခြားကြက်သေကောင်ရှိလျှင်သော်လည်းကောင်း၊ မကျန်းမာသောကြက် ရှိနေလျှင်သော်လည်းကောင်း ဆိတ်ရာမှ အသားများကိုပင် စားသောက်တတ်သည်။ ထို့ကြောင့် နာမကျန်းကြက်များ အသေကောင်များကို တွေ့ရှိလျှင် ချက်ခြင်းဖယ်ရှားထားသင့်သည်။

အမွှေးပေါက်နှေးသောကြက်များ

    မျိုးရိုးဗီဇအရ အမွှေးပေါက်နှေးသောကြက်မျိုးနှင့် မြန်သောကြက်မျိုး ရောနှောမမွေးမြူသင့်ပေ။အမွှေးပေါက်နှေးသည့်ကြက်သည် နူးညံ့သောအမွှေးနုရှိချိန် ကြာရှည်နေတတ်သဖြင့် အခြားကြက်များက အမွှေးနုကိုဆိတ်တတ်ပါသည်။

နှုတ်သီးဖြတ်ခြင်း (Debeaking)

    အမွှေးဆိတ်ခြင်းကို ကာကွယ်ရန်နည်းလမ်းတစ်ခုအဖြစ် ကြက်များကို နှုတ်သီးဖြတ်ခြင်းကို (၁၀) ရက်သား၀န်းကျင်တွင်လည်းကောင်း၊ တိခြင်း ( beak trimming) ကို ၁၀ ပတ်သား၀န်းကျင်တွင် လည်းကောင်း ဆောင်ရွက်ကြပါသည်။ နောက်ပိုင်းကာလများတွင် infra-red beak trimming ကို အသုံးပြုခြင်းဖြင့် ကြက်များနာကျင်မှု သက်သာစေသည့်နည်းကို ပြောင်းလဲဆောင်ရွက်လာကြပါသည်။

    မြန်မာနိုင်ငံရှိ တချို့ကုမ္ပဏီများမှာ ဖေါက်စက်မှထွက်စဉ်တွင် လေဆာဖြင့် နှုတ်သီးဖြတ်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း ပုံမှန်တိကျခြင်းမျိုးဖြင့် အသားကျနေရာ နှုတ်သီးတိခြင်းကိုတော့​ ပြန်လုပ်ကြရသည်ကိုတွေ့ရပါသည်။

    ဆိတ်ခြင်းသက်သာအောင် ကြက်ကိုမျက်မှန်တပ်ပေးခြင်းလုပ်ခဲ့သည်ကိုလည်း နယ်သာလန်နိုင်ငံ pouitry museum တွင် ပြသထားသည်ကို မြင်တွေ့ဖူးပါသည်။ ၄င်းနိုင်ငံတွင် ကြက်များကို လှောင်အိမ်မပါဘဲ (non-cage) ဖြင့် မွေးမြူကြပြီး အိပ်တန်းများပေးထားခြင်းဖြင့် ဆိတ်ခြင်းကို သက်သာစေသည်ဟု လေ့လာသိမှတ်ခဲ့ရပါသည်။ ကြက်များ တစ်ကောင်ကိုတစ်ကောင် ဆိတ်သည့်အလေ့အထကို အထက်ဖော်ပြပါအကြောင်းများအလိုက် ဖြေလျှော့သက်သာနိုင်သကဲ့သို့ ကန်စွန်းရွက်၊ ဗေဒါရွက်ကျွေးခြင်း၊အရောင်ရှိသောပလတ်စတစ်များအား ကစားစရာလေးအဖြစ် ကြက်များအနားတွင် ထားပေးခြင်းသည်လည်း လျှော့ချဖယ်ရှားစေနိုင်ပါသည်။ ကြက်မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည့် မည်သည့်အခက်အခဲမျိုးကိုမဆို အချိန်မီသိရှိဖြေရှင်းကာ ထုတ်လုပ်မှုစွမ်းရည် မြင့်မားကြပါစေကြောင်း တင်ပြလိုက်ရပါသည်။

Refrence:

1. Cannibalism in Poultry; Amy Halls,Monogastric Nutritionist Nutreco Canada Inc.January 2011

2. Are Your Birds Hen-Pecked? Pecking and Cannibalism in PoultryAmy E.Halls, M.Sc.-mono-gastric nutrionist.

3. Cloutier,2000.Cannibalistic behavior spread by social learning.

4.Scheideler, S.E, and S. Shields.2007.Cannibalism by poultry University of Institute of Agriculture and Natural Resources.

5.ဒေါက်တာ ညွန့်ရွှေ၏” အမွေးဆိတ်ခြင်းနှင့် အသားစား

ခြင်း အလေ့အထ “ ဆောင်းပါး။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်