မွေးမြူရေးကန်အား သြဇာဓာတ်များ ထည့်သွင်းပေးခြင်းသည် အခြေခံအကျဆုံး သဘာဝအစားအစာဖြစ်သော အပင်မျှောလှေးများ ပေါ ကြွယ်ဝစေရန်အတွက်ဖြစ်သည်။
အပင်မျှောလှေးများအတွက် အဓိကလိုအပ်သော သြဇာဓာတ်များမှာ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖောရပ်စ် ခေါ် မီးစုန်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ် ခေါ် ပြာဓာတ်နှင့် ကာဗွန်ဓာတ်များ ဖြစ်ကြပါသည်။
အပင်မျှောလှေးများ၏ ပမာဏအား ရေကြည်နှုန်းတိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးပြီး မွေးကန်အတွက် အသင့်လျော်ဆုံးပမာဏ အမြဲတန်းရှိနေအောင် လိုအပ်သောသြဇာဓာတ်အား ထည့်သွင်းပေးရမည်။ ငါးမွေးမြူရေးကန်တစ်ခု၏ ရှိသင့်သော ရေကြည်နှုန်းသည် ၃၀-၄၀ စင်တီမီတာ(၁ပေ မှ ၁ ပေခွဲခန့်)အတွင်းရှိလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ရေကြည်နှုန်းအား စင်တီမီတာဖြင့် တိုင်းတာပါသည်။
အစာကျွေးမွေးပြီး မွေးမြူထားသော ငါးကန်များသည် အများအားဖြင့် နိုက်ထရိုဂျင်ဓာတ်လုံလောက်စွာ ကြွယ်ဝနေတတ်သော်လည်း အသစ်တူးဖော်ထားသော ငါးမွေးကန်များတွင်မူ နိုက်ထရိုဂျင်ဓာတ် လျော့နည်းနေလေ့ရှိပါသည်။ ဩဇာဓာတ်ထည့်သွင်းရာတွင် အမျိုးအစား ၂ မျိုးရှိသည်။ ပထမတစ်ခုမှာ အော်ဂဲနစ်နဲ့ ဒုတိယမှာ ဓာတုဖြစ်သည်။
အော်ဂဲနစ် မြေသြဇာများ
အော်ဂဲနစ်မြေသြဇာဟူသည် တိရစ္ဆာန်များမှ စွန့်ပစ်သော အညစ်အကြေးများဖြစ်ပြီး အဓိကအမျိုးအစားများမှာ နွားချေး၊ ဝက်ချေးနှင့် ကြက်ချေးများ ဖြစ်ပါသည်။ ၄င်းတို့တွင် အပင်မျှောလှေးများအတွက် လိုအပ်သော သြဇာဓာတ်များ အပြည့်အဝ ပါဝင်ပါသည်။ အသုံးအများဆုံးမှာ နွားချေးဖြစ်ပြီး နွားချေးအားအသုံးပြုပါက ကန်အတွင်း အပင်မျှောလှေးများသာမက သတ္တမျှောလှေးများကိုပါ ပိုမိုပေါက်ဖွားစေရန် အကျိုးပြုပါသည်။ သို့ရာတွင် ရေကြည်နှုန်း တိုင်းတာစစ်ဆေးခြင်း မရှိဘဲ အော်ဂဲနစ်မြေသြဇာများအား လွန်ကဲစွာ အသုံးပြုမိပါက ညအချိန်တွင် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင် ပြတ်လတ်ခြင်းကို ပိုမို၍ ဖြစ်ပေါ်လာစေပါသည်။
သြဇာဓာတ်ထည့်သွင်းခြင်းအား ကန်၏ရေကြည်နှုန်း တိုင်းတာမှုအပေါ်တွင် အခြေခံဆောင်ရွက်ရမည်ဖြစ်သော်လည်း အသုံးအများဆုံး ထည့်သွင်းသုံးစွဲလေ့ရှိသည့် ထည့်သွင်းနှုန်းများသည် အောက်ပါအတိုင်း ဖြစ်ပါသည်။
တစ်ဧကကန်တွင် တစ်ပတ်စာ ထည့်သွင်းမှုနှုန်းထားများ
- ကြက်ချေး= ၀.၄-၀.၈ ပိဿာ
- ဝက်ချေး= ၂.၀-၂.၄ ပိဿာ
- နွားချေး= ၂.၄- ၄.၀ ပိဿာ
ဓာတုမြေသြဇာများ
ဓာတုမြေသြဇာများသည် အမျိုးအစား အများအပြားရှိပြီး အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖောရပ်စ်ဓာတ်နှင့် ပိုတက်ဆီယမ် ဓာတ်များကို ပမာဏများပြားစွာ ပါဝင်လေ့ရှိပါသည်။ ဓာတုမြေသြဇာများ တွင်ပါဝင်သည့် ဓာတ်ပစ္စည်း ၃မျိုးအား (N:P:K)ဖြင့် ဖော်ပြထားလေ့ရှိပါသည်။ ဥပမာအားဖြင့် (46:0:0)ဟု ပါရှိပါက ၄င်းဓာတ်မြေသြဇာတွင် နိုက်ထရိုဂျင်ဓာတ် ၄၆% ပါဝင်ပြီး ဖော့စဖောရပ်စ်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ပါဝင်မှုမရှိကြောင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။
အစာကျွေး၍ မွေးမြူခဲ့သော မွေးမြူရေးကန်အဟောင်းများ၏ အောက်ခြေမြေလွှာတွင် အသားဓာတ်ပါဝင်သော အစာအကြွင်းအကျန်များကြောင့် နိုက်ထရိုဂျင်ဓာတ်သည် ပြည့်ဝစွာပါဝင်နေလေ့ရှိပါသည်။
ငါးမွေးမြူရေးကန်အများစုတွင် အဓိကပြတ်လပ်လေ့ရှိသော သြဇာဓာတ်မှာ ဖော့စဖောရပ်စ် ခေါ် မီးစုန်းဓာတ် ဖြစ်ပါသည်။
ပိုတက်ဆီယမ်ဓာတ်သည်လည်းရေတွင် ပါဝင်နေလေ့ရှိသည့်အတွက် ပြတ်လပ်မှု မရှိတတ်ပါ။ ဖော့စဖောရပ်စ် ခေါ် မီးစုန်းဓာတ် အများအပြားပါဝင်သော ပြည်တွင်းတွင် အလွယ်တကူ ရရှိနိုင်သည့် မြေသြဇာမှာ တီစူပါ (အရပ်အခေါ် မြေဆီအမဲ)ဖြစ်ပါသည်။
သို့ရာတွင် ၄င်းဓာတုမြေသြဇာအား သုံးစွဲရာတွင် သတိပြုသင့်သောအချက်မှာ ၄င်းမြေသြဇာသည် ရေတွင်အနည်းငယ်မျှသာ ဖြည်းညင်းစွာ ပျော်ဝင်လေ့ရှိခြင်းနှင့် ၄င်းဓာတုမြေသြဇာမှ ဖော့စဖောရပ်စ် ခေါ် မီးစုန်းဓာတ်အား နှစ်နှင့်ချီ၍ ဖြည်းညင်းစွာ ထုတ်လုပ်ပေးလေ့ရှိကြောင်းသတိပြုရန် လိုအပ်ပါသည်။ ၄င်းဓာတုမြေသြဇာများတွင် ပါဝင်နေသော သြဇာဓာတ်များသည် သာမန်အော်ဂဲနစ်မြေသြဇာများထက် အဆပေါင်းများစွာ ပိုမိုသော သြဇာဓာတ်များ ပါဝင်နေသည့်အတွက် အထူးချင့်ချိန်သုံးစွဲရန် လိုအပ်ပါသည်။ ပိုမိုသုံးစွဲမိခဲ့ပါက ပြန်လည်ထုတ်ပယ်ရန် အလွန်ခက်ခဲလေ့ရှိပါသည်။
ဓာတုမြေသြဇာထည့်မည်ဆိုပါက တစ်ဧကကန်အတွက် ယူးရီးယား-၁၅ ပိဿာ၊ တီစူပါ-၁၅ ပိဿာအား ထည့်သွင်းပေးနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်