ဆောင်းရာသီ ငါးများသေဆုံးခြင်းမှ ကင်းဝေရန် စုံစမ်းကာကွယ်ကုသနည်း

20/12/2024 11:00 AM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

မွေးမြူထားသော ငါးများ မည်သည့်အကြောင်းကြောင့် သေသည်ဖြစ်စေ ငါးမွေးမြူရေး လုပ်ငန်း၏ ဝင်ငွေကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။ ထို့ကြောင့် မွေးမြူရေးကန်၏ ကုန်ထုတ် စွမ်းအားကို ထိန်းသိမ်းရန် ပို၍ အရေးကြီးပါသည်။ ရောဂါဖြစ်ပွားပြီး ကုသရန် စောင့်ဆိုင်းမည့် အစား ရောဂါမဖြစ်ပွားအောင် ပို၍ ဂရုပြုသင့်သည်။ အောက်ဖော်ပြပါ စီမံခန့်ခွဲမှု အစီအမံများ ကို ဆောင်ရွက်ရန် လိုသည်။

စုံစမ်းရာတွင်

ကန်ရေ၏အရည်အသွေးနှင့်ညစ်ညမ်းမှုဆိုင်ရာအောက်ပါတိုင်းတာစစ်ဆေးမှုများဖြစ်သော ရူပ - ဓာတုဗေဒဆိုင်ရာ တိုင်းတာစစ်ဆေးမှုများ

  • အပူချိန် (Temperature)
  • ရေကြည်နှုန်း (Transparency)
  • ချဉ်ဖန်ဓာတ် (pH)
  • ပျော်ဝင်အောက်ဆီဂျင် (Dissolved Oxygen)
  • ထုံးဓာတ်ပါဝင်မှု (Alkalinity)
  • ရေစေး၊ ရေသွက် (Hardness)
  • ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာစစ်ဆေးမှုများ
  • အမိုးနီးယား နိုက်ထရိုဂျင် (Ammonia – Nitrogen)
  • နိုက်ထရိုက် နိုက်ထရိုဂျင် (Nitrite – Nitrogen)
  • နိုက်ထရိတ် နိုက်ထရိုဂျင် (Nitrate – Nitrogen) စသည့်နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးရမည့် စစ်ဆေးမှုများကို ပုံမှန်စစ်ဆေး၍ မှတ်တမ်းထားရှိရမည်။ ယင်းသို့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်မှသာ ကန်ရေ၏ အရည်အသွေးသည် သတ်မှတ်ချက်ဘောင်အတွင်း ရှိ/မရှိ သိနိုင်ပြီး လိုအပ်သည့် ပြုပြင်မှု ကာကွယ်မှု ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ငါးများ၏ နေ့စဉ် ပုံမှန် လှုပ်ရှားမှု (သို့) ထူးခြားမှု ရှိ/မရှိနှင့် အစာစားသုံးမှု အခြေအနေ၊ ငါးရောဂါလက္ခဏာကျရောက်မှု အနေအထား ရှိ/မရှိနှင့် ငှက်များ ငါးကန် အတွင်း ဝင်ရောက်လာမှု ရှိ/မရှိအပြင် မိမိပတ်ဝန်းကျင်တွင်ရှိသောငါးကန်များ၏အခြေအနေစသည်တို့ကိုလည်း စုံစမ်းကြည့်ရှုရန် လိုသည်။

 ကာကွယ်ရာတွင်

ကန်အောက်ခြေမြေသားနှင့်ရေ၏ pH စစ်ဆေးမှုအရ၊ သတ်မှတ်အတိုင်းအတာထက်နိမ့်ကျနေပါက (ဥပမာ - ကန်ရေ pH 6.3) ကန်ရေ pH 7 အထက် မြင့်တက်စေရန် လိုအပ်သည့် ထုံးကို တွက်ချက်ထည့်ပေးခြင်းနှင့်ဆောင်းရာသီမစတင်မီ ကန်အောက်ခြေရှိ အမှိုက်သရိုက် အပင်အဆွေးအမြည့်များကို ဖယ်ရှားပေးခြင်းတို့ ပြုလုပ်ရမည့်အပြင် ကန်တွင် ရေနေအပင်များ ကင်းစင်သင့်သည်။

ရေပေါ်ပင်များရှိနေပါက ကန်ရေတွင် နေရောင်ခြည်လုံလောက်စွာ ရရှိစေရန် ဖယ်ရှားခြင်း၊ ကန်ရေတိမ်သဖြင့် အရိပ်ရစေရန် ထားခြင်း ဖြစ်ပါက၊ ကန်ရေဧရိယာ၏ ၁၀% မှ အများဆုံး ၂၀% အထိသာ ဘောင်ခတ်၍ ထားရှိပေးခြင်း၊ မွေးမြူရေးကန် ဧရိယာအတွင်း တိရစ္ဆာန်များ ဝင်ရောက်ခြင်း၊ ကန်တွင်း ဆင်း၍ ရေချိုးခြင်းတို့ မပြုရန် တားမြစ်ခြင်း၊ မွေးကန်အတွင်း လုပ်ငန်းသုံးပစ္စည်းများနှင့် အဝတ်များ လျှော်ဖွတ်ခြင်း မပြုစေခြင်းတို့လည်း ပြုလုပ်ရမည်။

ငါးထည့်သွင်းမွေးမြူနှုန်းသည် သတ်မှတ်ချက်ထက် အလွန်အကျွံ ထည့်သွင်းမှု မရှိစေခြင်း၊ အကယ်၍ ထည့်သွင်းမွေးမြူနှုန်း မြင့်မားနေပါက ကန်ကြပ်နေမှုမှ လျော့ချရန် အရွယ်ရောက်ဆိုဒ်မီသော ငါးများကို Partial Harvest အဖြစ် တစ်စိတ်တစ်ပိုင်း ဖမ်းဆီးရောင်းချပေးခြင်း၊ဖြည့်စွက်အစာကျွေးရာတွင်လည်း အလွန်အကျွံမဖြစ်စေရန် စနစ်တကျ ထိန်းသိမ်းကျွေးပေးခြင်း၊ ငါးများ၏ ကျန်းမာရေးအခြေအနေကို အခါအားလျော်စွာ စစ်ဆေးခြင်း၊ ငါးဖမ်းပိုက်များ ပိုးမွှားကင်းစင်စေရန် အသုံးပြုပြီးတိုင်း ပိုတက်(ရှ်)အရည်(သို့) ကလိုရင်း (သို့) ထုံးရည်များတွင် စိမ်၍ ခဏထားပြီး နောက်နေရောင်အောက် တွင် အခြောက်ခံထားပေးခြင်း၊ အပင်မျှောလှေးပွားများမှု များလွန်ခြင်း (Plankton Bloom) ကြောင့်ရေကြည်နှုန်း (၂၀) စင်တီမီတာ (၈”) အောက်ရောက်သွားပါက အစာကျွေးခြင်း၊ ခေတ္တရပ်ပေးခြင်းနှင့် အဆိုပါ အခြေအနေတွင် ဩဇာဓာတ်ထည့်ခြင်း လုံးဝမပြုလုပ်ရပါ။

ဆောင်းရာသီတွင် အလင်းပြင်အား လျော့နည်းသွားခြင်း၊ ဓာတ်ပြုမှုများနည်းခြင်း (အပူချိန်ကျဆင်းသဖြင့်) ကန်ရေတွင် ပျော်ဝင်အောက်ဆီဂျင်ပါဝင်မှု လျော့နည်းသွားခြင်းတို့ကြောင့် သန့်ရှင်းသော ရေအသစ်ထည့်သွင်းပေးခြင်း (သို့မဟုတ်) လေပေးစက်များ (Aerators), ရေဒလက်များ (Peddle Wheel) အသုံးပြုပေးခြင်း ကို အထူးသဖြင့် နေ့တစ်နေ့၏ အစောဆုံးအချိန်များတွင် ပြုလုပ်ပေးရမည်။

ကုသရာတွင်

ကုသခြင်းသည် နောက်ဆုံးအဆင့်ဖြစ်သည်။ ငါးကန်တွင် ငါးသေဆုံးမှု တွေ့ရ ခြင်းသည် ကုသခြင်းအဆင့်ကိုပင် ကျော်လွန်သွားပါသည်။ အဆိုပါ အခြေအနေသည် ငါးမွေးမြူ ရေးအတွက် လွန်စွာမှ အကျိုးစီးပွား ဆုံးရှုံးမှုကို ဖြစ်စေသည်။ အောက်ပါ အခြေအနေများတွင် ကုသခြင်း ဆောင်ရွက်ရမည်။

‌ဆောင်းတွင်းကာလ နံနက်စောစောနေမထွက်မီ ငါးများကန်ရေ မျက်နှာပြင်ပေါ်သို့တက်၍ ပါးစပ်ဟကာအသက်ရှုခြင်းကိုမြင်ရပါက ကန်အောက်ခြေတွင် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့်ဟု ယူဆနိုင်သည်။ အရေးပေါ်ကုသခြင်းအနေဖြင့် အောက်ရေကိုထုတ်၍ရေအသစ်ထည့်ပေးခြင်း၊ထည့်သွင်းရာ၌ရေသွင်းပိုက်ကို ကန်ရေမျက်နှာပြင်ပေါ် ဒေါက်ခံထားပြီး လေနှင့်ထိတွေ့စေရန် ရေပန်းသဖွယ် ဖြစ်အောင်ပြု၍ ကန်ရေမျက်နှာပြင်သို့ ကျစေခြင်း၊ ရေမသွင်းနိုင်ပါက အပေါ်ရေ အောက်ရေ သမသွား အောင် ဆောင်ရွက်ပေးခြင်း၊ နေ့ခင်းဘက်နေပူနေချိန်တွင်ငါးများ၊ပုံမှန်မဟုတ်ဘဲကန်ရေမျက်နှာပြင်ပေါ်တက်၍အထိတ်တလန့်ပုံစံမျိုး(ငါးမြူးသည့်ပုံစံမဟုတ်)တွေ့ပါကကန်အောက်ခြေညစ်ညမ်းမှုမြင့်မားနေသည်ဟု သုံးသပ်နိုင်သည်။ ယင်းကိုလည်း ရေအသစ်သွင်းပေးခြင်း၊ ရေမသွင်းနိုင်ပါက အပေါ်ရေအောက်ရေ သမအောင် ပြုပေးခြင်း၊ ငါးများတွင်ရောဂါ(သို့မဟုတ်)ထိခိုက်ဒဏ်ရာရပါက အဆိုပါငါးများကို သီးခြားခွဲ ထုတ်၍ ပိုတက်စီယမ်ပါမင်းဂရိတ် (KmnO4) ၁ ပီပီအမ် (အလျား ၁ မီတာ၊ အနံ ၁ မီတာ၊အမြင့်၁မီတာ ရေအနက်ရှိ အုတ်ကန်တွင် KmnO4 - တစ်ဂရမ်ထည့်ဖျော်ပေး ခြင်း) ဖျော်ရည်တွင် တစ်မိနစ်ခန့် စိမ်ပြီးမှ ကန်အတွင်းသို့ ပြန်ထည့်ပေးခြင်း။

သို့ဖြစ်ပါ၍ ဆောင်းတွင်းကာလ အကူးအပြောင်းတွင် မွေးမြူထားသော ငါးများ အသေအပျောက်မရှိစေဘဲကျန်းမာသန်စွမ်းစွာဖြင့်ကြီးထွားမှုကောင်းမှသာ အကျိုးစီးပွား ဖြစ်ထွန်းမည် ဖြစ်ပါသည်။ ယင်းသို့ ဖြစ်စေရန် မိမိ၏ မွေးမြူရေးကန်များအား စုံစမ်းခြင်းသည် ပထမ ဦးစားပေး၊ ဒုတိယအနေဖြင့် ကာကွယ်ခြင်းအဆင့်၌ပင် ထား၍ ကုသခြင်း အဆင့်သို့ မရောက်အောင် လုပ်ဆောင်သွားကြရန် လိုပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်