ငါးလေးချဉ် အလွန်ကြိုက်ကြလျှင်..

12/06/2026 14:49 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ငယ်ငယ်က ငါးလေးချဉ်ကို ငရုတ်သီးစိမ်း‌၊ ငရုတ်သီအကျက်မှုန့်၊ ကြက်သွန်နီနိုင်နိုင်ထည့်ပြီး ဆီစိမ်းလးနဲ့ သုပ်ထားရင် ထမင်းစားလို့ သိပ်မြိန်တာပဲ။ မမေ့နိုင်စရာ အမေ့လက်ရာတွေထဲက တစ်ခုပေါ့။ 

Tropical Disease Research Center က ဖွင့်တဲ့ သင်တန်းမှာ ထိုင်း အရှေ့မြောက်ပိုင်းက LAWA ရေကန် တစ်ဝိုက် အသည်းရွက်ပြားသန်ကောင် Liver fluke ရောဂါနှိမ်နှင်းရေးအတွက် System thinking လုပ်ပြီး One Health Approch နဲ့ ဆောင်ရွက်ပုံကို လေ့လာရတဲ့အခါ ငယ်ငယ်က ကြိုက်ခဲ့မိတဲ့ ငါးလေးချဉ်သုပ် ဆက်မစားဖြစ်တော့တာကိုပဲ ဝမ်းသာနေမိပါတယ်။ 

လူတွေရဲ့ သည်းခြေပြွန် (bile duct) မှာနေတဲ့ Opisthorchis viverrini ရွက်ပြားသန်ကောင် ဥတွေဟာ မစင်ကနေ ရေထဲရောက်ပါတယ်။ ရေထဲမှာ ရှိနေတဲ့ ခရုက သန်ဥ ကိုစားလိုက်တဲ့အခါ ခရုကိုယ်ထဲမှာ ဥကနေ ပေါက်၊ ဖွံ့ဖြိုးလာပြီး အဆင့်တစ်ဆင့် ရောက်တဲ့အခါ ခရုကိုယ်ထဲက ထွက်ပြီး ရေကူးပါတယ်။ 

ရေကူးရင်း ရေထဲက ငါး ဆီကိုရောက်ပါတယ်။ အကြေးခွံကနေ အသားထဲ ဖောက်ဝင်တာပါ။ 

ငါးကို ကျက်အောင်မချက်ဘဲ စားမိတဲ့အခါ လူကို ပြန်ကူးပါတယ်။ ကြောင်၊ ခွေး စသည်ဖြင့် ငါးကိုစားမိတဲ့ တိရစ္ဆာန်တွေဆီလည်း ကူးတာပါပဲ။ 

လူ့အစာလမ်းကြောင်းကတဆင့် အသည်းကို‌ ရောက်ပြီး အဲဒီနောက် သည်းခြေပြွန်မှာ ဆယ်စုနှစ်ကြာအောင် နေပါတော့တယ်။ အရွယ်ရောက်ပြီး O. viverrini က ဥ တွေကို လူ့မစင် ၁ ဂရမ်မှာ ဥအလုံး ရေ ၈၀ နဲ့ ၃၀၀ ကြား နေ့စဉ် စွန့်ထုတ်နေတာပါ။

အဲဒီဥတွေ ရေထဲ ရောက်ပြီးရင် အထက်မှာ ပြောခဲ့သလို နောက်ထပ် ဘဝစက်ဝန်း တစ်ပတ် ထပ်လည်ပြန်ပါတယ်။ 

ပြဿနာက သည်းခြေပြွန်မှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ဒုက္ခပေး‌နေတာ‌ကြောင့်ကြာလာတဲ့အခါ သည်းခြေပြွန်ကင်ဆာ ဖြစ်လာစေတာပါ။ 

photo_crd

နောက်ထပ် ပြဿနာတစ်ခုက O. viverrini တွေဟာ သူတို့ရဲ့ အစာလမ်းကြောင်းထဲမှာ အစာအိမ်ကင်ဆာ ကို ဖြစ်စေတဲ့ Helicobacter pylori ဆိုတဲ့ ဗက်တီးရီးယားပိုးကို သယ်ဆောင်ဖြန့်ဖြူးတဲ့ ပြဿနာပါ။ 

ကိုယ့်အမေ အစာအိမ်ကင်ဆာ ဖြစ်တော့ H.pylori ရှိ၊ မရှိ စစ်ဆေးရတာကို ပြန်အမှတ်ရမိပါတယ်။ တစ်ချိန်တည်းမှာ အ‌မေသုပ်ပေးနေကျ ငါးချဉ်သုပ်ကိုလည်း သတိရမိပါတယ်။ 

ဒါနဲ့ O. viverrini မြန်မာပြည်မှာ ရှိ၊ မရှိ စာတွေ ပြန်ရှာကြည့်တဲ့အခါ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်မှာ တွေ့ရှိတယ် ဆိုတဲ့ စာတမ်းကို တွေ့ရပြန်ပါတယ်။ 

မြန်မြန်သိလေ မြန်မြန်သတိထားနိုင်လေမို့ လေယာဉ်ပေါ် ရသလောက်လေး ပြန်ရေးပြတာပါ။ ထိုင်းမှာ LAWA model နဲ့ O. viverrini တိုက်ဖျက်ပုံကိုတော့ နောက်မှ အသေးစိတ် ပြန်မျှဝေပါဦးမယ်။ အဲဒီအခါ One Health လည်းပါမှာဖြစ်သလို၊ System thinking လည်း ပါပါမယ်။ 

အခုတော့ ငါးလေးချဉ် အလွန်ကြိုက်ကြလျှင်ဖြင့် ....ဆိုတဲ့ကိစ္စကိုပဲ ပြောပါရစေ။။

ငါးလေးချဉ်က စားလို့ ရပါတယ်။ အရသာ ရှိသလို အာဟာရလည်း ဖြစ်ပါတယ်။ အစိမ်းသုပ်စားတာကို သတိထားကြဖို့ပါပဲလို့ တင်ပြပါရစေခင်ဗျား..

[သန်ဥတွေဟာ အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်မှာ ၁၅ မိနစ်ကြာထားလိုက်ရင် ပျက်စီးကုန်တာမို့ ငါးလေးချဉ်ကို အစိမ်းသုပ်မစားဘဲ အဲဒီအပူချိန်ရောက်အောင် ‌ဆီပူပူနဲ့ ကြော်စားတာ၊ ပေါင်းစားတာ ဆိုရင် ဘေးကင်းပါကြောင်း ဖြည့စွက်ပါရစေ။]

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်