ရေချို/ရေငန်ငါး၊ ပုစွန်စသည့် ရေနေသတ္တဝါတို့သည် မျိုးစိတ်အလိုက် ယင်းတို့နှင့် သဟဇာတဖြစ်သော သဘာဝပတ်ဝန်းကျင်တွင် နေထိုင်ပြီး သဘာဝမှရရှိသော အစာ (Natural Foods) များကို စားသုံး၍ ရှင်သန်ပေါက်ပွားကြီးထွားလာကြသည်။ သဘာဝအစာဆိုရာတွင် ရေ၌ သဘာဝအတိုင်း ပွားများနေသည့် အစာကွင်းဆက် (Food Chain) ၏ မူလပထမအစာ (Primary Food) ဖြစ်သည့် အပင်မျှောလှေး (Phytoplankton) ယင်းမှတဆင့် သတ္တမျှောလှေး (Zooplankton) မှသည် ငါးကြီးမှ ငါးသေးကို ပြန်စားခြင်းအထိ ဖြစ်ပါသည်။ သဘာဝမြစ်၊ ပင်လယ်၊ သမုဒ္ဒရာတို့တွင် အစာအတွက် နေရာဒေသတစ်ခုမှ အခြားနေရာဒေသ တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ကျက်စားခြင်း (Feeding Migration) ပြုလုပ်ကြသည်။
မွေးမြူရေးငါးပုစွန်များအတွက် မူလသတ်မှတ်ဧရိယာရေပြင်အတွင်း သတ်မှတ်အရေအတွက်ကောင်ရေဖြင့် ပုံသေထားရှိပြီး မွေးမြူနည်းစနစ် (Extensive Plus, Semi-Intensive, Intensive, Super-Intensive) အလိုက် မတူညီသည့် သွင်းအားစုများ၊ ဖြည့်စွက်အစာကျွေး ခြင်းများ၊ ထိန်းသိမ်းစီမံဆောင်ရွက်မှုများဖြင့် မွေးမြူကြပါသည်။ ရေချိုငါးမွေးမြူရေးကန်များသည် များသောအားဖြင့် ကန်ကျယ်ကြီးများဖြင့် Extensive Pluss သာသာ၊ ရေထုတ်သွင်းနိုင် မှုနည်းပါးပြီး Close Type စနစ်ဖြင့် မွေးမြူကြသဖြင့် ရေအရည်အသွေး ကောင်းမွန်ရန် လိုအပ်သည်။
သဘာဝအစာဖြစ်သည့် အပင်မျှောလှေး၊ သတ္တမျှောလှေးတို့မှာ ရေအရည်အသွေးပေါ်မူတည်၍ ပွားများမှု ကန့်သတ်ချက်ရှိသဖြင့်လည်းကောင်း၊ အပင်မျှောလှေး စားသုံးခြင်းမရှိသည့် မျိုးစိတ်များအတွက်လည်းကောင်းလုံလောက်သည့် အဟာရရရှိရန် ဖြည့်စွက်အစာ (Supplementary Feed) ကျွေးရန် လိုအပ်လာခြင်း ဖြစ်သည်။ သို့မှသာ မွေးမြူထားသည့် ငါးပုစွန်များသည် သတ်မှတ်ကာလအတွင်း သတ်မှတ်အရွယ်သို့ ကြီးထွားရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ယင်းတွင်ကျွေးသော အစာအမျိုးအစား အရည်အသွေးနှင့် အရေအတွက်သည် အရေးကြီးသော အခန်းမှ ပါဝင်ပေသည်။
အပင်မျှောလှေးနှင့် အသီးအရွက်စားငါးများသည် Carp species အုပ်စုဝင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်းငါးများအတွက် သဘာဝအစာပေါများစွာ ရရှိပါက အကျိုးပိုရှိပြီး ဖြည့်စွက်အစာ ကုန်ကျစရိတ်ကို လျော့ချနိုင်မည် ဖြစ်သည်။
ဖြည့်စွက်အစာ ကျွေးခြင်း ကုန်ကျစရိတ်သည် ကျွေးသည့်အစာအမျိုးအစားပေါ် မူတည်၍ ကွဲပြားမှု ရှိပါသည်။ ဥပမာ ကဇော်ဖတ် (သို့မဟုတ်) ဖွဲနုတစ်မျိုးတည်းကျွေးသော ကုန်ကျစရိတ်ထက် အစာတောင့် (Pellet) ကျွေးခြင်းက ကုန်ကျစရိတ် ပိုမြင့်မားပြီး ကုန်ကျစရိတ်ကွာခြားချက် ကြီးမားပါသည်။
ငါးပုစွန်မွေးမြူရေးလုပ်ငန်းတွင် သားပေါက်ထုတ်လုပ်ခြင်း (Hatchery Production) နှင့်အသားတိုးမွေးမြူထုတ်လုပ်ခြင်း(Farm/Grow-Out Production) ဟူ၍ ကဏ္ဍနှစ်ရပ်ရှိပါသည်။ အဆိုပါကဏ္ဍနှစ်ရပ်စလုံးအတွက် အစာ၏အရည်အသွေး (Feed Quality) သည် အထူးပင်အရေးကြီးလှပါသည်။ အရေအတွက်(Quantity)အနေဖြင့် သားပေါက်ထုတ်လုပ်ခြင်းထက် အသားတိုးမွေးမြူခြင်းက ပိုအရေးကြီးသည်။
အသားတိုးမွေးမြူရေးကန်တွင် အစာအတွက် ကုန်ကျစရိတ်သည် ကန်အတွက်စုစုပေါင်းကုန်ကျစရိတ်၏ (၆၀%-၈၀%) ခန့်ရှိသဖြင့် အစာစီမံခန့်ခွဲမှု (Feed Management) အားနည်းပါက ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်နိုင်ပါသည်။
အစာအရည်အသွေးဆိုရာတွင်လည်း မွေးမြူထားသည့် ရေနေသတ္တဝါများ၏ ကြီးထွားမှုအတွက် လိုအပ်သည် အသားဓာတ် (Protein), စွမ်းအင်အတွက် လိုအပ်သည့် အဆီဓာတ် (Lipid), အစာအိမ်နှင့် အူလမ်းကြောင်းမှ အညစ်အကြေးများကို ဖယ်ရှားပြီး ကျန်းမာစွာဖြင့် ကြီးထွားမှုကို အထောက်အကူပြုသည့် အမျှင်ဓာတ် (Fiber) ၊ ခန္ဓာကိုယ် အရိုး အကြေးခွံ၊ အခွံ (Sheel) များ ဖွံ့ဖြိုးကြံ့ခိုင်သန်စွမ်းမှုအတွက် လိုအပ်သည့် သတ္တုဓာတ် (Mineral) နှင့် ရောဂါခုခံနိုင်မှု၊ ခံနိုင်ရည်စွမ်းရှိမှုတို့အတွက် လိုအပ်သော ဗီတာမင် (Vitamin) ဓာတ်များသည် မွေးမြူထားသည့် ငါးပုစွန်များ၏ မျိုးစိတ်များ (Species) အလိုက် အသက် အရွယ်အစား (Age and Size) အလိုက် သင့်တင့်ညီမျှသည့် အချိုးအတိုင်း ပါဝင်မှသာလျှင် အရည်အသွေးပြည့်ဝသည့် အစာဖြစ်နိုင်ပေမည်။
အစာ၏အရည်အသွေးအား ယေယူယျအားဖြင့် အဟာရဆိုင်ရာ ဓာတုဗေဒနည်းဖြင့် တိုင်းတာစစ်ဆေးမှုများဖြစ်သော Crude Protein, Crude Fat, Crude Fiber, Total Ash, Moisture ပါဝင်မှု ရာခိုင်နှုန်းများအရ ဓာတ်ခွဲခန်းစစ်ဆေးမှုဖြင့် အကဲဖြတ်နိုင်ပါသည်။ Mineral နှင့် Vitamin များကို များသောအားဖြင့် ပုံမှန် ကျွေးသည့် အစာတွင် ဖြည့်စွက်ရောစပ်၍ ကျွေးခြင်း ဆောင်ရွက်ပါသည်။
ကျွေးသည်အစာများ လေလွင့်မှုမရှိဘဲ ရရှိစားသုံးနိုင်မှုနှင့် အာဟာရတန်ဖိုး ရရှိနိုင်မှုတို့မှာ အစာအမျိုးအစားနှင့် အစာကျွေးသည့် နည်းစနစ်ပေါ်တွင် မူတည်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။