ရေကြီးနစ်မြုပ်စိုက်ခင်းမှ ရွှေပြန်သီးစေမယ့် နည်းလမ်း(၅) ချက်

08/08/2025 11:11 AM တွင် ဒေါက်တာစန်းလှထွေး ဒေါက်တာစန်းလှထွေး မှ ရေးသား

 

ဥတုသုံးလီ ရာသီသုံးမျိုးရှိသည့် မြန်မာနိုင်ငံတွင် မေလနှောင်းပိုင်းမှစ၍ မိုးရာသီ ဝင်ရောက်လာသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရာသီဥတုများ ဖောက်ပြန်ပျက်စီးမှုသည် ကမ္ဘာတဝန်း ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဥတုသုံးလီ ရာသီ သုံးမျိုးစက်ဝန်းလည်း ပျက်ယွင်းခဲ့ရသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်းစသည်များ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်။ မိုးများခြင်း မိုးကြီးခြင်းများကြောင့် ရေကြီး ရေလွှမ်းခြင်းများ နိုင်ငံအဝှမ်း ကြုံတွေ့နေရသည်။ ရေကြီးရေလွှမ်းခြင်းကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ စိုက်ပျိုးမြေများလည်း ထိခိုက်ပျက်စီးလျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် မုတ်သုန်မိုးရာသီကာလအတွင်း မိုးကြီးကြီး ရွာသွန်းခြင်းကြောင့် သီးနှံစိုက်ပျိုးမြေနှင့် လယ်ယာမြေများ ရေကြီး နှစ်မြှုပ်မှုများစွာ ဖြစ်စေသည်။ ထို့အပြင် လယ်ယာမြေပျက်စီးဆုံးရှုံးမှုများစွာ ရင်ဆိုင် ကြုံတွေ့နေရသည်။ ရေကြီးရေလွှမ်းမိုးမှုများကြောင့် လယ်ယာမြေတွင်  မြေဆီလွှာအတွင်းရှိ  မမြင်နိုင်သော သက်ရှိသတ္တဝါငယ်များ၊ အဏုဇီဝသက်ရှိများ ထိခိုက်ပျက်စီးလျက်ရှိနေသည်။ 

မြေဆီလွှာ၏ဂေဟစနစ်ကို မညီမျှမှုဖြစ်လာပြီး စိုက်ပျိုး သီးနှံ ထုတ်လုပ်မှု ကျဆင်းလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် မြေဆီလွှာ၏ အပေါ်ယံမြေဆီလွှာများ တိုက်စားခံရခြင်း၊ မြေကျပ်ခြင်းနှင့် ရေဝပ်ခြင်း ဖြစ်လျက်ရှိသည်။  ထို့ကြောင့် မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီဝ သက်ရှိများ လျော့နည်းခြင်းများ ဖြစ်လျက်ရှိသည်။ ထို့အပြင် မြေသားထုအတွင်း လေပေါက်များ ပိတ်သွားခြင်းကြောင့်  မြေဆီလွှာထုအတွင်း အောက်စီဂျင်များ လျော့နည်းခြင်းများ ဖြစ်လျက်ရှိသည်။ သို့အတွက် သီးနှံပင်များ၏  မြစ်စဉ်မြစ်မွှားများကို ထိခိုက်စေသည်။ ရေဝပ်ချိန် ကြာမြင့်ပါကလည်း အမြစ်များ ပုတ်ပြီး သီးနှံစိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ရသည်။

ရေကြီးရေလွှမ်းခြင်းကြောင့် သီးနှံစိုက်ခင်းများတွင် အာဟာရဓာတ်ကြွယ်ဝသော အပေါ်ယံမြေဆီလွှာများ တိုက်စားခံရ၍ မြေဆီဩဇာများ ဆုံးရှုံးသွားခြင်းနှင့် မြေသားဖွဲ့စည်းပုံပျက်စီးခြင်းများ ဖြစ်လျက်ရှိသည်။ မြေဆီလွှာ အမှုန်အမွှားများ ကျပ်သိပ်ခြင်းဖြစ်ကာ အမြစ်များ မြစ်စဉ်အင်အား ပွားများဖြစ်ထွန်းမှု ခက်ခဲလာသည်။ မြေကျပ်ခြင်းများ ဖြစ်ပေါ်၍ မြေသားထုအတွင်း လေပေါက်ပိတ်ခြင်းများ ဖြစ်လာသည်။ ရေဝပ်သော မြေတွင် ​​အောက်စီဂျင်များ မရှိခြင်းကြောင့် အပင်၏ မြစ်စဉ်ပွားများဖြစ်ပေါ်မှုစနစ်နှင့် မြေဆီလွှာအတွင်းရှိ အဏုဇီဝ သက်ရှိများ ရှင်သန်ပွားများခြင်းစနစ် ပျက်စီးသွားသည်။ ထို့ကြောင့် မြေဆီလွှာမှ အနံ့အသက်ဆိုး မြေပုပ်နံ့များ ထွက်ပေါ်ခြင်းဖြစ်လာသည်။ အချို့ဒေသများ (ကမ်းရိုးတန်းဒေသများ)ရှိ လယ်ယာနှင့် သီးနှံစိုက်ပျိုးမြေများတွင် ရေကြီး ရေလွှမ်း ရေဝပ်ခြင်းကြောင့် ဆားပေါက်ခြင်း၊ ဆားများစုပုံလာခြင်းကြောင့် သီးနှံ စိုက်ပျိုးရန် ခက်ခဲသော ဆားငန်မြေများ ဖြစ်ပေါ်လာလျက်ရှိသည်။ ထိုဒေသများ၌ သီးနှံ လယ်ယာ စိုက်ပျိုးမြေများတွင် အကျိုးပြုအဏုဇီဝသက်ရှိများ ဆိုးဆိုးဝါးဝါး လျော့နည်းသွားသည့် အပြင် မြေဆီလွှာအတွင်းရှိ သေးငယ်သောသက်ရှိသတ္တဝါလေးများ ပျက်စီးသေကြေ သွားကြခြင်းကြောင့် မြေတွင်း မြေဆီလွှာ ဂေဟစနစ် ပျက်စီးသွားသည်။ 

မြန်မာနိုင်ငံတွင်း မိုးရာသီကာလ၌ မုတ်သုန်ရာသီမိုး နှစ်စဉ် ရွာသွန်းမြဲဖြစ်ရာ မိုးကြီး ခြင်းကြောင့် ရေကြီးရေလွှမ်းပြီး ရေကြီးနစ်မြုပ်ရေဝပ်သော သီးနှံစိုက်ခင်းနှင့် လယ်ယာ မြေများတွင် ရေကြီးရေလွှမ်းနှစ်မြုပ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်နှင့်  မြေဆီလွှာ ပြန်လည်ကောင်းမွန်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လယ်ယာကဏ္ဍအတွက် အလွန်အရေးကြီးသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ရေရှည် မဟာဗျူဟာ ရေးဆွဲ၍ အောက်ပါအတိုင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည်။ 

၎င်းတို့မှာ

(၁) သီးနှံစိုက်ခင်းဘေးပတ်လည်တွင် ရေနုတ်မြောင်းများ၊ ရေထုတ်မြောင်းများ တူးပေးခြင်းဖြင့် ပိုလျှံမိုးရေများ လျင်မြန်ထုတ်ပစ်ရန် လိုအပ်သည်။ ပိုလျှံ မိုးရေများထုတ်ပြီးလျှင် စိုက်ခင်းကို ထယ်ခေါင်းဖြူအောင် စောင့်ပြီးနောက် ထယ်ထိုးထွန်မွေခြင်းကိုလုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့လုပ်ခြင်းဖြင့် လယ်ယာမြေများတွင် မြေဆီသြဇာ ထက်သန်စေပြီး အာဟာရဓာတ် များ ပြန်လည်ရရှိစေသည်။ 

(၂) ရေဝပ်သော သီးနှံ စိုက်ခင်းမြေများတွင် ဘောင်မြင့်စိုက်ပျိုးနည်းစနစ် လုပ်ဆောင်ရန် လိုအပ်သည်။

(၃) အဏုဇီဝသက်ရှိများပြန်လည်၍ လျှင်မြန်စွာရှင်သန်စေရန်နှင့် မြေသားဖွဲ့စည်း တည်ဆောက်မှု ကောင်းမွန်လာစေရန် အတွက် သဘာဝမြေဆွေးများ၊  တီကျစ်စာမြေဆွေး၊ သစ်ရွက်ခြောက်များ၊ သစ်ရွက်ဆွေး များ၊ တိရစ္ဆန်ထွက် စွန့်ပစ်ဆွေးမြည့်ပြီးသော မြေဆွေးများ ထည့်သွင်းပေးရန် လိုအပ်သည်။ အကျိုးပြုအဏုဇီဝအားဆေးရည်များကိုလည်း လယ်ယာမြေစိုက်ခင်းများအတွင်းသို့ ပြည့်ဝစွာ ထည့်သွင်းသုံးစွဲရန် လိုအပ်သည်။

(၄) မြေဆီသြဇာထက်သန်စေသည့် သစ်စိမ်းမြေသြဇာပင်များဖြစ်သော  ပိုက်ဆံလျှော်၊ ပဲတီစိမ်းနှင့် ညံပင်များကို စိုက်ပျိုးသင့်သည်။  ၎င်းအပင်များ ဖြစ်ထွန်းပြီး ပန်းမပွင့်ခင် အချိန်တွင် ထယ်ထိုးမြုပ်နှံခြင်းဖြင့် သစ်ဆွေးဓာတ်များ ကြွယ်ဝစေသည့်အပြင် မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်များကိုလည်း အပင်မှ အလွယ်တကူ စုပ်ယူရရှိစေနိုင်သည်။ ၎င်းအပြင် မြေကျပ်ခြင်းများဖြစ်ခြင်းကိုလည့် လျော့နည်းသွားစေသည်။

(၅) ဇီဝမြေသြဇာရည်များ၊ သဘာဝမြေဆွေးရည်များနှင့် နွားချေး မြေဆွေးရည်များစသည့် သဘာဝအာဟာရရည်များကို ရေလွှမ်း ရေဝပ်ခံရသည့် လယ်ယာမြေများအတွင်း ထည့်သွင်းပေးခြင်းဖြင့်  မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ ပြန်လည်ရှင်သန်စေခြင်း၊  မြေဆီသြဇာများ  ကောင်းမွန်လာစေခြင်းနှင့်   စိုက်ပျိုးသီးနှံများ မြစ်စဉ်အင်အား ကောင်းလာစေခြင်း ဖြစ်စေသည်။

ရေကြီးရေလွှမ်းပြီးနောက် လယ်ယာမြေ သီးနှံစိုက်ခင်းများတွင်  အောက်ပါအတိုင်း သိပ္ပံနည်းကျ  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အလေးထား၍ တိကျစွာလိုက်နာဆောင်ရွက်သင့်ပါသည်။

(၁) ပိုလျှံမိုးရေများ ထုတ်ပြီးသည့်နောက် နှစ်ပတ်အကြာ မြေတွင်းမြေဆီလွှာ အစိုဓာတ်မျှတသည့်အချိန် စောင့်ပြီး ထွန်ယက်စိုက်ပျိုးသင့်သည်။ စွတ်စိုလွန်းခြင်း/ ခြောက်သွေ့လွန်းခြင်းများဖြစ်ပါက သီးနှံမျိုးစေ့များနှင့် သီးနှံပင်၏ မြစ်စဉ်ကြီးထွားမှုကို ထိခိုက် ပျက်စီးစေနိုင်သည့်အပြင် မြေကြပ်ခြင်းများ မဖြစ်ပေါ်စေရန် အင်အားကြီးမားသည့်  လယ်ထွန်စက်ကြီးများနှင့် ထွန်ယက်ခြင်းမပြုဘဲ လယ်ထွန်စက်ငယ်များ၊ နွားထယ်များဖြင့်သာ ထယ်ထိုးထွန်ယက်သင့်သည်။

(၂) ရေကြီးရေဝပ်ခံရ၍ မြေဆီလွှာ ပျက်စီးဆုံးရှုံးသွားသော လယ်ယာစိုက်ပျိုးသီးနှံမြေကြမ်းများတွင် အကြမ်းခံသော ပဲမျိုးများနှင့်  သက်တမ်းတိုသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသင့်သည်။

(၃) ရေလွှမ်းမိုးမှု ပြင်းထန်စွာခံရသော စိုက်ပျိုးဧရိယာများတွင် မြေချဉ်မြေငန်များ ဖြစ်ပေါ်တတ်သည့်အတွက် ဂျစ်ပဆမ်နှင့် ထုံးများထည့်ပေးခြင်းကိုလည်း ဆောင်ရွက်သင့်သည်။

(၄) မြေဆီလွှာတိုက်စားခြင်းကို ရေရှည်တွင်ကာကွယ်နိုင်ရန်အတွက် မြေဖုံးသီးနှံပင်များ စိုက်ပျိုးခြင်းစနစ်ကို  မဖြစ်မနေကျင့်သုံး ဆောင်ရွက်သင့်သည်။

(၅) သဘာဝဘေးဒဏ်ဖြစ်သော မိုးကြီးခြင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်စဉ်များသည်  သီးနှံစိုက်ပျိုးမြေယာများအား ပျက်စီးနိုင်သော်လည်း မှန်ကန်သော စိုက်ပျိုးနည်း စနစ်ကောင်းများဖြင့်  ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံစိုက်ပျိုးမြေဆီလွှာများ မူလကထက်ပင် ပိုမိုကောင်းမွန်လာနိုင်ပါသည်။ ခေတ်မီတိုးတက်သော စိုက်ပျိုးရေး သိပ္ပံနည်းပညာများ၊ ဒေသန္တရ စိုက်ပျိုးရေးအသိပညာ၊ မိရိုးဖလာနည်းပညာများနှင့် ပေါင်းစပ်ပြီး ကောင်းစွာ အသုံးချ စိုက်ပျိုးခြင်းဖြင့် ရေရှည်တည်တံ့သော လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတည်တံ့ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

မြေဆီသြဇာထက်သန်သောမြေကောင်းသည် လူသားထုအတွက် အာဟာရ ပြည့်ဝသော အစားအစာများ ထုတ်လုပ်ပေးနိုင်စေခြင်းနှင့် ပျော်ရွှင်ကျန်းမာသန် စွမ်းသော လူမှုအသိုက် အဝန်းများဖြစ်စေခြင်းအပြင် ရေရှည်တည်တံ့စေနိုင်သော  စိုက်ပျိုးရေး အခြေခံအုတ်မြစ်ကြီးလည်း ဖြစ်သောကြောင့် ရေကြီးရေလွှမ်းခံရသော သီးနှံစိုက်ပျိုးမြေများ  ထိခိုက်ပျက်စီးသော်လည်း အထက်ဖော်ပြပါ စိုက်ပျိုးရေးနည်းလမ်းကောင်းစနစ်များကို လိုက်နာဆောင်ရွက်ခြင်း ဖြင့် ရွှေသီးပေးနိုင်သည့် လယ်ယာမြေကြီးအဖြစ် ပြန်လည်ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်