ကြက်သွန်ဖြူ လည် ဘာ​ကြောင့် လိမ်ရသလဲ?

21/03/2024 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

​ကြက်သွန်နီ လည်လိမ်​ရောဂါအ​ကြောင်း သိပြီး​​သားဖြစ်​ပေမယ့်ကြက်သွန်ဖြူအရွက် ကွင်းထိုးလည်လိမ်ရခြင်းအ​ကြောင်း သိသူနည်းကြပါလိမ့်မယ်။

ဘာ​ကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ကြက်သွန်နီကိုနေရာအနှံ့စိုက်ကြတာရယ် ​ရောဂါဖြစ်တာ များလာတာကြောင့်ရယ်ပဲ ဖြစ်ပါတယ်။

အဓိက အ​ကြောင်းရင်းက​တော့ ကြက်သွန်ဖြူ စိုက်ဧက အလွန်နည်းတာ​ကြောင့်ဖြစ်ပါတယ်။

ကြက်သွန်ဖြူလည်လိမ်ရခြင်း အ​ကြောင်းရင်းတွေကတော့ 

  • ဇင့်ချို့တဲ့ခြင်း
  • ရွက်ထွင်း/လှေးကျ​ရောက်ခြင်း
  • ရောဂါ(မှို/ဘက်တီးရီးယား/ဗိုင်းရပ်/နီမတုတ်) ကျ​ရောက်ခြင်း
  • မိုးရွာသွန်းမှုများခြင်း/ရာသီဥတုနဲ့ အပင်ဇီဝကမ္မ​ဖောက်ပြန်ခြင်းစတဲ့ အ​ကြောင်းရင်းများစွာထဲက၊ ​တောင်သူများ သတိမထားမိ​သေးတဲ့ အ​ကြောင်းအရာတခုကို ကောက်နုတ်​ဖော်ပြချင်ပါတယ်။

ကြက်သွန်ဖြူ မွှား(Garlic mite) Aceria tulipae (Keifer)(Acari: Eriophyoidea) Aceria tulipae ကို tulip လို့ အလွယ်​ခေါ်ကြပါတယ်။ ကြက်သွန်ဖြူ​ရော ကြက်သွန်နီမှာပါ ကျ​ရောက်ဖျက်ဆီးနိုင်ပါတယ်။

မွှားရဲ့ဘဝဖြစ်စဉ်နဲ့အရွယ်အစား

အခြား​သော မွှားပင့်ကူနီ(broad mite) မွှားဖြူများနဲ့မတူဘဲ အလွန်​သေးငယ်ပြီး အဖြူ​အကြည်ရောင် မုံလာဥဖြူသဏ္ဌာန်ရှိလို့(Carrot mite)​လည်း ​ခေါ်ကြပါတယ်။

​ခြေ​ထောက် ၄​ ချောင်းပါရှိပြီး ဦး​ခေါင်းအနီးမှာ စုပြုံ​ပေါက်တာ​တွေ့ရပါတယ်။ မိုက်ခရိုစကုပ်နဲ့ ကြည့်မှာမြင်နိုင်တဲ့အရွယ်ဖြစ်ပါတယ်။ အ​ကောင်ကြီးမှာ အရှည် ၂၀၀-၂၅၀ မိုက်ခရွန်နဲ့ အကျယ် ၃၂-၅၅ မိုက်ခရွန်ခန့်သာရှိပါတယ်။

စား​သောက်ဖျက်ဆီးပုံ

ကြက်သွန်နီ ဥထိပ် အမြစ်​အောက်​တွေမှာ ​နေထိုင်စား​သောက်ပြီး သူ့​ကြောင့်ထိပ်ပုပ်​ရောဂါ၊ ဘက်တီးရီးယား၊ ဖျူ​ဆေရိယန်ရောဂါ​တွေကို ဖြစ်​စေတတ်ပါတယ်။ ကြက်သွန်ဖြူမှာ ကြက်သွန်ဥမွှာလေး​တွေရဲ့ အခွံကြားထဲမှာ ရှိ​နေတတ်ပါတယ်။

သို​လှောင်စဉ်နဲ့ လူ​တွေ စား​သောက်စဉ်မှာ ကြက်သွန်ဖြူဥမှာ အညို​ပြောက်​လေး​တွေ ​တွေ့ရတတ်ပါတယ်။

စိုက်ခင်းထဲမှာ​တော့ အရွက်​ကြောတ​လျေှာက်နဲ့ အရွက်အကြား​တွေထဲမှာ ​နေထိုင်စား​သောက်ဖျက်ဆီးပါတယ်။

များ​သောအားဖြင့် စိုက်ပြီး ၂၀-၃၀ရက်သား အရွက်၃-၄ ရွက်အရွယ်မှာ စတင်​တွေ့ရတတ်ပါတယ်။

​ဖေ​ဖော်ဝါရီနဲ့ မတ်လအတွင်း မွှားကျ​ရောက်မှု အပြင်းထန်ဆုံးကာလို့ အိန္ဒိယနိုင်ငံ၊ စိုက်ပျိုး​ရေးတက္ကသိုလ်၊ ဇီဝ​ဗေဒဌာန၏ သု​တေသန ​ဆောင်းပါးမှာဖော်ပြထားပါတယ်။

အပင်ပြလက္ခဏာ

ကြက်သွန်အရွက်​တွေရဲ့ တတိယ​မြောက်အရွက်မှာ အ​ပေါ်​ထောင်မတက်နိုင်​တော့ဘဲ စက်ဝိုင်းပုံအောက်ပြန်လိမ်ပြီး အခြားအရွက်နဲ့ ကွင်းထိုးလိမ်​နေပါတယ်။ ဝက်မြီးပုံ အရွက်လို့လည်း ​ခေါ်ကြပါတယ်။ အနီးစပ်ဆုံး မြင်လွယ်​အောင်​ပြောရရင် ကွင်းထိုးဂမုန်းရွက် လိမ်သလိုပါပဲ။ အချိန်မီမနှိမ်နင်းနိုင်ရင် Allesivirus ကြက်သွန်ဖြူ ဗိုင်းရပ်​ရောဂါဖြစ်​စေပြီး၊ အထွက်နှုန်း ၃၂%  အထိ ဆုံးရှုံးနိုင်ပါတယ်။

ဖြစ်တတ်​သော ရာသီဥတု

ဆောင်းကြက်သွန်ဖြူစိုက်ခင်း​များ၊ ​တပို့တွဲ၊​ တ​ပေါင်းလ  ​နေ့ပူ/ညချမ်း အချိန်အခါမျိုး၊ ၁၅°-၃၅°ဆဲစိယပ်ထိ အပူချိန်မြင့်တဲ့အချိန်မျိုးများနဲ့ နောက်ကျစိုက်ခင်းများတွင် ကျ​ရောက်နိုင်ပါတယ်။

အရွက်အ​ရောင် စိမ်းရာမှ ဝါလာခြင်း၊ အရွက်အဖျားတွန့်လိမ်လာခြင်း၊ အရွက်အချို့ ကွင်းထိုးလိမ်ခြင်းမျိုး ဖြစ်ချိန်တွင် အား​ဆေးဖျန်းမိရင် ပိုးဆိုးရွားလာတတ်ပါတယ်။

​မြေသြဇာ​ကျွေး၊ ပိုး​ဆေး/မှို​ဆေးဖျန်းလို့ လည်း မထူးခြားဘူးဆိုရင် အဲဒီ ကြက်သွန်ဖြူခင်း မွှားကျ​ရောက်​နေပါပြီ.

ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

  • မြေကွက်တကွက်တည်းမှာ ကြက်သွန်နီ/ကြက်သွန်ဖြူသီးနှံကို နှစ်စဉ်ဆက်တိုက် စိုက်ခြင်းရှောင်ပါ။
  • ကြက်သွန်ဖြူ မျိုးဥမွှာ​လေးများကို မစိုက်မီ ​ရေ​နွေး(၅၀°ဆဲစိယပ်)မှာ ၁မိနစ်ခန့် စိမ်စိုက်ပါ။
  • အပင်ထူထူ စိုက်ခြင်း ​ရှောင်ပါ။
  • ဆာလဖာ၈၀%WDG+ ပရိုဖီနို​ဖော့၊ ပိုင်ရီဒါဘင်၊ ဒိုင်ကို​ဖော၊ ပရိုပါဂိုက်ကို အညွှန်းပါအတိုင်းဖျန်းပါ။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်