မီးဖိုချောင်ထဲက ကြက်သွန်ဖြူကိုအသုံးပြုပြီး ဖျက်ပိုးတွေ ပြေးအောင်ပြုလုပ်နည်း (၃)နည်း

22/11/2023 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မီးဖိုချောင်မှာ မရှိမဖြစ်အသုံးပြုကြရပြီး အရေးပါတဲ့ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်တဲ့ ကြက်သွန်ဖြူဟာ ဟင်းလျာတွေ ချက်ပြုတ်ရာမှာသာမက အပင်နဲ့ စိုက်ခင်းတွေမှာပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ အိမ်မှာ သီးနှံစိုက်ခင်းလေးတွေ အလှပန်းပင်တွေ စိုက်ပျိုးထားတဲ့အခါ ပိုး ရောဂါ ကျရောက်တာမျိုး ကြုံတွေ့ရမယ်ဆိုရင် ကြက်သွန်ဖြူကို အသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 

ကြက်သွန်ဖြူမှာ ပါဝင်နေတဲ့ အဆီဓာတ်တွေနဲ့ သဘာဝဒြပ်ပေါင်းတွေဟာ ပိုးနှိမ်နင်းရာမှာ အဓိကကျတဲ့ အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် ကြက်သွန်ဖြူမှာပါဝင်နေတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေဟာ အင်းဆက်တွေရဲ့ အာရုံခံ အစိတ်အပိုင်းတွေကို အနှောက်အယှက် ဖြစ်စေနိုင်ပြီး ပျံသန်းနိုင်တဲ့အင်းဆက်တွေရော တွားသွားတဲ့အင်းဆက်တွေကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ကြက်သွန်ဖြူဟာ အင်းဆက်ပိုးတွေကို သေသွားစေတာထက် ပိုးတွေမလာအောင် ကာကွယ်ပေးတာမျိုး၊ လှုပ်ရှားသွားလာမှု နည်းသွားစေတာမျိုးနဲ့ အစာစားချင်စိတ် နည်းပါးစေတာမျိုးတွေ ဖြစ်စေတာပါ။ ကြက်သွန်ဖြူကို စိုက်ခင်းတွေမှာ ဘယ်လိုပုံစံနဲ့ အသုံးပြုလို့ရပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ကြက်သွန်ဖြူကို စိုက်ခင်းတွေမှာ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ များစွာရှိပေမယ့် ယခုဆောင်းပါးမှာတော့ အလွယ်တကူ အသုံးပြုနိုင်တဲ့ နည်းလမ်း ၃ ခုကိုပဲ ဦးစားပေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ ပါဝင်ပစ္စည်းနှုန်းထားတွေဟာ တနိုင်တပိုင် စိုက်ခင်းငယ်လေးတွေအတွက် ရည်ရွယ်တာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ 

ကြက်သွန်ဖြူ၊ ဆပ်ပြာအဆီနဲ့ ဟင်းသီးဟင်းရွက်ဆီကို အသုံးပြုပြီး ပြုလုပ်နည်း

  • ကြက်သွန်ဖြူ ၁ လုံး 
  • ကြိတ်စက်
  • ရေ သောက်ရေခွက် ၂ ခွက် 
  • ပန်းကန်ဆေးဆပ်ပြာအဆီ ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ၂ ဇွန်း 

ကြက်သွန်ဖြူကို အခွံခွာပြီး ကြိတ်စက်ထဲ ထည့်ရပါမယ်။ ကြက်သွန်ဖြူကို လုံးဝကြေမွသွားသည်အထိ ကြိတ်ပြီးပါက ‌‌ရေနဲ့ ဆီကို ထည့်ပေးပြီး မွှေပေးပါ။ ၎င်းအရောအနှောကို ၂၄ နာရီကြာအောင် ထားရှိပြီးနောက် ကြက်သွန်ဖြူ ကြိတ်ဖတ်များကို စစ်ယူပါ။ ရရှိလာတဲ့အရည်ကို ဆေးဖျန်းမယ့်ဗူးထဲထည့်ကာ ဆပ်ပြာအဆီကို ထပ်မံထည့်ပြီး သေချာရောမွှေပေးရပါမယ်။  ပြီးပါက ရရှိလာတဲ့ ဆေးရည် ၁ ဆကို ရေ ၆ ဆ နဲ့ ထပ်မံရောစပ်ပြီးနောက် ပျပိုးကျရောက်နေတဲ့ အပင်တွေမှာ အသုံးပြုနိုင်ပါတယ်။ ဆေးရည်ဖျန်းတဲ့အခါ အရွက်တွေ အကိုင်းအခက်တွေရဲ့ အပေါ် အောက် မျက်နှာပြင်ကို သေချာနှံ့စပ်အောင် ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဒီဆေးရည်ကို ပန်းသီး၊ သစ်တော်သီး၊ နှင်းဆီ၊ တရုတ်နံနံ၊ ပဲပင်များ၊ ဆလပ်၊ သခွား စတဲ့ သီးနှံတွေမှာ အသုံးပြုနိုင်ပါတယ်။ ပျပိုးတွေဟာ အလွန်သေးငယ်ပြီး အပင်ရည်ကို စုပ်ယူစားသုံးကြတဲ့ အဖျက်ပိုးတွေ ဖြစ်ပါတယ်။ ပျပိုးကျရောက်တဲ့အခါ အရွက်၊ ပင်စည်၊ အသီး စတာတွေမှာ ထိခိုက်ပျက်စီးနိုင်ပြီး အထူးသဖြင့် နုနယ်တဲ့ အပင်ငယ်လေးတွေဆိုရင် ပိုပြီးထိခိုက်ပျက်စီးနိုင်တာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာဆိုရင် အင်းဆက်တွေကို အဆိပ်ဖြစ်စေတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ပျပိုး အပါအဝင် အခြားသော အဖျက်ပိုးတွေကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ကြက်သွန်ဖြူနဲ့ ပန်းကန်ဆေးဆပ်ပြာရည်ကို အသုံးပြုပြီး ပြုလုပ်နည်း

  • ကြက်သွန်ဖြူ ၃ လုံး
  • ရေ ၁ လီတာ 
  • ပန်းကန်ဆေးဆပ်ပြာ အရည် 

ပထမဦးစွာ ကြက်သွန်ဖြူ အမွှာလေးတွေကို ဖဲ့ထုတ်ပြီး အခွံခွာရပါမယ်။ ပြီးပါက ခွာထားတဲ့ ကြက်သွန်ဖြူကို ကြိတ်စက်ထဲသို့ ထည့်ပါ။ ၎င်းထဲသို့ သောက်ရေခွက် တစ်ခွက်စာလောင်းထည့်ပါ။ (ရေ ၁ လီတာထဲမှ ယူရမှာဖြစ်ပါတယ်) ထို့နောက် ကြက်သွန်ဖြူများ လုံးဝကြေမွသွားသည်အထိ ကြိတ်ပေးပါ။ ပြီးလျှင် ရေ ၁ လီတာထဲမှ ကျန်သော ရေအားလုံးနဲ့ ပန်းကန်ဆေးဆပ်ပြာအရည် ၄ စက် ကို ကြက်သွန်ဖြူကြိတ်ထားတဲ့ ဖျော်ရည်ထဲသို့ ထည့်ပေးပါ။ ထို့နောက် ၎င်းတို့ကို လုံးဝနှံ့စပ်သွားအောင် ထပ်ပြီးမွှေးပေးပါ။ ပြီးလျှင် အမှုန်အမွှားတွေကို ဖယ်ရှားဖို့ ဖျော်ရည်ကို ပိတ်စပါးပါးဖြင့် စစ်ထုတ်ပေးပါ။ 

စစ်ထုတ်လို့ရရှိပြီးတဲ့ ဖျော်ရည်ကို အပင်တွေမှာ အဖျက်ပိုးတွေ ကျရောက်တဲ့အခါ ဖျန်းလို့ရပြီ ဖြစ်ပါတယ်။ ဆေးဖျန်းတဲ့အခါ ဖျော်ရည် ၁ ဆ ရေ ၁၀ ဆ ရောစပ်ပြီး ဖျန်းပေးရမှာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူဖျော်ရည်ကို ပြုလုပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုတာကတော့ အထိရောက်ဆုံးဖြစ်ပါတယ်။ ကြက်သွန်ဖြူပိုးနှင်ဆေးဟာ သဘာဝနည်းဖြစ်တာကြောင့် အဆိပ်အတောက်အာနိသင်မရှိဘဲ အဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်ပေမယ့် အသုံးပြုပြီးတဲ့နောက် အနီးအနားဝန်းကျင်မှာတော့ ၎င်းရဲ့ပြင်းထန်တဲ့ အနံ့အသက်တော့ ရှိနေနိုင်ပါတယ်။  

ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ဖြင့် ပိုးနှင်ဆေး ပြုလုပ်ရာတွင် အသုံးပြုနည်း

  • ကြက်သွန်ဖြူ ၁၀ မွှာ 
  • ငရုတ်သီးတောင့် ၄ - ၅ တောင့် 
  • ကြက်သွန်နီ ၂ - ၃ လုံး 

ပါဝင်ပစ္စည်းတွေကို ကြိတ်ချေပြီး ရေ ၁ လီနဲ့ ရောပါ။ ပြီးလျှင် ၎င်းတို့ကို ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးလျှင် ခွက် အလွတ် ၁ လုံးထဲမှာထည့်ပြီး တစ်ညထားရှိပါ။ အသုံးမပြုခင်မှာ ဖျော်ရည်ကို ပိတ်စအပါးနဲ့ စစ်ရမှာ ဖြစ်ပါတယ်။ အသုံးပြုပုံမှာ ဖျော်ရည်ကို အလယ်အလတ် အရွယ်အစားရှိတဲ့ သောက်ရေခွက် ၁ ခွက်လျှင် ရေ ၁၀ လီတာ နှုန်းထားဖြင့် ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါ ဆပ်ပြာအဆီအနည်းငယ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ပျပိုး၊ ဂေါ်ဖီထုပ်မှာကျရောက်တဲ့ ယင်ဖြူ၊ ခူကောင်၊ ပက်ကျိ၊ ခြင်နဲ့ ကျောက်ပိုး တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါအနေနဲ့ဆိုရင် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ရွက်လိပ်ရောဂါ၊ ရွက်စက်ပြောက်ရောဂါ၊ သံချေးရောဂါနဲ့ ပင်နာကျရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

အထက်ဖော်ပြပါ နည်းလမ်းတွေဟာ ပါဝင်ပစ္စည်း အနည်းငယ်သာ ကွာခြားမှုရှိပြီး လုပ်ပုံလုပ်နည်းအားလုံး အတူတူပဲ ဖြစ်တာကြောင့် မိမိအဆင်ပြေရာ နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူပိုးနှင်ဆေးဟာ ရွေးချယ်ပိုးသတ်ဆေးမဟုတ်တာကြောင့် အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းတဲ့အခါ စိုက်ခင်းတွေထဲမှာရှိနေတဲ့ အကျိုးပြုအင်းဆက်တွေကိုလည်း အဟန့်အတားဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုသင့်ပါတယ်။

စိုက်ခင်းထဲမှာ အဖျက်ပိုးအနည်းငယ်သာရှိပြီး အပင်တွေမှာ ထိခိုက်ပျက်စီးတာမျိုးမတွေ့ရဘူးဆိုရင်တော့ ပိုးနှင်ဆေးမသုံးသင့်ပဲ သဘာဝအတိုင်း ထားသင့်ပါတယ်။

အကယ်လို့ စိုက်ခင်းထဲမှာ အဖျက်ပိုးတွေ အရေအတွက်များများတွေ့ရမယ်ဆိုရင်တော့ မနက်စောစော (သို့မဟုတ်) ညနေပိုင်းမှာ ဖျန်းပေးနိုင်ပါတယ်။

ဖျန်းတဲ့အခါမှာ အင်းဆက်ပိုးတွေ ခိုအောင်းနိုင်တဲ့ အရွက်အောက်ပိုင်းနဲ့ ပင်စည်တစ်လျှောက်ကို နှံ့စပ်အောင် ဖျန်းပေးသင့်ပါတယ်။

Ref:https://www.backyardboss.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်