ရေချိုပုစွန်ထုပ်ကြီး မွေးမြူရာ၌ ဖြည့်စွက်အစာအဖြစ် ကျွေးမွေးရန် မြန်မာ့ရေမြေသဘာဝတွင် အစာများစွာရှိပါသည်။
ဥပမာအားဖြင့် လယ်တီကောင်များ (Earth Worm)၊ လယ်ခရုများ(Snail)၊ ရေချိုဂုံးများ (Clam)၊ ငါးသေးငါးဖွဲများ (Tish Fish) သည် အစာအစိမ်းများအဖြစ် ဖြည့်စွက် အစာများ အဖြစ် ပြုပြင်ပြောင်းလဲ၍ ကျွေးမွေးနိုင်ပါသည်။ ပြည်တွင်းမှထုတ်လုပ်လျက်ရှိသည့် ပုစွန်အစာတောင့်များ ပြည်ပမှ တင်သွင်းရောင်းချသော ပုစွန်အစာတောင့်များကို ဝယ်ယူ၍ ဖြည့်စွက် အစာများအဖြစ် ကျွေးမွေးနိုင်ပါသည်။
ပြည်ပမှဝယ်ယူကျွေးမွေးနိုင်အစာတောင့်များသည် တန်ဖိုးမြင့်ပါက စီးပွားရေးအရ တွက်ခြေမကိုက်နိုင်ဘဲ ပြည်တွင်းအစာစိမ်းကုန်ကြမ်းများကို ပြုပြင်ထားသောအစာများကို ကျွေးမွေးပြီး ပုစွန်တန်ဖိုး မြှင့်တင်ပေးနိုင်ပါသည်။
အစာကျွေးမွေးခြင်းနှင့်အစာကျွေးနှုန်းများ သတ်မှတ်ခြင်း
(၁) သက်နုသားပေါက်ပြုစုစဥ်ကျွေးမွေးအစာကျွေးခြင်း
သက်နုသားပေါက်ဆိုသည်မှာ သားပေါက်စခန်းမှထွက်လာသော သားပေါက်များကို ဆိုလိုပါသည်။ ၄င်းတို့မှာ သက်နုသားပေါက်အဆင့်များဖြစ်ပါသည်။ ကျွေးမွေးရမည့် အစာအမျိုးအစား များသည် အာဟာရ တန်ဖိုးအချိုးပြည့်ဝစွာ ပါဝင်သော ပြုပြင်ရောစပ်အစာများ (သို့) သိပ္ပံနည်းကျ ဖော်စပ်ထားသောအစာများကို နေ့စဥ် ကျွေးမွေးရမည်။ အစာကျွေးနှုန်းများကို ( ၇ )ရက် တကြိမ်နှုန်း ဖြင့် ပြင်ဆင်သတ်မှတ်၍ ကျွေးမွေးရ မည်။ နေ့စဥ်ကျွေးမွေးရမည့် အစာအလေးချိန်ကို တနေ့ ( ၃ ) ကြိမ် မှ ( ၆ )ကြိမ် အထိကျွေးမွေးနိုင်ပါသည်။
သားပေါက်ပြုစုစဥ်အစာကျွေးနှုန်းများ
ပထမ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၂၀%) ကျွေးရန်
ဒုတိယ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၂၀%) ကျွေးရန်
တတိယ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၅% )ကျွေးရန်
စတုတ္ထ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၅% )ကျွေးရန်
ပဥ္စမ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၀% )ကျွေးရန်
ဆဌမ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၀% )ကျွေးရန်
သတ္တမ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၀%) ကျွေးရန်
အဌမ( ၇ )ရက် ပုစွန်များခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၀% ) ကျွေးရန်
မှတ်ချက် - ရာသီဥတုကြောင့် ရေ၏အပူချိန်ပြောင်းလဲမှုကို အဓိကအခြေခံပြီး အစာကိုအတိုး အလျှော့ ပြုလုပ်ပြီးကျွေးရမည်။
ရေချိုပုစွန်ထုပ်ကြီးသက်ရင့်သားပေါက်များကို အစာကျွေးခြင်း
သက်ရင့်သားပေါက်များဆိုသည်မှာ သက်နုသားပေါက်မှ ရက်( ၅၀ )ကျော်လွန်လာသော သက်ရင့် သားပေါက်များကိုဆိုလိုပါသည်။
သက်ရင့်သားပေါက်များကိုပြုစုစဥ် အစာကျွေးမွေးခြင်း
၁။ ပထမလ အသားဓာတ်( ၄၅% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၅% )
၂။ ဒုတိယလ အသားဓာတ်( ၄၂% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၀% )
၃။ တတိယလ အသားဓာတ်( ၄၀% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၁၀% )
၄။ စတုတ္ထလ အသားဓာတ်( ၄၀% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၈% )
၅။ ပဥ္စမလ အသားဓာတ်( ၃၈% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၈% )
၆။ ဆဌမလ အသားဓာတ်( ၃၅% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၅% )
၇။ သတ္တမလ အသားဓာတ်( ၃၅% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၅% )
၈။ အဌမလ အသားဓာတ်( ၃၅% )အပါအဝင် ခန္ဓာကိုယ်အလေးချိန်စုစုပေါင်း၏ ( ၅% )
စုစုပေါင်း ( ၈ ) လကျွေးမွေးရန် ဖြစ်ပါသည်။
ကြီးထွားမှုနှင့်ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း
ရေချိုပုစွန်ထုပ်ကြီးများ ကြီးထွားမှုနှင့် ကျန်းမာသန်စွမ်းမှုတို့သည် စီးပွားရေးအရ အလွန် အရေးပါလျက်ရှိပါသည်။ မွေးမြူရေးကန်အတွင်းရှိ ပုစွန်ထုပ်ကြီးများ၏ အခြေအနေကို နေ့စဥ် ကျွေးမွေးသည့် အစာ အမျိုးအစားများ၏ အကျိူးသက်ရောက်မှုအရ သိရှိနိုင်ပါသည်။ ပုစွန်များ၏ ကြီးထွားမှုအခြေအနေကို ( ၁၅ )ရက်လျှင်တကြိမ် ( သို့ ) တစ်လလျှင်တစ်ကြိမ် မဖြစ်မနေ စစ်ဆေးဆောင်ရွက်ရမည်။ ပုစွန်များ၏ စုစုပေါင်း အလေးချိန်များ ချိန်တွယ်ကြည့်ရှုရမည်။ ကြီးထွားမှုနှင့် ကျန်းမာသန်စွမ်းမှုများကို ဆောင်ရွက်ရာတွင် လက်ပစ်ကွန်ကိုအသုံးပြု၍ အကောင် နမူနာယူကာစစ်ဆေးနိုင်သည်။ ဖမ်းဆီးရမိသောအကောင်များ၏ အလျားကိုတိုင်းတာခြင်း၊ အလေးချိန် ချိန်တွယ်ခြင်းဖြင့် စုစုပေါင်းအကောင်ပျမ်းမျှအလေးချိန်များကို ချိန်တွယ်ပြီး မှတ်တမ်း ပြုစုထားရမည်။ အဆိုပါ တိုင်းတာစစ်ဆေးမှုများအရ အကောင်များ၏ ကျန်းမာ သန်စွမ်းအခြေအနေ များနှင့်အနာရောဂါကျရောက်မှု၊ ကပ်ပါး ပိုးမွှားများကပ်ငြိနေမှုများကို အမြင်အားဖြင့် သိသာ စစ်ဆေးနိုင်ပါသည်။ အဆိုပါအားဖြင့် ကျွေးမွေးခဲ့သည့် အစာအမျိူးအစား၏ အကျိူးသက်ရောက်မှု များကိုပါ တစ်ပါတည်းသိရှိနိုင်မည်ဖြစ်ပါသည်။
ရေညှိရေမှော်ပင်များ အဆမတန်ပေါများခြင်း
ပုစွန်မွေးမြူရေးကန်များတွင် သဘာဝအလျောက် အပင်ပိုင်းဆိုင်ရာ သက်ရှိများ ပေါက်ပွား လေ့ရှိပါသည်။ ၄င်းတို့မှာ ရေမှော်ပင်များဖြစ်၍၊ အပင်မျှောလှေများ ( Zoo Phytoplankton ) ဖြစ်ပါသည်။ ၄င်းတို့သည် ကန်အောက်ခြေတွင် တွယ်ကပ်ပေါက်ရောက်လေ့ရှိပါသည်။ ပွားများ လာခြင်းလည်း ဖြစ်ပေါ်သည်။ ၄င်းရေညှိအုပ်စု များတွင် စိမ်းပြာရေညှိများ၊ ရေမှော်အုပ်စုများ၊ ကန်ပင်များ၊ ကန်ညှော်ပင်များ ခွေးမီးဖုတ် ကဘုံမာ စသည့်အပင်များပါသည်။ ဒေါင်းမြက်များ၊ ဝက်သလုံးပင်များ၊ ဗေဒါပင်၊ ကန်စွန်းပင်၊ ကြာပင် စသည့်အပင်များလည်း အလွန်အကျွံ ပေါက်ပွားကြပါသည်။ ထိုသို့ အလွန်အကျွံပေါက်ပွားမှုများဖြစ်ပေါ် လာပါက ပုစွန်များ၏ နေထိုင်စားသောက်မှုအရပ်ရပ် အဟန့်အတားဖြစ်နိုင်ခြင်း၊ ရေထု၏ဂုဏ်သတ္တိများ ကျဆင်း လာနိုင်ခြင်းဖြစ်ပေါ်နိုင်သည်။ သက်ရှိအပင်များပုပ်သိုးဆွေးမြေ့သေဆုံးမှုများကြုံလာပါက ရေထု ညစ်ညမ်းများဖြစ်ပေါ်၍ ရေဂုဏ်သတ္တိပြောင်းလဲပါသည်။ ပုစွန်များတွင်လည်း အသက်ရှုကြပ်၍ သေဆုံးနိုင်ကြောင်း တွေ့ရပါသည်။ ပုစွန်များအတွက် အန္တရာယ်ကြီးမားစွာ ထိခိုက်နိုင်ကြောင်း ဖြစ်တတ်သည်။
သို့ဖြစ်ပါ၍ အပင်မျှောလှေများ၊ အလေ့ကျအပင်များလာပါက ရှင်းလင်းရန် အထူးလိုအပ်လှပါ သည်။
အနာရောဂါများကျရောက်ခြင်း
ပုစွန်မွေးမြူရေးကန်များတွင် ခေတ်မှီစနစ်တကျမွေးမြူထုတ်လုပ်သည့်အခါတွင် အနာရောဂါ ကျရောက်မှုများသည် အနည်းနှင့်အများရှိတတ်သည်။ အဘယ့်ကြောင့်ဆိုပါလျှင် စီးပွားဖြစ် မွေးမြူလာသောအခါတွင် တစ်ဧက ၏ မျိုးသားပေါက်ထည့်နှုန်း မြင့်မားလာပါက အစာကျွေးနှုန်းလည်း မြင့်မားလာမည် ဖြစ်သည်။ ထိုအခါတွင် မွေးမြူရေးကန်အောက်ခြေကြမ်းပြင်နှင့်ရေထုအတွင်း ညစ်ညမ်းမှု ပိုမိုစေခဲ့ပါသည်။ ရေထုအတွင်း ညစ်ညမ်းမှု ကြောင့် အနာရောဂါနှင့် ပိုးမွှားမျိုးစုံလည်းဝင်ရောက်ကာ အနာရောဂါ ဖြစ်တတ်ပါ သည်။
အနာရောဂါကျရောက်မှုအခြေအနေကို အောက်ဖော်ပြပါအချက်များက အခွင့်အလမ်း ပေးသလို ဖြစ်သွားနိုင်ပါသည်။
၁။ ပုစွန်မွေးမြူရေးကန်အတွင်း ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာပါက အောက်စီဂျင် ပျော်ဝင်မှု နှုန်းသည် ( ၄ )ပီပီအမ်အောက်သို့ကျဆင်းနိုင်ခြင်း။
မှတ်ချက်။ ။ (ပုစွန်ကန်များတွင် အောက်စီဂျင်ပျော်ဝင်မှုနှုန်းသည် ( ၄ ) ပီပီအမ် အထက် တွင် ရှိရမည်။)
၂။ မွေးမြူရေးကန်ရေထုအတွင်း အပင်မျှောလှေများ အဆမတန် ပေါက်ပွား များပြားလာခြင်းနှင့် ရေအရောင်သည် ကျောက်စိမ်းရင့်ဖြစ်သွားပြီး ရေကြည်နှုန်းကျဆင်းလာခြင်း။
၃။ ပုစွန်ကန်အတွင်း အပင်မျှောလှေများသေကျေပျက်စီးခြင်းကြောင့် ရေအရောင်များသည် အညိုရင့်ရောင်မှ ကော်ဖီရောင်သို့ ပြောင်းလဲလာပြီး ရေကြည်နှုန်းမှာ လုံးဝပျောက်ဆုံး၍ ရေများ နောက်ကျိသွားခြင်း။
၄။ မွေးမြူရေးကန်အတွင်း အစာကျန်များ ပုပ်သိုးဆွေးမြေ့၍ အနယ်အနှစ်များမှ နုန်းထုများ ဖြစ်ပေါ်လာခြင်း၊ ရောဂါပိုးများပေါက်ပွားရှင်သန်မှုများလာခြင်း။
၅။ မွေးမြူရေးကန်အတွင်း ရေမျက်နှာပြင်များသည် နေ့အချိန်၌ ဆီစေ့ကာ မျက်နှာပြင် ရေကြောတင်ခြင်း၊ အနယ်အနှစ်မှ အမြုပ်များစုဝေး ဖြစ်ပေါ်လာခြင်း။
အထက်ပါဖော်ပြချက်များကြောင့် ပုစွန်များတွင်ရောဂါများ ဝင်ရောက်ကာသေဆုံးသွားနိုင် ပါသည်။
ရောဂါပိုးအမျိုးအစားများ
ပုစွန်ထုပ်ကြီးများတွင် အနာရောဂါကျရောက်နိုင် အဏုဇီဝပိုးမွှားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ Viruses = ပိုးမွှားများ
၂။ ဘက်တီးရီးယား ပိုးမွှားများ
၃။ Fungi = မှို ပိုးမွှားများ
၄။ Protozoa =ပရိုတိုဇိုး ပိုးမွှားများ
၅။ Parasites = ကပ်ပါးကောင်များ
၆။ Worms = သံကောင်အုပ်စုပိုးများ စသည်တို့ဖြစ်ပါသည်။
အနာရောဂါများ
ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူရာတွင် ဖြစ်တတ်သော ဘက်တီးရီးယား ပိုးမွှားအုပ်စုဝင်များ အဗွိုင်ဗရီယိုး ( Vibrio ) မျိုးစိတ်များကြောင့် ဖြစ်တတ်သောရောဂါ အမျိုးအစား များကို အောက်ပါအတိုင်း တွေ့ရပါသည်။
၁။ ပါးဟတ်မဲရောဂါ ( Black Gill Disease )
၂။ တစ်လကြာရောဂါ ( One Month Disease )
၃။ အခွံနာရောဂါ ( အမဲပြောက်များ၊ အညိုပြောက်များ ) ( Shell Disease )
၄။ အမြီးရိနာ
၅။ အနီရောင်ရောဂါ
၆။ အမဲရောင် အစင်းတန်းရောဂါများ ဟူ၍ရှိပါသည်။
၄င်းရောဂါအားလုံးသည် အဗွိုင်ဗရီယိုးစစ် ( Vibriousis Diseases ) များဖြစ်ပါသည်။
ရံဖန်ရံခါများတွင် ဘက်တီးရီးယားပိုးမွှားရောဂါ အတူအခြားရောဂါပိုးမွှားများကြောင့် ဆင့်ပွား ရောဂါ များလည်း အနည်းအများဖြစ်တတ်ပါသည်။
အထူးသဖြင့် မှိုပိုးမွှားများ ဇူးသမ်းနီးယမ်း ( Zoothamnium ) ခေါ် ပရိုတိုဇိုပိုးမွှားများကြောင့် ပုစွန်များ၏ ပါးဟတ်များတွင် အနာရောဂါများ အများဆုံး ဖြစ်ပွားသည်ကို တွေ့ရှိရပါသည်။ ခန္ဓာကိုယ်၏ အတက်အလက်များ၊ အဆစ်များ၊ အခွံများကြားတွင် ဘက်တီးရီးယား ပိုးမွှားများ၊ မှိုပိုးမွှားများသည် ရေထဲရှိ ရေညှိအပင်ငယ်များ၊ မျှောလှေများနှင့်အတူရောစပ်၍နေပါက ပုစွန်များသည် ရောဂါပိုး ဝင်ရောက်နေပြီဖြစ်ကြောင်း လေ့လာသိရှိနိုင်ပါသည်။
ဖြေရှင်းဆောင်ရွက်ပေးရမည့် နည်းလမ်းများ
ဤသို့ရောဂါပြဿနာ လက္ခဏာတစ်ရပ်ရပ်နှင့် တွေ့ကြုံလာပါက အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ပါ သည်။ အမြန်ဆုံး ဖြေရှင်းနိုင်ပါက ပုစွန်များသည် ကူးစက်လွယ်ကူ၍ တစ်ကောင် နှစ်ကောင်မှ စတင်၍ တကန်လုံးအဖြစ်သို့ရောက်ရှိသွားနိုင်ပြီး ပုစွန်အားလုံး သေဆုံးနိုင်ခြင်း ဖြစ်ပါ်တတ်၍ အထူးအရေးကြီးစွာဖြင့် အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်ပါသည်။
၁။ မွေးမြူရေးကန်ရှိ ရေများလဲလှယ်ပေးခြင်း
၂။ စက်ယန္တရားသုံး၍ ရေဒလက်များသုံး၍ ၄င်းရေများလှုပ်ရှားဆောင်ရွက်ပေးခြင်း
၃။ မွေးမြူရေးကန်အတွင်းရေသစ်ထည့်ပေးခြင်း
၄။ အစာကျွေးမှု ယာယီရပ်ဆိုင်းခြင်း
၅။ အစာများတွင် ကုသရန်ဆေးဝါးများ ပေါင်းစပ်၍ ကျွေးမွေးခြင်း
၆။ မွေးမြူရေးကန်ပြောင်းရွေ့ခြင်း
၇။ အမြန်ဆုံးဖမ်းဆီးထုတ်လုပ်ရောင်းချရန် ဖြစ်ပါသည်။
အထက်ပါအချက်အရ ရေချိုပုစွန်များ ရောဂါဝင်ပြီး အနာတရဖြစ်ပေါ်လာလျှင် ချက်ချင်း အလျင်အမြန်မဆောင်ရွက်ပါက ပုစွန်ဆုံးရှုံးမှု များပြားလာပြီး စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ အရှုံးနဲ့ရင်ဆိုင် ရတော့မည်ဖြစ်ပါသည်။
ထို့ကြောင့် ပုစွန်ကန်တွင် ပုစွန်တစ်ကောင် သေဆုံးခြင်း တွေ့ရှိပါက အမြန်ဆုံးဖြေရှင်းရမည်။ မေ့လျော့နေခြင်း ဖြစ်နေပါက ပုစွန်တစ်ကောင်ကြောင့် ပုစွန်များအကုန်သေကျေပျက်စီးနိုင်ပါသဖြင့် သတိချပ်သင့်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်