အခွံမာရေသတ္တဝါ ပုစွန်ကျား၏ သဘာဝနှင့် အသုံးဝင်ပုံ

24/10/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပုစွန်မျိုးစိတ်များသည် ခြေ၊ လက်(၅)စုံပါသော အခွံမာရေသတ္တဝါ(decapoda crustaceans) များဖြစ်ကြသည်။ ပုစွန်ကျားသည် မျိုးပေါင်းစု-Arthropoda တွင်ပါဝင်ပြီး မျိုးစဥ်-Decapoda အောက်တွင် ပါဝင်ပါသည်။ အင်္ဂလိပ်အခေါ်မှာ Black Tiger shrimp / Giant Tiger shrimp/ Asian Tiger shrimp ဟုသိရပြီး သိပ္ပံအမည်မှာ Penaeus Monodon (P.Monodon) ဖြစ်သည်။

ပုစွန်မျိုးစိတ်များတွင် လူသိများပြီး ပြည်တွင်းပြည်ပစျေးကွက်တွင် စျေးကောင်းသောပုစွန်မှာ ပုစွန်ကျားဖြစ်ပါသည်။ ၄င်းကို နေရာဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပါသည်။

ရခိုင်ကမ်းရိုးတန်းတွင် ကုလားပုစွန်ဟူ၍ လည်းကောင်း၊ တနင်္သာရီတွင် ပုစွန်ကျားဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပါသည်။ 

ပုစွန်ကျားမျိုးများသည် ကိုယ်ထည်ပြား၍ ပုစွန်ထုပ်လောက် ခေါင်းမကြီးချေ။ အပေါ်အရေခွံလည်း ပုစွန်ထုပ်လောက်မထူဘဲ အရောင်မှာစိမ်းညိုရောင်နှင့် အဝါစင်းကျားဖြစ်သည်။ လက်နှင့် ဝမ်းဗိုက်ရှိ ရေကူးအဂ်ါများလည်း ပို၍ ပျော့ပျောင်းနူးညံ့သည်။အရွယ်အားဖြင့် ၆ လက်မမှ ၈ လက်မအထိ ရှိသည်။

နေထိုင်ကျက်စားပုံနှင့် အလေ့အထ

ပုစွန်ကျားများသည် ​ကွဲပြားခြားနားသော ပတ်ဝန်းကျင်ဒေသ နေရာအမျိုးမျိုးတွင် ရှင်သန်ကျက်စား နေထိုင်တတ်ကြသည်။ အများအားဖြင့် အရှေ့တောင်အာရှတွင် တွေ့ရသည်ဆိုသော်ငြားလည်း အခြားခြားသော နေရာဒေသများတွင်လည်း တွေ့ရှိနိုင်ပါသည်။ ကျားပုစွန် အရွယ်ကောင်းများကို မြစ်ချောင်းများနှင့် ဒီရေတောများတွင် ပုံမှန်အားဖြင့်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပြီး မျိုးပွားနိုင်သည့်အရွယ်ရောက်သည်နှင့် ရေနက်ပိုင်း၊ မြစ်ဝ၊ ပင်လယ်သို့ထွက်ခွာသွားကြလေ့ရှိသည်။ ရေနက်ပိုင်းအောက်ခြေရှိ ကျောက်ဆောင်နှင့် နွံထူသည့်နေရာမျိုးတွင် နေထိုင်လေ့ရှိကြသည်။ နေထိုင်သည့်ပတ်ဝန်းကျင်ကိုလိုက်၍ ပုစွန်၏အရောင်သည်လည်း ပြောင်းလဲမှု ရှိပေသည်။ အနက်ရောင် ကုလားပုစွန်များကို တွေ့နိုင်သလို အခွံမှာ အစိမ်း အဝါ အစင်းကြောင်းများဖြင့်လည်းကောင်း၊ ခဲရောင် အစင်းကြောင်းများဖြင့်လည်းကောင်း တွေ့ရှိနိုင်ပေသည်။ ညဉ့်အချိန်ခါမှ အစာထွက်စားလေ့ရှိကြပြီး နေ့ခင်းဘက်အချိန်များတွင် ရွှံ့နွံများထဲတွင် ခန္ဓာကိုယ်ကို နစ်မြုပ်ထားကာနေထိုင်ကြသည်။ မြစ်၊ချောင်းများ၏ ကြမ်းပြင်တွင် အနည်ကျရောက်လျက်ရှိသော သက်ရှိအနုဇီဝ ပိုးကောင်များ၊ အခွံမာ အကောင်ငယ်များ၊ ကပ်ပါးကောင်ငယ်များနှင့် ခရုကမာ အကောင်ငယ်များကို စားသုံးကြသည်။ သားပေါက်အဆင့်တွင် သက်ရှိရေမျှော အပင်/အကောင် ငယ်လေးများကို အဓိကစားသုံးပြီး ရှင်သန်ကြီးထွားလာကြသည်။ ညဉ့်အချိန် မှသာ မိတ်လိုက်တတ်ကြပြီး တစ်ခါပေါက်လျှင် ဥပေါင်း ၈ သိန်းအထိ ဥချနိုင်သည်။ 

မျိုးပွားခြင်း

သားပေါက်အရွယ်မှ မျိုးပွား နိုင်သည့်အရွယ်ရောက်သည်အထိ ရေချိုရေငန်စပ် မြစ်ချောင်းများနှင့် ဒီရေတောများတွင် နေထိုင်ကျက်စားကြပြီး မျိုးပွားမည့် အရွယ်တွင် ရေနက်ပိုင်း ပင်လယ်သို့ထွက်ခွာသွားပြီး ဥချလေ့ရှိကြသည်။ သက်ကြီးမျိုးပွားခါနီးအကောင်များကို ပင်လယ်ပြင်၌အများအားဖြင့် တွေ့ရသည်။ သက်ကြီးအထီးအမများသည် ပင်လယ်ပြင်ထဲတွင် မိတ်လိုက်ပြီး ဥဥချတတ်သောအလေ့အထ ရှိသည်။ ဥမှပေါက်ဖွားလာသော သားလောင်းများသည် ရေစီးနှင့်အတူ မျောပါလာပြီးသားပေါက်အရွယ်တွင် မြစ်ချောင်းများနှင့် ဒီရေတောများအတွင်းသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ မြစ်ချောင်းများနှင့်ဒီရေတောများတွင် ရှင်သန်ကျက်စားကြပြီး မျိုးပွားမည့်အရွယ်တွင် ရေနက် ပိုင်းပင်လယ်ထဲသို့ တစ်ဖန် ထွက်ခွာသွားကြပေသည်။

ပုစွန်ကျားအမသည် အထီးထက်အရွယ်ကြီး၍ မျိုးပွားရန်ရင့်မှည့်နေသော ဥအိမ်များသည် အမ၏ကျောဘက်တွင် အတန်းလိုက်ရှိနေကြောင်း မြင်တွေ့နိုင်သည်။အထီးများ၏ မျိုးပွားအင်္ဂါသည် ပထမရေယက်နှစ်ခုအတွင်း၌ တည်ရှိနေပြီး Petasma ဟုခေါ်သည်။ အမများ၏ သုတ်လက်ခံအိမ်မှာ thelycum ဟုခေါ်၍ နောက်ဆုံး/ခြေနှစ်ခုကြားတွင် တည်ရှိသည်။ 

ဖွံ့ဖြိုးကြီးထွားလာပုံ အဆင့်အဆင့်

ပုစွန်ကျားအမသည် ဥများကို ဥချပြီးနောက် အဆိုပါဥများသည်ရေအောက်ခြေကြမ်းပြင်သို့ ဖြည်းဖြည်းချင်း နစ်ဆင်းသွားကြသည်။ ဥကနေစတင်ပြီးသားလောင်းအရွယ်ရောက်သည်အထိကို အဆင့် ၃ ဆင့်ရှိသည်။ ဥကနေစတင် ပေါက်ဖွားလာသည့် ပထမအဆင့်ကို Nauplius ဟုခေါ်ဆိုပြီး ပင့်ကူအကောင်ငယ်များကဲ့သို့ပင် ပုံစံရှိသည်။ အဆိုပါ အကောင်ငယ်လေးများသည် ပင်လယ်ပြင်ကနေ ကမ်းနီး မြစ်ချောင်းများသို့ ရေလှိုင်းများနှင့်အတူ မျှောပါလာကြသည်။ ဤသို့ ရေလှိုင်းများနှင့် မျှောနေစဉ်အတွင်းမှာပင် နောက်တစ်ဆင့်သို့ကူးပြောင်းနိုင်ဖို့အတွက် အခွံလဲခြင်းကို ခြောက်ကြိမ်တိုင်တိုင် ပြုလုပ်ကြသည်။ အချိန်အားဖြင့် ၁၅ နာရီခန့်ကြာမြင့်သည်။ 

ယင်းနောက် ဒုတိယအဆင့် Protozoea တွင်   ခန္ဓာကိုယ်အရွယ်အစား သိသာစွာ ကြီးထွားလာသည်ကို တွေ့မြင်နိုင်သည်။ ရေယက်နှင့်ခြေချောင်းများမှာလည်း ငှက်မွေးများကဲ့သို့ပေါ်ထွက်လာပြီဖြစ်သော်လည်း အကောင်မျှောအဆင့်မှာ သာရှိသေးသည်။

အခွံ သုံးခါလဲပြီးနောက် တတိယအဆင့် Mysis သို့ပြောင်းလဲသွားသည်။ ၎င်းအဆင့်တွင်  အရွယ်ရောက်ပြီးပုစွန်များကဲ့သို့ ခန္ဓာကိုယ်အဆစ်များ၊ မျက်လုံးများနှင့် အမြီးများ ပေါ်လွင်လာသည်။

သုံးကြိမ် အခွံလဲပြီးနောက် post larvae သားလောင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။ ဤအဆင့်တွင် အကောင်မျှောလေး အဆင့်မှ အောက်ခြေကြမ်းပြင်တွင် အစာရှာစားတတ်သည့် Benthic feeding ဘဝသို့ ရောက် ရှိသွားနှင့်ပြီဖြစ်သည်။ ဥချခြင်းကနေ သား‌လောင်း Post larvae (Pl) အဆင့်ရောက်သည်အထိကို ၂ ပတ်ကနေ ၃ ပတ်အထိ ကြာမြင့်တတ်သည်။ ကြီးထွားမှုအဆင့်တိုင်းတွင် အခွံလဲကြသည်။ ၆ လသားအရွယ်ထိကို မြစ်ချောင်းများနှင့် ဒီ‌ရေတောများတွင် ကျက်စားနေထိုင်ကြပြီး ဥဆောင်မျိုးပွားနိုင်သည့်အရွယ်တွင် ရေနက်ပိုင်း ပင်လယ်ပြင်သို့ တစ်ခါထွက်ခွာသွားကြပြီး ယင်းမှာပင် ရှင်သန်ကျက်စားနေထိုင်သွားကြပေသည်။

ဖမ်းဆီးရရှိမှုအလေ့အထ

သန္ဓေအောင်ပြီးသောပုစွန်သားလောင်းများသည် ပင်လယ်ရေထုနှင့်အတူ မျောပါလာပြီး လက်မဝက်ခန့်အရွယ်တွင် အင်္ဂါစုံသောသားလောင်စအဖြစ်ရောက်ရှိကာ ရေချိုရေငန်စပ်ကြား ချောင်းမြောင်းများတွင် ကူးခပ်သွားလာနေကြောင်း တွေ့ရှိရပါသည်။ ထိုအချိန်မျိုးတွင် ပုစွန်ကျားသားပေါက်များ ဖမ်းဆီး၍ ရနိုင်ကြောင်း တွေ့ရှိရသည်။ ၄င်းနေရာမျိုးတွင် ၆ လက်မ၊ ၇ လက်မအရွယ်ထိ ပုစွန်ကျားများရရှိကြောင်း တွေ့ရှိရပါသည်။ ၄င်းမှတဆင့် ပိုမိုကြီးထွားပြီး သက်ကြီးကောင်များဖြစ်လာပါက ပင်လယ်ပြင်သို့ ပြန်လည်ကူးခပ်သွားလာကြောင်း တွေ့ရှိရပါသည်။ထို့ကြောင့် ၇ လက်မ၊ ၈ လက်မအရွယ် သက်ကြီးပုစွန်များများ ပင်လယ်ပြင်တွင် ကူးခပ်ကြီးထွားလာပြီး ငါးဖမ်းသဘော်များမှ ပိုက်ဆွဲပါက ရရှိကြောင်း တွေ့ရှိနိုင်သည်။သဘာဝအားဖြင့် သက်ကြီးပုစွန်ကျားများနှင့်သက်လတ်ပုစွန်ကျားများကို ရေချိုရေငန်စပ် နေရာများနှင့် ပင်လယ်ပြင်တွင် အထူးရရှိကြောင်းတွေ့ရှိရသည်။

ပုစွန်ကျား စားဖွယ်စုံ 

ပုစွန်ကျား၏အရသာမှာ အလွန်ချိုသောကြောင့် လူကြိုက်များသည်။ပုစွန်ကျား ဆီပြန်ဟင်း၊ အစပ်ဟင်း၊ ပုစွန်ကျား တန်ပူရာကြော်၊ပုစွန်ကျားသုပ်၊ ပုစွန်ကျားကင်၊ ပုစွန်ကျားထောင်း၊ ပုစွန်ကျား မှို အစပ်ထောင်း၊ ပုစွန်ကျား အာပူရခိုင်ချက်အပြင် ပုစွန်ကျားငပိထောင်း၊ ပုစွန်ကျား ပုစွန်ခြောက်တို့မှာလည်း နာမည်ကြီးသည်။

ထို့ပြင် ပုစွန်ကျားကို ပင်လယ်စာခေါက်ဆွဲကြော်၊ ပင်လယ်စာထမင်းကြော်၊ မာလာရှမ်းကော၊ မာလာမောက်ချိုက်၊ ကြေးအိုး၊ hot pot စသည့်ဟင်းလျာများတွင်လည်းထည့်သွင်းအသုံးပြုကြသလိုပုစွန်ကျားအစိမ်းကို ပင်လယ်စာဆော့စ်ဖြင့်လည်း တွဲဖက်စားကြသေးသည်။

ပုစွန်ကျားကို အများအားဖြင့် လတ်လတ်ဆက်ဆက် ချက်ပြုတ်စားကြသော်လည်း အနောက်နိုင်ငံများတွင် စည်သွတ်၍ ရောင်းချကြသည်။

ပုစွန်ကျားစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ပုစွန်ကျားတွင် Selenium ဓာတ်၊ ဗီတာမင် B-12 ၊ ပရိုတင်း၊ Phosphorus ၊ ကလိုရင်း၊ ကော့ပါး၊ ကယ်လ်စီယမ်၊ အိုင်အိုဒင်း၊ ဗီတာမင် B-3 ၊ ဇင့်၊ ဗီတာမင်-E ၊ ဗီတာမင် B-6၊ Omega-3 အဆီဓာတ်၊ Pantothenic အက်စစ်နှင့် ဗီတာမင်-A စသည်တို့ ပါဝင်ပါသည်။ ထိုကဲ့သို့ ကျန်းမာရေးအကျိုးပြုဓာတ်များကြွယ်ဝစွာ ပါဝင်သော ပုစွန်ကျားကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် ခံစားရမည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ မရေတွက်နိုင်အောင် များပြားလှပါသည်။

၁။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများထဲတွင် နှလုံးသည်လည်း အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါသည်။ မိမိ၏နှလုံးသည် ကျန်းမာနေမှသာ မိမိသည်လည်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အခြားပင်လယ်စာများကဲ့သို့ ပုစွန်ကျားတွင် အိုမီဂါသရီး ဖက်တိအက်စစ် ပါဝင်ပါသည်။ထို အက်စစ်ဓာတ်များသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးရောဂါမခံစားရအောင် ကာကွယ် ပေးပါသည်။ ထို့ပြင် ပုစွန်ကျားတွင် Selenium ဓာတ်လည်း ပါဝင်ပြီး အဆိုပါဓာတ်သည် နှလုံးကို ထောက်ပံ့ကူညီပေးပါသည်။ Selenium ဓာတ်မလုံလောက်ပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ပါသည်။

၂။ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ပုစွန်ကျားတွင် Selenium ဓာတ်အများဆုံးပါဝင်သောကြောင့် ထိုဓာတ်သည် ကင်ဆာဆဲလ်များကြီးထွားမှုကို တားမြစ်ပေးပါသည်။ပုစွန်တွင်ပါဝင်သော Selenium ဓာတ်ကို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါသည်။ အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကို ပုစွန်ကျားစားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

၃။ အရိုးအဆစ်သန်မာကြံ့ခိုင်အောင် ကူညီပေးခြင်း

အရိုးအဆစ်များ သန်မာစေရန်အတွက် အလိုအပ်ဆုံးဓာတ်မှာ ကယ်လ်စီယမ်ဓာတ်ပဲ ဖြစ်ပါသည်။ အကယ်၍ သင်သည် အရိုးအဆစ်များ သန်မာချင်ပြီး ကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်ချင်သည်ဆိုလျှင် ကလ်လ်စီယမ်ဓာတ်မြောက်များစွာ လိုအပ်ပါသည်။ အဆိုပါလိုအပ်သော ကယ်လ်စီယမ် ဓာတ်များကို ပုစွန်ကျားထံမှ ရရှိနိုင်ပါသည်။

၄။ ကြွက်သားများ သန်မာစေခြင်း

တစ်နေ့တာလုံး သွက်လက်ဖျတ်လတ်စွာ သွားလာလှုပ်ရှားနိုင်ရန်အတွက် ကြွက်သားများသန်မာနေဖို့ လိုအပ်ပါသည်။ ကြွက်သားများ ဖွံ့ဖြိုးသန်မာရန်အတွက် ပရိုတင်းဓာတ် လိုအပ်ပါသည်။ ပုစွန်ကျားထဲတွင် ပရိုတင်းဓာတ် မြောက်များစွာ ပါဝင်သောကြောင့် မိမိကြွက်သားများ သန်မာဖွံ့ဖြိုးရန်အတွက် ကူညီပေးမည်ပဲ ဖြစ်ပါသည်။

၅။ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ပုစွန်ကျားတွင် Omega-3 ဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် Omega-3 ဓာတ်က ဦးနှောက်ကျန်းမာရေးနှင့် အခြားကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ 

၆။ ခြေသည်း၊ လက်သည်းနှင့် ဆံပင်ရှည်ရန် ကူညီပေးခြင်း

ပုစွန်ကျားသည် နွားနို့၊ ကြက်ဥတို့ကဲ့သို့ ပရိုတင်းဓာတ် ကြွယ်ဝပါသည်။ ပရိုတင်းဓာတ် အကြွယ်ဝဆုံးအစားအစာများထဲတွင် ပုစွန်ကျားသည် ပါဝင်ပါသည်။ ပရိုတင်းဓာတ်သည် ခြေသည်း၊ လက်သည်း၊ ဆံပင်ရှည်ရန်နှင့် ကြွက်သားများကြီးထွားစေရန် အရေးကြီးပါသည်။

၇။ စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးခြင်း

ပုစွန်ကျားတွင်ပါဝင်သော Selenium ဓာတ်သည် စိတ်ဓာတ်ကျနေခြင်းကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့ကြောင့် စိတ်ဓာတ်ကျနေလျှင် ပုစွန်များများစားပါ။

၈။ ဆီးချိုမဖြစ်ပွားအောင် ကူညီပေးနိုင်ခြင်း

ပုစွန်ကျားတွင် ပါဝင်သော အာဟာရဓာတ်တချို့သည် ဆီးချိုမဖြစ်ပွားအောင်လည်း ကူညီပေးပါသည်။

ပုစွန်ကျား၏ဆိုးကျိုး

ပုစွန်ကျား၏ ကျန်းမာရေးဆိုးကျိုးများမှာ အများကြီးမရှိပေ။ ပုစွန်နှင့် မတည့်သည့်သူများ စားမိလျှင် အလက်ဂျစ်ဖြစ်ခြင်းမျိုး ရှိတတ်ပါသည်။ အလက်ဂျစ်ဖြစ်တတ်သူဆိုလျှင် ပုစွန်ကို ချင့်ချိန်စားသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင်-

ပုစွန်မျိုးစိတ်များတွင် လူသိများပြီး ပြည်တွင်းပြည်ပစျေးကွက်တွင် စျေးကောင်းရသောပုစွန်မှာ ပုစွန်ကျားဖြစ်ပါသည်။ ၄င်း၏ အရသာမှာလည်း အလွန်ချိုပြီး ပင်လယ်စာဆိုင်များတွင် မပါမဖြစ် ထိပ်တန်းမှ နေရာယူနေသော အခွံမာရေသတ္တဝါလည်းဖြစ်သည်။ ထို့ပြင် ကျန်းမာရေးကောင်းကျိုးလည်း အများအပြားရရှိနိုင်သောကြောင့် စားပေးသင့်သော ပင်လယ်စာဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်