ချင်းသည် မျိုးရင်း (Zingiberaceae) ဖြစ်ပြီး ရုက္ခဗေဒအမည် မှာ (ZingiberofficinaleRosc) ဖြစ်သည်။ အခေါ်အဝေါ်များမှာ မြန်မာအမည် ချင်း(ဂျင်း)၊ အင်္ဂလိပ်အမည်မှာ (Ginger)၊ ကချင်အမည်မှာ (Lacow-Sacopf,Lagoe-htaneg) ဟူ၍ ခေါ်ဝေါ်ကြသည်။
ပေါက်ရောက်သည့်ဒေသမှာ မြန်မာပြည်နေရာ အနှံအပြား၌ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ အသုံးပြုသည့် အစိတ်အပိုင်းများမှ ချင်း၏ အတက်ဖြစ်သော ချင်းတက်ကိုသာ အသုံးပြုသည်။
အာနိသင်မှာ မြန်မာဆေးကျမ်းများ အလိုအရ ချင်းစိမ်းသည် ချိုခါးသော အရသာရှိ၏။ အေးသော သတ္တိရှိ၏။ နှုတ်ကိုမြိန်စေ၏။ ကြေကျက်လွယ်၏။ ဝမ်းမီးကိုတောက်စေ၏။ သလိပ်သည်းခြေဒေါသကို နိုင်၏။ ဆီးဝမ်းကို ရွှင်စေ၏။ အဆိပ်ကို နိုင်၏။ အသံနာ၊ ရင်နာ၊ လေနာတို့ကို နိုင်၏။ ပြင်းထန်သော အနာပေါက်ခြင်းနှင့် ထိခိုက်မှုတို့ကြောင့် ဖြစ်သော ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းးစေ၏။
အသုံးပြုပုံမှာ
၁။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချောင်းဆိုး၊ ပန်းနာ ရင်ကျပ်ပျောက်၏။
၂။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ရသော အရည်ကို သင့်လျော်အောင် ရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းပျောက်၏၊
၃။ ချင်းစိမ်းနှင့် ပင်စိမ်းရွက်မှ ညှစ်၍ရသော အရည်တို့ကို ညီတူညီမျှရောစပ်၍ ပျားရည် အနည်းငယ် ထည့်သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏။
၄။ ချင်းစိမ်းသတ္တုရည်ကို မီးတွင်နွေးရုံနွှေး၍ နား၌ခပ်သော် နားကိုက်ရောဂါပျောက်ကင်း၏။
၅။ ချင်းစိမ်းသတ္တုရည်ကို နှမ်းဆီနှင့်ကျို၍ရသော ဆီကို အဆစ် အမျက်ရောင်ရမ်းသောနေရာ၌ လိမ်းပေးသော် အဆစ်အမျက်ကိုက်ခြင်း၊ ရောင်ရမ်းခြင်းပျောက်၏။
၆။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း၊ သွားနာခြင်းပျောက်၏။
၇။ ချင်းစိမ်း၊ ထန်းလျက်နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏။ အစာကြေစေ၏။
၈။ သားဖွားမိခင်များ အတွက် သွေးသားစင်ကြယ်စေသည်။
Source - မြန့်မာ ဆေးဝါးပင်များ