ဆိတ်စာပင်နှင့် အာဟာရဓာတ်အကြောင်း

15/07/2021 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဆိတ်သည် စားမြုံ့ပြန်တတ်သော ကျွဲ၊ နွားများနှင့် နှိုင်းယှဉ်လျှင် စပ်စုတတ်သော တိရစ္ဆာန်မျိုးလည်းဖြစ်သည်။ နွားနှင့် သိုးများမစားသော အပင်များကိုပင် ဆိတ်တို့စားလေ့ရှိကြသည်။ ထို့ပြင်ဆိတ်များမှာ သွားရင်းလာရင်း ခရီးရှည်တစ်လျှောက် ရှာဖွေစားတတ်သည့် အလေ့လည်းရှိကြပါသည်။ ထို့သို့သော အလေ့အထကြောင့် လိုအပ်သော အာဟာရဓာတ်ကို ပြည့်မီအောင် ဖန်တီးတတ်သည့် သဘောရှိပါသည်။

    ဆိတ်စားသောအစာမှာ အပင်မြင့်များ၊ အပင်ပုများ၊ ခြုံပုတ်များ၊ မြက်များဖြစ်ကြသည်။ အစာမျိုးစုံကို လက်ခံတတ်သော်လည်း အများသိထားသော လက်ခံထားသည့်အချက် မတူညီဘဲ ဆိတ်တို့သည် ချေး(ဂျီး)များတတ်သော အလေ့ရှိသည်။ ဆိတ်တစ်ကောင်ကစားသော အစာကို အခြားတစ်ကောင်က ကြိုက်နှစ်သက်ချင်မှ နှစ်သက်တတ်ကြသည်။

    အခြားဆိတ်တို့ တက်နင်းထား၍ မြေကြီးပေနေသောအစာများကို မစားကြပါ။ ဆိတ်များသည် အစာတစ်မျိုးဘဲ စားနေရခြင်းထက် အစာမျိုးစုံစားရခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် သဘာဝအရ ပို၍ကြီးထွားဖြစ်ထွန်းပါသည်။

    ဆိတ်မွေးမြူရေး ပိုမိုဖြစ်ထွန်းသည့် အပူပိုင်းဒေသများတွင် အစာကြမ်းများ ပေါများသည်။ ဆိတ်များသည် သိုး၊ နွားတို့ထက် အစာကြမ်းကို Protein အဖြစ် ပြောင်းလဲရာတွင် သာလွန်မှုရှိသည်။ ဆိတ်ငယ် အပေါ် နှုတ်ခမ်းသည် လိုသလိုရွေ့လျားနိုင်ခြင်းကြောင့် အပင်မျိုးစုံကို ဆွတ်ခူးစားတတ်သည့် အလေ့အထရှိပြီး အာဟာရပြည့်မီအောင် ရွေးချယ်စားနိုင်စွမ်းရှိသည်။

    ထို့ကြောင့် ဆွတ်ခူးစားရသော အစာသည် ဆိတ်၏ အကြိုက်အတွေ့ဆုံးအစာဖြစ်ပါသည်။ ရာသီဥတုအပြောင်းအလဲနှင့် ဆိတ်ကောင်ရေအနည်းအများသည် ဆိတ်များ စားသုံးမှုပမာဏကို လွှမ်းမိုးတတ်သည်။ နွေရာသီတွင် ဆူးခြုံပင်များကို အစားများ၍ မိုးရာသီ၌ မြက်၊ ပဲနွယ်ပင်များကို အစားများပါသည်။

    ယေဘုယျအားဖြင့် (၈၀)ရာခိုင်နှုန်းသော အစာမှာ စားသောက်ရန် အခြေအနေမပေးပါကလည်း မြက်နှင့် အခြားသော အပင်၊ အရွက်များ၊ ကောက်ရိုးများကို စားနိုင်ကြပါသည်။ မြန်မာနိုင်ငံ၌ ရရှိနိုင်သော ဆိတ်စာ အရွက်များမှာ-

    ငှက်ပျောရွက်၊ ပိန္နဲရွက်၊ ပီလောပီနံရွက်၊ မြေပဲရွက်၊ ဇီးရွက်၊ ဇီးသီး၊ ပေါက်ပန်းဖြူရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ညောင်ချဉ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ပိုးစာရွက်၊ ပဲစဉ်းငုံရွက်၊ အစေ့၊ တမာရွက်၊ ထနောင်းရွက်၊ ထနောင်းသီး။

     နှမ်းမှော်၊ ပဲမျိုးစုံရွက်၊ မယ်ဇလီရွက်၊ အဝေရာရွက်၊ မြင်းခွာ၊ ကရေဒီ၊ စီးရီးယားရွက်၊ ပိတ်တင်းကပ်၊ ကန္တာသီး၊ ကန္တာရရွက်၊ ဇီးခလောက်ရွက်၊ ခံပင်၊ သန်းပင်၊ ဇင့်နီပင်တို့ကို ဆိတ်များ ကြိုက်နှစ်သက်ကြသည်။

    ဆိတ်မှာ ဇီးသီးများကို အလုံးလိုက်ကောက်စားကြပြီး ညဘက်နားနေချိန်၌ စားမြုံ့ပြန်ခြင်းဖြင့် အခွံကိုချေဖျက်ပြီး ဇီးစေ့ကို ပါးစပ်မှ ပြန်လည်ထွေးထုတ်ကြပါသည်။ ၎င်းဆိတ်စားဇီးစေ့၏ (၁) တင်းဈေးနှုန်းမှာ သဘာဝဇီးစေ့ထက်စာလျှင် ဈေးပိုရပါသည်။

    သစ်ပင်ခြုံပုတ်များတွင်နေသည့် အစိမ်းရောင်ပိုးကောင် ဘောက်ဖတ်များကို ဆိတ်များကြောက်ရွံ့ပါသည်။ ဆိတ်သည် ဘောက်ဖတ်ကိုက်လျှင် သေဆုံးနိုင်ကြပါသည်။

ဆိတ်များ အကောင်ကြီး အရွယ်ရောက်မြန်နိုင်ရန်အတွက် ဖြည့်စွက်စာများအဖြစ်-

    ဆန်ကွဲ၊ ဖွဲနု၊ ကုလားပဲခွံ၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ဇီးခွံ၊ ပဲစိမ်းစုံမှော်၊ ပဲမျိုးစုံမှော်ပဲဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ လုံးညှပ်အစေ့အဆံ အားလုံးကျွေးမွေးနိုင်ပါသည်။

ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျှမ်းမျှ-

    အစာနု (၁၀.၃၅) ကျပ်သားခန့် ကျွေးမွေးနိုင်ပါသည်။

    အာဟာရဓာတ်မချို့တဲ့စေရန် သတ္တုဓာတ်များ ကျွေးမွေးရန်လိုအပ်ပါသည်။ အစာတွင် ကယ်လ်စီယမ်နှင့် ဖော့စဖောရပ်ပါဝင်မှု အချိုးအစားမှန်ကန်ရန် အရေးကြီးပါသည်။

    ဆိတ်များ ကလေးမွေးပြီး ဖြစ်တတ်သော နို့ရှိန်ဖျားရောဂါသည် calcium (ကယ်လစီယမ်) ချို့တဲ့မှုကြောင့်ဖြစ်ပြီး ဆိတ်မကိုယ်ဝန်ဆောင်စဉ်ကပင် ကြိုတင်ကျွေးမွေးထားရပါမည်။ ထို့အတူ Magnesium (မက်ဂနီစီယမ်) ချို့တဲ့မှုကြောင့် အကြောသေခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း အစရှိသော ရောဂါများလည်း ဖြစ်တတ်ပါသည်။

    ထို့ကြောင့် သီးရွက်စုံစားဆိတ်များကို လိုအပ်သော ဖြည့်စွက်အစာနှင့် သတ္တုဓာတ်များ ထည့်သွင်းကျွေးမွေးခြင်းဖြင့် အာဟာရချို့တဲ့မှုမရှိဘဲ မျိုးပွားဖြစ်ထွန်းနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ဦးဇော်(dof)

Ref: The Farmer Journal


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်