စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ -၁

Photo - Good-Agricultue-Practice

Interpretive Guide for ASEAN GAP - FOOD SAFETY MODULE ကို ဘာသာပြန်ုဆို ၍ တောင်သူပညာပေး သင်ခန်းစာ အဖြစ်အသုံးပြုရန် ရည် ရွယ်ပါသည်။

                   ယနေ့ စိုက်ပျိုးရေး လောက တွင် ဂျီအေ ပီ ဆိုတဲ့ စကားလုံး သည် မရှိမဖြစ် သုံးစွဲကြသလို စိုက်ပျိုးကြသူများ နားလည် ကြရန်လည်းလိုအပ်လာပါသည်။ဂျီအေပီ (Good Agriculture Practices) ကို စိုက်ပျိုးရေး အလေ့အထကောင်းများ ဟု အဓိပ္ပါယ် ရပါသည်။

                  ASEANဒေသတွင်းရောင်းဝယ်ဖေါက်ကားကြရာတွင် အရေးကြီး လှပါသဖြင့် အာဆီယံနိုင်ငံ မှ ကိုယ်စားလှယ်များ၊ပညာရှင်များ စုပေါင်း ပါဝင်ရေးသားထားကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ခူးဆွတ်ပြီး လတ်လတ် ဆတ်ဆတ် စားသုံးကြသော သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းဝယ် ဖောက်ကားသူများ၊ သယ်ပို့ ထုပ်ပိုးသူများ၊ သင်တန်းနည်းပြများ ၊အစိုးရ တာဝန်ရှိသူများ ၊ အာလုံး နားလည် သဘောပေါက် ရန်ရည် ရွယ် ၍ ရေးသားထားခြင်း ဖြစ်ပါသည်။

                  စိုက်ပျိုးရေး လုပ်ငန်းတွင် ဓာတု ပစ္စည်းများ အလွန်အကျွံ သုံးစွဲ ကြ သော ကာလ တွင် သုံးစွဲကြသော ဓာတုပစ္စည်းတို့၏ အဆိပ်သင့်မှု ကို ကာကွယ်ရန်၊ အန္တရာယ် မဖြစ်အောင် ထိန်းသိမ်း ကြရန် အရေးကြီးလှပါသည်။ ထိုသို့ထိန်းသိမ်းမှုသည်  စိုက်ပျိုးထုတ်လုပ်စဉ်ကာလ၊ ရိတ်သိမ်းစဉ် ကာလ၊ ရိတ်သိမ်းချိန်လွန် ကိုင်တွယ် ထုပ်ပိုးတင်ပို့ ကြစဉ် ကာလများတွင် ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။

ASEAN _GAP စိုက်ပျိုးရေးအလော့အထကောင်း စံချိန်စံညွှန်းများ ကို လိုက်နာ ရန်အတွက် Standard  Module  ၄ ခုရှိပါသည်။

 1. Food safety,

2. Environmental management,

3. Worker health, safety and welfare and

4. Produce quality.

*အညှောင့်ဖောက်သော ထုတ်ကုန်များ နှင့် ထပ်မံ၍ ပြုပြင် ထုတ်လုပ်သော အစားအသောက်များအတွက် ညွှန်ကြားချက်များ မပါဝင်ပါ။ အော်ဂဲနစ် ထုတ်ကုန်များ၊ ဂျီအမ်အို မပါသောအစားအသောက်များ ထုတ်လုပ်ရေး လမ်းညွှန်ချက် များ အတွက်လည်းမရည် ရွယ် ပါ။*

              ဘေးအန္တရာယ် လုံခြုံစိတ်ချရသော အစားအသောက် ဖြစ်ရေး  Food Safety Module ကို ဤ ဆောင်းပါးတွင် ပထမဆုံး ရေးသားဖေါ်ပြပါမည်။ ဘေးအန္တရာယ် လုံခြုံစိတ်ချရသော အစားအသောက် ဖြစ်ရေး အတွက် စားသုံးသူကို အန္တရာယ် ဖြစ်စမည့်အဆိပ်အတောက်အမျိုးအစားများကို နားလည် ရန်လိုအပ်ပါသည်။

အစားအစာကို ဘေးအန္တရယ် ဖြစ်စေသောအဆိပ်အတောက်များ      (Hazards and sources of contamination)

အစားအစာကို ဘေးအန္တရယ် ဖြစ်စေသောအဆိပ်အတောက်များ ကို သုံးမျိုးသုံးစား ခွဲခြား ထားပါသည်။ ဂျီအေပီ စံချိန်စံညွှန်း ကို ပြည့်မှီစေရန် ထို အဆိပ်အတောက် သုံးမျိုး မပါဝင်စေရပါ။

၁။ ဓာတု အဆိပ်အတောက်များပါဝင်နေခြင်း။ (Chemical Hazar)

၂။ ရောဂါဖြစ်စေသော အဏုဇီဝပိုး များပါဝင်နေခြင်း (Biological Harzard)

၃။  အစားအစာကို အန္တရာယ် ရှိစေသော မလို အပ်သည့် ရုပ်ဝတ္ထုပစ္စည်းများပါဝင်နေခြင်း။ (Physical Hazard)

 

၁။  ဓာတု အဆိပ်အတောက်များပါဝင်နေခြင်း။ (Chemical Harzard)

                 ဓာတု အဆိပ်အတောက်ဟုဆိုလျင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ တွင် ပါဝင်နေတတ်သော ပိုးသတ်ဆေးဓာတ်ကြွင်းကို များသောအားဖြင့်နားလည် ကြပါသည်။ ကော်ဖီထုပ် စား၍ ဆေးရုံတင်လိုက်ရသော ၊ စိုက်ခင်းထဲတွင်မူးအံသေဆုံးကြသော အဖြစ်အပျက်များ မကြာခဏကြားနေရသောကြောင့် စားသုံးသူများ သတိထားနေကြပြီ ဖြစ်ပါသည်။

ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင် ====> ဂျီအေပီ စနစ် မှာတော့ လက်သင့်ခံနိုင်သည့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင် အမြင့်ဆုံး အတိုင်းအတာကို အင်္ဂလိပ်လို maximum residue limits (MRL) ဟုခေါ်ပါသည်။ စိုက်ပျိုးစားသုံးမည့် သီးနှံတွင် မစားခင်၊ မရောင်းချခင် ၊ ကြွင်းကျန်နေသည့် အမြင့်ဆုံး ဓာတ်ကြွင်းပမာဏ(တနည်းအားဖြင့်) လက်သင့်ခံနိုင်သည့်အတိုင်းအတာ အမြင့်ဆုံး ကိန်းဂဏန်း ကို ဆိုလိုပါသည်။ ထို့ထက် များလျှင် စားသုံးရန်မသင့်၊ တင်ပို့ရောင်းချရန် မသင့်ပါ။ ထို ကိန်းဂဏန်း ထက် ပိုနေသောကြောင့် ဆိပ်ကမ်းမှ ပြန်ယူလာရသော သီးနှံများအကြောင်း ကြားဖူးကြပါလိမည်။ ထို ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ကို အင်္ဂလိပ်လို maximum residue limits (MRL) ဟု ခေါ်ပါသည်။

                ပိုးသတ်ဆေးအမျိုးအစားကို လိုက်ပြီး တစ်မျိုး နှင့်တစ်မျိုးကွာခြားပါသည်။ မြန်မာနိုင်ငံ မှတဆင့် တခြားသောနိုင်ငံကို တင်ပို့ ပါက ထိုနိုင်ငံသည် သီးနှံကို သူ၏ နိုင်ငံ အတွင်းမသွင်းမီ မြန်မာ နိုင်ငံ တွင်းသုံးစွဲ တတ်သော ပိုးသတ်ဆေး အမျိုးအစားများကို ကြိုတင်စာရင်းပြုစု၍ အတိအကျ တိုင်းတာ သည့်အခါ maximum residue limits (MRL) အဖြေ အတိအကျ ကို ရရှိပါသည်။ ယေဘူယျအားဖြင့် တိုင်းတာပုံကတော့ သီးနှံကို နမူနာ ယူပြီး ဓာတုဆေးရည် ဖြင့်ဓာတ်ပြုကြည့်သည့်အခါ ပြောင်းလဲ သွားသည့်အရောင် ဖြင့် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ရှိခြင်းမရှိခြင်း ကို ဆုံးဖြတ်နိုင်သော်လည်း (MRL) အဖြေ အတိအကျ ကို မရနိုင်ပါ။

ပိုးသတ်ဆေး မဟုတ်သော အခြား ဓာတုပစ္စည်းများ ====> သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များထုတ်လုပ်ရာတွင် ရေစုတ်စက်၊ မီးစက်စသည် တို့နှင့်ရောနှော နေတတ်သဖြင့် ဓာတ်ဆီ၊ ဒီဇယ် ဆီ၊ ချောဆီ၊ များ ပါဝင်လာတတ်ပါသည်။ ထို့အပြင် သန့်ှရှင်းရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ရောနှောပါဝင်နေခြင်းကို သတိပြုရပါမည်။ ထိုသို့ ဓာတုပစ္စည်းများ ဂျီအေပီစနစ်တွင် ကင်းစင်ရပါမည်။

Heavy metalsခေါ်လေးလံသည့်သတ္တုဓာတ်များ ပါဝင်နေခြင်း ====>      စိုက်ပျိုးသည့်မြေယာ သမိုင်းစီမံခန့်ခွဲမှု တွင် သတိထားရမည့်အချက်ဖြစ်ပါသည်။ heavy metals ဆိုသည်မှာ သိပ်သည်းဆ ၃.၅ မှ ၇ ဂရမ် / စီစီ အတွင်းရှိသော  လေးသော ၊ အဆိပ်ဖြစ်စေသော သတ္တုဓာတ် များ ကို ဆိုလိုပါသည်။heavy metalsကို အပင်က စုတ်ယူနိုင်ပြီး သီးနှံများ အတွင်း ပါဝင်ခြင်းအားဖြင့် စားသုံးသူကို အဆိပ်အတောက် ဖြစ်စေပါသည်။ Heavy metalsများ မှာ ၊ အာဆင်းနစ်၊ ပြဒါး၊ ကက်ဒမီယမ်၊ ခရိုမီယမ်၊ ခဲ၊ကော့ပါး၊.. စသည်တို့ပါဝင်ကြပါသည်။ အချို့သော heavy metals  များမှာ အပင် ကကြိုက် နှစ်သက် သည့် အနည်းလို အဟာရဒြပ်စင်များဖြစ်သဖြင့်အပင်က စုတ်ယူတတ်ပါသည်။ ပါဝင်သင့် သည့်ပမာဏ ထက် ပိုပါက အဆိပ်သင့်မှုဖြစ် စေပါ သည်။

          ဂျပန်နိုင်ငံတွင် အာစင်းနစ် သတ္တုကြောကို ဖြတ်သန်းစီးဆင်းသည့် ရေကို စပါးခင်းကို သွင်းမိရာမှ စပါးတွင် အာစင်းနစ်ပါဝင်ပြီး  စားသုံးသူများ အဆိပ်သင့် သေဆုံးသော သတင်းဖတ်ဖူးခဲ့ ပါသည်။ မစိုက်ပျိုးခင် ကတည်းက မြေတွင် ပါဝင်ခြင်းရှိမရှိ၊အသုံးပြုမည့် ရေတွင် ပါဝင်ခြင်းရှိမရှိ၊ ဓာတ်ခွဲစစ် ဆေးထား ရန်လိုအပ်ပါသည်။ ထို   heavy metals  တို့၏ လက်သင့်ခံနိုင်သော အမြင့်ဆုံး ပါဝင်မှု ကန်းဂဏန်း maximum levels (ML), ကို လေ့လာထားရန်လိုအပ်ပါသည်။ မြေကို စစ်ဆေးထားသလို ထွက်ရှိသော သီးနှံတွင်ပါဝင်သော ပမာဏ မှာ maximum levels (ML) ထက်မပိုမှသာ စျေးကွက်ကို တင်ပို့ရောင်းချ စားသုံးစေ သင့်ပါသည်။

သဘာဝအတိုင်းတည်ရှိသော အပင် အဆိပ်အတောက်များ ====> (ဥပမာ- ပီလောပီနံ၊ သရက်သီးအစေး ) နှင့် ယားယံစေသော အဆိပ်အတောက်များ တို့သည်လည်းဓာတု အဆိပ်အတောက်များတွင်ပါဝင်ပါသည်။

ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင် လက်ခံနိုင်သည့် အမြင့်ဆုံး ပမာဏ(maximum residue limits (MRL) ထက်ပိုပြီးပါဝင်ရသည့်အကြောင်းရင်းများ)

၁။ သတ်မှတ်ထားသည့်သီးနှံအတွက် မဟုတ်သော ပိုးသတ်ဆေးကို အသုံးပြုခြင်း။ မှတ်ပုံတင်ထားခြင်း မရှိသော ပိုးသတ်ဆေးကို အသုံးပြုခြင်း။

၂။ ပိုးသတ်ဆေးဘူး ပေါ်တွင်ဖေါ်ပြထားသော အညွှန်းအတိုင်းမလိုက်နာခြင်း၊ ရောစပ်သည့် နှုန်းထားမမှန်ကန်ခြင်း။

၃။ ထောက်ခံလမ်းညွှန် ထားသည့်နှုန်းထားထက် ဆေးနှုန်းကို ပိုမိုသုံးစွဲခြင်း။

၄။ ဆေးဖြန်းပြီး အပင်တွင် ကျန်ရှိနေနိုင်မည့် အချိန် အတိုင်းအတာ... ဆေးဖြန်းထားလျှင် ဘယ်နှစ်ရက် ကြာ မှ နောက်တစ်ကြိမ်ဖြန်းရန်လိုသည်၊ ခူးဆွတ်သင့်သည် ဟူသော ညွှန်ကြားချက်ကို အတိအကျ မလိုက်နာခြင်း။

၅။ ဆေးဖြန်းပုံးနှင့် ဆေးဖြန်းသည့်ကိရိယာ  ပျက်စီးနေခြင်း၊ ဆေးစက်အရွယ် အစားကို သေချာ တွက်ချက်ထားမှုမရှိခြင်း။ နောက်ဆုံးသုံးစွဲပြီးချိန်တွင် သန့်စင်စွာဆေးကြော မထားခြင်း။ ပိုးသတ်ဆေးအပြင် တခြားသော အရည်များကိုပါ ထည့်သွင်းသုံးစွဲခြင်း။

၆။ မိမိက ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲသော်လည်း ကပ်လျက် စိုက်ခင်း အကွက် မှ တခြားသူသုံးစွဲသော ပိုးသတ်ဆေးများ စီးဆင်းဝင်ရောက်ခြင်း။

၇။ ယခင်နှစ် မှ အကြွင်းအကျန်များ မြေ တွင် ခိုကပ်ကျန်ရှိနေခြင်း။

၈။ ခူးဆွတ်ရိတ်သိမ်းရာတွင် ထည့်သည့်ခြင်း၊ ပုံး၊ထည့်စရာ စသည်တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းကျန်ရှိနေခြင်း။

၉။ မြေ နှင့် ရေ စီးကြောင်း အတွင်းသို့ ပိုးသတ်ဆေးကို မဆင်မခြင် စွန့်ပစ်ခြင်း၊ ဖိတ်စဉ်ကျခြင်း ယိုစိမ့်ခြင်း။

၁၀။ ပိုးသတ်ဆေးကို သိုလှောင်မှုစနစ်ညံ့ဖျင်းခြင်း။ စနစ်မကျခြင်း တို့ကြောင့် ဓာတ်ကြွင်း များ ပါဝင်နိုင်ခြေ မြင့်တက်ရပါသည်။

စိုက်ပျိုးရေးတွင် တိုက်ရိုက် အသုံးပြုသည့် ပစ္စည်းများ မဟုတ်သော ဓာတုဓာတ်ကြွင်းများကျန်ရှိနေခြင်း

၁။ ဆေးကြာ ရာတွင် လည်းကောင်း၊ သန့်ရှင်းရာတွင် လည်းကောင်း အသုံးပြုသင့် ဓာတု ပစ္စည်း မှားယွင်းခြင်း  မှန်သော်လည်းနှုန်းထားများနေခြင်း၊

၂။ ကြွက်သတ်ဆေးများကို စားသုံးသီးနှံထုပ်ပိုးသည့် နေရာအနီးအနားတွင် ဖြန်းခြင်း၊ ချခြင်း။

၃။ စားသုံးသီးနှံများ သိုလျှောင်သည့်နေရာ၊ သယ်ယူပို့ဆောင်သည့် နေရာအနီးအနားတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ချောဆီ၊ အိမ်သုတ်ဆေးများ ဖိတ်ကျခြင်း။

၄။ ခူးဆွတ် ရိတ်သိမ်းရာတွင်အသုံးပြုသည့်ခြင်းများ၊ ဇကာ၊ ထည့်စရာများကို ဖေါ်ပြပါဓာတုပစ္စည်းများထည့်သွင်းသိုလှောင်ခြင်း။

၅။ မြေတွင် ကြာရှည်စွာ စွဲမြဲနေသည့် ဓာတုပစ္စည်းများကျန်နေခြင်း၊ တစ်ချိန်က စစ်မြေပြင်၊ စစ်ဖြစ်ခဲ့သည့်နေရာ ဖြစ်နေခြင်း။

Heavy metals ဓာတ်ကြွင်းများ သီးနှံတွင် ပါဝင်ရခြင်းအကြောင်းရင်း

၁။ heavy metals ဓာတ်ကြွင်းများ မြေ တွင် သဘာဝအ တိုင်းရှိနေခြင်း၊ ယခင်နှစ်များ မှကျန်ရှိနေခြင်း၊ စက်ရုံ အနီးအနားဒေသ များ မှ စီးဆင်းယိုစိမ့်လာခြင်း။

၂။ ဓာတ်မြေသြဇာများ စဉ်ဆက်မပြတ် သုံးစွဲခြင်း။

၃။ မြေချဉ်ခြင်း မြေငံခြင်းကို ပြုပြင်ရာတွင် သုံးစွဲသည့် ဓာတုပစ္စည်းများ ( ဥပမာ= ထုံးကျောက်၊ ဂျစ်ပဆန်၊ဇင့််) စသည်တို့ကို နှစ်ရှည် လများ သုံးစွဲ ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အပင်မှ ဖြစ်သော အဆိပ်အတောက်များ ပါရှိနေရခြင်း

အပင်များသည်လည်းသဘာဝအလျောက် အဆိပ်အတောက်များ ထုတ်လေ့ရှိတတ်သဖြင့် ထိုသို့သော မျိုးစိတ်များကို သတိထားရပါမည်။ ဥပမာ- အာလူးကို အလင်းရောင် တွင် သိုလှောင်ထားရှိမိခြင်း၊ ဆိုက်ယာနိုက်အဆိပ် ပါရှိသော ပလောပီနံဥများ၊ လောင်တတ်သော အစေးများထွက်သည့် သစ်သီးမျာ( ဥပမာ- သရက်သီး၊ ပိန္နဲသီး) စသည်တို့ကို သတိထား၍ တိကျသောအညွှန်းများပေးရန်လိုအပ်ပါသည်။

ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်သည့်ပစ္စည်းများ ပါဝင်နေတတ်ခြင်း

တချို့သောစားသုံးသူများသည် ကန့်နှင့်မတည့်ခြင်း ( ဆာလ်ဖာ အလားဂျစ် Sulphur Allergic) ရှိတတ်ပါသည်။ စပျစ်၊ လိုင်ချီး၊ လောက်ကန် သီးတို့ကို မှိုရောဂါ မှ ကာကွယ်ရန် ဆာလ်ဖာဒိုင်အောက်ဆိုဒ်ကို အသုံးပြုလေ့ရှိသဖြင့် ထိုသို့သော အဆိပ်သင့်သော ဆာလ်ဖာကဲ့သို့ ဓာတုပစ္စည်းများပါဝင်တတ် သည်ကို သတိထားရန်လို ပါသည်။

ဆက်လက် ဖေါ်ပြပါဦးမည်..။

ဒေါက်တာသန်းသန်းစိန်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်"