လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကာကွယ်ဆေးများ၏ ထိရောက်မှု

06/04/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အခုလို လျှပ်စစ်မီးတွေ အချိန်အတော်ကြာ ပြတ်တောက်တတ်တဲ့အခြေအနေမှာ တိရစ္ဆာန်ဆေးကုဆရာ ဝန်တစ်ယောက်အနေနဲ့ ပူပန်မိတာကတော့ တိရစ္ဆာန်ရောဂါကာကွယ်ဆေးတွေရဲ့ ထိရောက်မှု လျော့ကျလာနိုင်ချေ ပြဿနာပါပဲ။ 

တိရစ္ဆာန်ရောဂါကာကွယ်ဆေးအတော်များများ (အားလုံးကိုတော့ မဆိုလိုပါ။) ဟာ သတ်မှတ်ထားတဲ့ အပူ ချိန်မှာ ထိန်းသိမ်းထားရှိရတာပါ။ အများစုက အပူချိန် ၂ ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်အကြားမှာ အမြဲ ထိန်းသိမ်းထားရှိဖို့ လိုအပ်ပါတယ်။ အဲဒီ သတ်မှတ်ချက်ရဲ့ အပြင်ကို ရောက်သွားတာနဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ သိသိသာသာ ကျဆင်းသွားတာ ဖြစ်နိုင်သလို၊ လုံးဝ အာနိသင်မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ GAP လို့ လူသိများတဲ့ ကောင်းမွန်တဲ့ စိုက်ပျိုးရေးအလေ့ အကျင့်တွေ (Good Agriculture Practices) တွေရှိသလို၊ မွေးမြူရေးလုပ်ငန်းတွေမှာ GAHP လို့ခေါ်တဲ့ ကောင်းမွန်တဲ့ မွေးမြူရေးအလေ့ အကျင့်တွေ (Good Animal Husbandry Practices) တွေရှိပါတယ်။ ရေလုပ်ငန်းမှာလည်း GAqP လို့ခေါ်တဲ့ လိုက် နာကျင့်သုံးအပ်တဲ့ ရေသတ္တဝါမွေးမြူရေးအလေ့အကျင့်ကောင်းတွေ (Good Aquaculture Practices) ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေမှာလည်း GMP ဆိုတဲ့ ကောင်းမွန်တဲ့ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practices) တွေ ရှိကြတာပါပဲ။ လူနဲ့ တိရစ္ဆာန်တွေကို ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အခါမှာလည်း ကောင်းမွန်တဲ့ ကာကွယ် ဆေးအသုံးပြုမှု အလေ့အကျင့် (GVP – Good Vaccination Practices) တွေ ရှိရပါတယ်။ အဲဒီ GVP တွေကို လိုက်နာကျင့်သုံးမှသာ ထိရောက်အောင်မြင်တဲ့ ရောဂါကာကွယ်မှုကို ရရှိနိုင်ပါတယ်။ 

GVP လို့ပြောလိုက်ရင် ထိပ်ဆုံးက အရေးအကြီးဆုံးအနေနဲ့ ပါဝင်လာတာကတော့ ကာကွယ်ဆေးတွေကို မှန်ကန်တဲ့ အပူချိန်မှာ သိုလှောင်ထားရှိခြင်းပါပဲ။ ဒါနဲ့ပတ်သက်ရင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက Porcine Health Management ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ Frédéric Vangroenweghe ရဲ့ သုတေသစာတမ်း ခေါင်းစဉ်လေးက မှတ် သားစရာကောင်းလှပါတယ်။ သူက “Good vaccination practice: it all starts with a good vaccine storage temperature” လို့ ဆိုပါတယ်။ ကောင်မွန်မှန်ကန်တဲ့ ကာကွယ်ဆေးထိုးနှံမှုဆိုတာ ကာကွယ်ဆေးကို သိုလှောင် ထားရှိတဲ့ အပူချိန် မှန်ကန်ကောင်းမွန်မှုက စတင်ရတယ်” လို့ ဆိုတာပါ။ ဒါကြောင့် ကာကွယ်ဆေးကို သတ်မှတ်အ ပူချိန်မှာ မပြတ်ထိန်းသိမ်းထားရှိဖို့ အလွန်ကို အရေးကြီးတယ်လို့ ပြောနေရတာပါ။ 

အထူးသဖြင့် အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေလို လျှပ်စစ်မီး ပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ် ပြီး၊ လျှပ်စစ်မီးပြတ်တောက်တဲ့ကြာချိန်ကလည်း မြင့်မားတဲ့ကာလတွေမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ မွေးမြူ သူတွေအနေနဲ့ အသုံးပြုမယ့် ကာကွယ်ဆေးတွေကို သတ်မှတ်အပူချိန်မှာ အမြဲတမ်း တပြေးညီ သိုလှောင်သိမ်း ဆည်းထားနိုင်ရေးကို အထူးသတိပြုရမှာ ဖြစ်ပါတယ်။ အခုလို ကာလမှာ ဖြစ်ပေါ်နိုင်တဲ့ ကာကွယ်ဆေးသိုလှောင် သိမ်းဆည်းမှု အမှားအချို့ကို သတိပြုနိုင်ဖို့ တင်ပြလိုပါတယ်။ 

အများဆုံး ဖြစ်နိုင်တာကတော့ ကာကွယ်ဆေးသိုလှောင်ထားတဲ့ ရေခဲသေတ္တာကို သွယ်တန်းထားတဲ့ လျှပ်စစ် ဓာတ်အားလိုင်းမှာ လျှပ်စစ်မီးပြတ်တောက်တာကို သတိမပြုမိဘဲထားမိတာမျိုးပါ။ မိမိ ရေခဲသေတ္တာကို စစ်ဆေးချိန်မှာ လျှပ်စစ်မီးလာနေပြီး၊ ရေခဲသေတ္တာထဲမှာလည်း ပုံမှန်အတိုင်း အေးနေမယ်၊ စစ်ဆေးမှုမပြုလုပ်မီက အချိန် ကာလတစ်ခု ကြာအောင် လျှပ်စစ်မီး ပြတ်တောက်သွားတာကိုလည်း မသိလိုက်ဘူး ဆိုပါတော့။ အဲဒီကာကွယ်ဆေး တွေဟာ မီးပြတ်တဲ့ကာလအတွင်းမှာ ပျက်ဆီးသွားတာ သို့မဟုတ် အရည်အသွေးကျဆင်းသွားတာမျိုး ဖြစ်နေနိုင်ပါ တယ်။ မီးပြတ်တဲ့ကာလအတွင်းမှာ ရေခဲသေတ္တာအတွင်း အပူချိန် ဘယ်လောက်အထိ မြင့်တက်ခဲ့သလဲ ဆိုတာကို မသိနိုင်ဘူး မဟုတ်လား။ တကယ်လို့ မီးပြတ်ချိန်က ကြာမြင့်ပြီး ရေခဲသေတ္တာထဲမှာ အပူချိန်ဟာ ၈ ဒီဂရီ စင်တီ ဂရိတ်အထက်ကို ရောက်ရှိခဲ့မယ်ဆိုရင် အဲဒီ ကာကွယ်ဆေးဟာ သေချာပေါက် အသုံးမပြုသင့်တော့တဲ့ ကာကွယ် ဆေး ဖြစ်ပါတယ်။

ဒီအခြေအနေမျိုးကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးသိုလှောင်တဲ့ ရေခဲသေတ္တာအတွင်းပိုင်း အပူချိန်ကို တောက်လျှောက် စောင့်ကြည့်မှတ်တမ်းတင်ပေးတဲ့ စနစ်နဲ့၊ သတ်မှတ်အပူချိန်အထက်ကို ရောက်သွားရင်ပဲဖြစ်ဖြစ်၊ သတ်မှတ်အပူချိန်အောက်ကို ရောက်သွားရင်ဘဲ ဖြစ်ဖြစ် သတိပေးနိုင်တဲ့ alarm system ကို ထားရှိနိုင်ပါတယ်။ တကယ်လို့ စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ အပူချိန်မှတ်တမ်းတွေအရ သတ်မှတ်အပူချိန်ကို ကျော်လွန်သွားခဲ့ တယ်ဆိုတာ သိရှိရပြီဆိုရင်လည်း အဲဒီသိုလှောင်ထားတဲ့ ကာကွယ်ဆေးတွေကို တိရစ္ဆာန်တွေမှာ အသုံးမပြုဘဲ ဖယ် ရှားပစ်ဖို့ လိုအပ်ပါတယ်။ 

နောက်ထပ် အဖြစ်များနိုင်တဲ့ အမှားအယွင်းတစ်ခုကတော့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာမို့ ရေခဲ သေတ္တာထဲမှာ အပူချိန် အပြောင်းအလဲ ဖြစ်နိုင်တာကို သက်ဆိုင်ရာ ဆရာဝန်၊ မွေးမြူသူက သတိပြုမိတာကြောင့်၊ မီးပြတ်သွားချိန်မှာတောင် ကာကွယ်ဆေးပုလင်းတွေ ဆက်လက်ပြီး အေးနေရအောင် ဆိုတဲ့ စေတနာနဲ့ ကာကွယ် ဆေးပုလင်းတွေကို ရေခဲခန်း (Freezer) ထဲ ထည့်ထားတာ၊ ဒါမှမဟုတ် ရေခဲခန်းနဲ့ အနီးကပ် ထားတာမျိုး ဖြစ်ပါ တယ်။ လျှပ်စစ်မီးလာနေတဲ့အချိန်မှာ ရေခဲသေတ္တာဟာ ပုံမှန်အလုပ်လုပ်နေတာမို့ ရေခဲခန်းနဲ့ ရေခဲခန်း အနီးတ ဝိုက်ဟာ ပိုပြီး အေးနေမှာ ဖြစ်ပါတယ်။ အကယ်၍များ အဲဒီလိုသိုလှောင်ထားတဲ့ ကာကွယ်ဆေးတွေဟာ အပူချိန် ၂ ဒီဂရီ စီတီဂရိတ်အောက်ကို ရောက်သွားမယ်ဆိုရင်လည်း ကာကွယ်ဆေးရဲ့ ထိရောက်မှုက ကျဆင်းသွားမှာ ဖြစ်ပါ တယ်။ အထူးသဖြင့် Aluminum Hydroxide Gel လို adjuvant ကို အသုံးပြုထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး (ဥ ပမာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်လုပ်တဲ့ ခွာနာလျှာနာကာကွယ်ဆေး) တွေဟာ အပူချိန် ၂ ဒီဂရီ စင် တီဂရိတ်အောက်ကို ရောက်လို့ မဖြစ်တဲ့ ဆေးတွေ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမျိုးကို ရှောင်လွှဲနိုင်ဖို့အတွက်ကတော့ ကာကွယ်ဆေးတွေကို ရေခဲသေတ္တာရဲ့ အခဲခန်းနဲ့ ဝေးဝေးထားဖို့ပါ။ ရေခဲသေတ္တာအောက်ထပ် (ရေခဲခန်းမဟုတ်တဲ့အခန်း) ရဲ့ အလယ်မှာ ကာကွယ်ဆေးပုလင်းတွေကို ထားရှိသင့်ပါတယ်။ ရေခဲသေတ္တာနံရံနဲ့ ကပ်ပြီး ထားတာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ အထက်မှာ တင်ပြခဲ့ တဲ့ ကာကွယ်ဆေးတွေရဲ့ အပူချိန်ကို တိုင်းတာတဲ့ စနစ်ကို တပ်ဆင်ရာမှာလည်း အပူချိန်တိုင်းကိရိယာရဲ့ အပူချိန် အာရုံခံပစ္စည်း (sensor/probe) ကို ရေခဲသေတ္တာအလယ်ခေါင်မှာ ထည့်ထားတဲ့ ကာကွယ်ဆေးပုလင်းနဲ့ ကပ်ပြီး ထားရှိဖို့ လိုအပ်ပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး တစ်ဆက်တည်းမှာ ထပ်ပြီး သတိပြုရမယ့်အချက်ကတော့ ကာကွယ်ဆေးတွေကို ရေခဲသေတ္တာ တံခါးအတွင်းက တန်းတွေထဲမှာ ထည့်ထားတာမျိုးကို ရှောင်ကြဉ်ဖို့ပါ။ ရေခဲသေတ္တာကို ဖွင့်လိုက်တိုင်း ပြင်ပက အပူချိန်ကို အများဆုံး ထိတွေ့ရတာကတော့ ရေခဲသေတ္တာရဲ့ တံခါးအတွင်းနံရံပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ကာကွယ်ဆေးပုလင်းတွေကို ထားရှိသိုလှောင်မယ်ဆိုရင် ရေခဲသေတ္တာတံခါးဖွင့်လိုက်တိုင်း အပူချိန်အပြောင်းအလဲ ဖြစ်ပေါ်နေပြီး ကာကွယ်ဆေးရဲ့ စွမ်းရည်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။ 

နောက်တစ်ချက် သတိပြုရမှာကတော့ ကာကွယ်ဆေးသိုလှောင်တဲ့ ရေခဲသေတ္တာက လက်ခံနိုင်တဲ့ ပမာဏကိုပဲ ထည့်ထားဖို့ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကာကွယ်ဆေးတွေကို သီးသန့်ရေခဲသေတ္တာတစ်လုံးနဲ့ သိုလှောင်ရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံက မွေးမြူသူအများစုကတော့ အဲဒီလို မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ကာကွယ်ဆေးတွေကို မီးဖိုချောင်ထဲက အိမ်သုံးရေခဲသေတ္တာမှာပဲ အခြားအရာတွေနဲ့အတူ သိုလှောင်ရလေ့ ရှိကြပါတယ်။ အခုလို  ပူပြင်း တဲ့ကာလမှာ ရေခဲသေတ္တာထဲ ထည့်သွင်းသိုလှောင်ရတဲ့ ပစ္စည်းကလည်း ပိုများလာတတ်ပါတယ်။ ရာသီဥတုပူပူမှာ အသီးအေးအေးလေး စားချင်တာ၊ အချိုရည် အေးအေးလေး သောက်ချင် တာမျိုးကလည်း ရှိတတ်တယ် မဟုတ် လား။ ဒီအခါမျိုးမှာ ရေခဲသေတ္တာရဲ့ အအေးဓာတ်ထုတ်ပေးနိုင်မှုနဲ့ ထည့်ထားတဲ့ပစ္စည်းတွေရဲ့ အချိုးအစား မမျှမတ ဖြစ်နေတတ်ပါတယ်။ အဲဒီအခြေအနေမှာ လျှပ်စစ်မီးကလည်းထပ်ပြီး ပြတ်တောက်လိုက်ပြန်တာမို့ ကာကွယ်ဆေးတွေရဲ့ အာနိသင် လျော့ကျသွားဖို့ အခြေအနေ ပိုတိုးသွားပါတော့တယ်။ 

မဖြစ်မနေ သတိပြုရမယ့်အချက်ကတော့ မိမိရဲ့ကာကွယ်ဆေးတွေဟာ သိုလှောင်သိမ်းဆည်းမှု မမှန်ကန်ဘဲ၊ သတ်မှတ်အပူချိန်ကနေ လွဲချော်သွားခဲ့တယ်ဆိုတာကိုသိရင် အဲဒီကာကွယ်ဆေးကို အသုံးမပြုဘဲ ဖျက်ဆီးပစ်ဖို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ ကိုကာကိုလာ မဟုတ်ပါဘူး။ ရေသန့်ဘူး မဟုတ်ပါဘူး။ ကိုကာကိုလာ ပုလင်း ကို ရေခဲသေတ္တာထဲက ထုတ်ပြီး နောက်တစ်ရက်ကြာမှ ရေခဲပြန်စိမ်လိုက်ရုံနဲ့ ကိုကာကိုလာ အေးအေးလေး ပြန်ရနိုင်ပါ တယ်။ ကာကွယ်ဆေးကတော့ အပူချိန် ၂ ဒီဂရီနဲ့ ၈ ဒီဂရိစင်တီဂရိတ်အကြားကနေ အချိန်အနည်းငယ် လွဲချော်သွား တာနဲ့ နဂိုကာကွယ်ဆေး ပြန်မဖြစ်နိုင်တော့ပါဘူး။ ပျက်ဆီးသွားပြီ ဖြစ်ပါတယ်။ ဒီအချက်ကို သေသေချာချာနား လည်ဖို့ လိုအပ်ပါတယ်။ အသုံးမပြုဘဲ ဆုံးရှုံးသွားမယ့် ကာကွယ်ဆေးရဲ့ တန်ဖိုးနဲ့၊ ကာကွယ်ဆေး မထိရောက်မှု ကြောင့် ဆုံးရှုံးရမယ့် တန်ဖိုးကို ချိန်ဆနိုင်ဖို့ လိုအပ်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို လျော့ကျသွားနိုင်စေတဲ့ အခြေအနေ တွေ အများအပြား ကျန်ရှိနိုင်ပါသေးတယ်။ အခုဆောင်းပါးမှာတော့ အများဆုံး တွေ့နေမြင်နေမိတဲ့ အမှားအယွင်း အချို့ကို ရွေးချယ်တင်ပြလိုက်ပါတယ်။

မီးပြတ်သည်ဖြစ်စေ၊ မပြတ်သည်ဖြစ်စေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ မွေးမြူသူတွေက မိမိတို့တိရစ္ဆာန်တွေမှာ အသုံးပြုမယ့် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ရာနှုန်းပြည့်စိတ်ချရတဲ့ အခြေ အနေမှာ သိုလှောင်သိမ်းဆည်းထားကြဖို့ တာဝန်ရှိပါတယ်။ အဲဒီ တာဝန်ကို ကျေပွန်မှသာ ထိရောက်တဲ့ ရောဂါကာကွယ်မှုကို ရရှိမှာဖြစ်ပါတယ်။ အဲဒီ တာဝန်ကိုမကျေပွန်ရင်တော့ မွေးမြူရေးကဏ္ဍတစ်ခုလုံးနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုအပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိလာမှာ အသေအချာပါပဲ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်