သစ်စိမ်းမြေဩဇာနဲ့ပတ်သက်ပြီး မေးလေ့ရှိသောမေးခွန်းများ

10/01/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

သစ်စိမ်းမြေသြဇာဆိုတာ မြေဆီလွှာတိုးတက်ကောင်းမွန်စေဖို့အတွက်ကို လုပ်ဆောင်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ 

ဘယ်လိုနည်းလမ်းနဲ့လဲ?

မြေဆီလွှာအတွင်း အာဟာရပြည့်ဝ စိမ်းစိုနေတဲ့ အပင်တွေပေါင်းထည့်ပေးတာဖြစ်ပါတယ်။

ဘာပင်တွေသုံးကြလဲ?

ပဲပင်၊ ပဲပုပ်၊ ပန်းဂျုံ၊ ရိုင်းဂျုံ၊ ရိုင်းမြက်၊ ညံပင်၊ ပိုက်ဆံလျှော်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဘောစကိုင်း၊ ဒန့်ချွဲ၊ မဲရိုင်း စတဲ့ အပင်တွေကို သုံးကြပါတယ်။

ဘယ်ချိန်မှာ ထည့်ရမလဲ?

သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးထားသော အပင်တွေ ပန်းစပွင့်ချိန်မှာ ထယ်ထိုး ထွန်မွှေပေးခြင်းဖြင့် ထည့်သွင်းပါတယ်။ 

ကောင်းကျိုးကကော

  •  နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်ခြင်း - လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်တွေကို အပင်တွေ စားသုံးဖို့အတွက် ဖမ်းယူပေးနိုင်ပါတယ်။
  • ပဲပင်တွေကို သစ်စိမ်းမြေသြဇာအဖြစ် သီးလှည့်စိုက်ပျိုးလိုက်ခြင်းက နှံစားသီးနှံတွေနဲ့ ဆီထုတ်သီးနှံခင်းတွေမှာ ရောဂါဖြစ်ပေါ်စေမှုကို နည်းပါးသွားစေပါတယ်။ 
  • မြေသားတိုက်စားမှုကို တားဆီးပေးနိုင်တယ်။ 
  • မြေသားတည်ဆောက်မှု ပိုမိုကောင်းမွန်လာစေပါတယ်။ သစ်စိမ်းမြေသြဇာထည့်ပေးခြင်းအားဖြင့် မြေဆီလွှာအတွင်းမှာ လေဝင်လေထွက်ကောင်းလာစေပါတယ်။ ရေ အဝင်အထွက်လည်း ကောင်းမွန်လာစေပါတယ်။ အမြစ်ကြီးထွားဖို့အတွက်နေရာ ပိုရလာစေပါတယ်။

အားနည်းချက်ကကော

မြေအစိုဓာတ်ကို အသုံးပြုရတယ်။ အပင်စိုက်ရင်တော့ ရေကိုအသုံးပြုကြရတာပါပဲ။ မြေအစိုဓာတ်ပုံမှန်ရရှိနိုင်တဲ့ ဒေသမျိုးမှာ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးတာက အခက်အခဲမဟုတ်ပေမဲ့ မြေအစိုဓာတ်အတွက် အခက်အခဲရှိနေတယ်ဆိုရင် ကိုယ်တကယ်စိုက်မယ့်သီးနှံ မစိုက်ခင် တစ်လလောက်စောပြီး သစ်စိမ်းမြေသြဇာပင်တွေကို ထယ်ထိုးနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ ဒါမှသာ မြေကြီးထဲမှာ အစိုဓာတ်ပြန်ရဖို့ အချိန်လုံလုံလောက်လောက်ပေးနိုင်မှာပါ။ 

ကုန်ကျစရိတ်ကိုချိန်ရမယ်၊ သစ်စိမ်းမြေသြဇာအတွက် သီးနှံကို မစိုက်ပဲ အချိန်ပေး မြေနေရာပေးပြီး စိုက်ပျိုးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ဝင်ငွေနည်းသွားမယ့်အပြင်ကို သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးတဲ့ အပင်အတွက်နဲ့ ထယ်ထိုးဖို့အတွက်လည်း ကုန်ကျစရိတ်လည်း ရှိပါဦးမယ်။ ချိန်ဆ လုပ်ကိုင်နိုင်ဖို့ ဖော်ပြရခြင်းဖြစ်ပါတယ်။ 

ရွေးချယ်ရမယ်။ ပဲစိုက်တဲ့ မြေမှာ ပဲပင်ကိုပဲ သစ်စိမ်းမြေသြဇာအဖြစ် ထည့်သွင်းမယ်ဆိုရင် ရှိနေတဲ့ ပိုးမွှားရောဂါတွေ ပိုဆိုးလာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့်မို့ သစ်စိမ်းမြေသြဇာအဖြစ်သုံးတဲ့ အပင်တွေကို ရွေးချယ်တဲ့အခါမှာ ကိုယ်စိုက်ပျိုးတဲ့ သီးနှံနဲ့ ချိန်ဆပြီး ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။ 

ကုန်ကျစရိတ်ရှိတယ်။ အဓိကက မျိုးစေ့ဖိုးပါ။ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုမဲ့ မျိုးတွေဟာ ဝယ်ယူစိုက်ပျိုးရတယ်ဆိုရင်တော့ ကုန်ကျစရိတ်ထဲမှာ အများဆုံးဖြစ်လာမှာပါ။

နိုင်ထရိုဂျင်ဖမ်းယူပေးတဲ့ အနုဇီဝသက်ရှိအတွက် ကုန်ကျစရိတ်လည်းရှိပါတယ်။ ပဲပင်တွေမှာ ရိုင်ဇိုဘီယမ်လို နိုက်ထရိုဂျင်ဖမ်းယူပေးတဲ့ ဘက်တီးရီးယားတွေပါစေချင်လို့ မျိုးစေ့မှာ လူးနယ်စိုက်ဖို့ ဝယ်ယူတယ်ဆိုရင်လည်း ဒီကုန်ကျစရိတ်ပါထည့်ပေါင်းရမှာပါ။

ထယ်ထိုးထွန်မွှေခလည်း ထည့်စဉ်းစားရပါမယ်။  တစ်နိုင်တစ်ပိုင် နွားတစ်ရှဉ်းနဲ့ ကိုယ်တိုင်မလုပ်ပါဘူးဆိုရင်တော့ အလုပ်သမားခနဲ့ စက်ဖိုးတော့ ကုန်ကျစရိတ်ရှိလာမှာပါ။ 

ပြန်ရတာကကော

မြေကြီးကို စစ်ဆေးတဲ့အခါမှာ နိုက်ထရိုဂျင်ပမာဏတိုးတက်လာမှာဖြစ်ပြီးတော့ နောက်သီးနှံတစ်ရာသီအတွက် လုံလောက်တဲ့ ပမာဏဖြစ်ပြီး နောက်ထပ်ကျန်တဲ့ သီးနှံအကြွင်းအကျန်တွေကတော့ ဖြည်းဖြည်းချင်းဆွေးမြည့်ကာ နိုက်ထရိုဂျင်ကို ဖြည်းဖြည်းချင်း ထုတ်ပေးနေမှာဖြစ်ပါတယ်။ 

နောက်ထပ် ကောင်းကျိုးတွေကတော့

  • မြေသားကို တိုးတက်ကောင်းမွန်လာစေပါတယ်။
  • မြေထဲတွင် နိုက်ထရိုဂျင်ဓာတ်များ တိုးပွားလာစေပါတယ်။ 
  • မြေကြီးအတွင်း လေဝင်လေထွက်ကောင်းမွန်လာစေပါတယ်။ 
  • မြေကြီးအတွင်း အကျိုးပြု အနုဇီဝသက်ရှိများ တိုးပွားလာစေပြီး ကယ်လ်စီယမ်၊ ဖော့စဖောရပ်စ်၊ မဂ္ဂနီဆီယမ်စတဲ့ ဓာတ်တွေကိုလည်း အပင်တွေက အလွယ်တကူ ရရှိလာနိုင်မှာဖြစ်ပါတယ်။

Ref: https://saskatchewan.ca/business/agriculture-natural-resources-and-industry/agribusiness-farmers-and-ranchers/crops-and-irrigation/soils-fertility-and-nutrients/green-manuring-with-legumes

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်