''လက်တွေ့စိုက်ပါ လက်တွေ့သိရမှာ''

26/02/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံ၊ ရွှေ့ပြောင်းတောင်ယာ၊ သစ်တောစိုက်ခင်းနဲ့ စက်မှုသီးနှံနဲ့ ကုန်ကြမ်းစိုက်ခင်း...အခုနောက်ပိုင်း hydroponic farming လို့ခေါ်တဲ့ မြေမဲ့စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးလို့ပြောရင် သည်မျှသာ..။

    ခေါင်းစဉ်အရ အမျိုးအမည်နည်းပါးပေမယ့် တစ်ခုချင်းအလိုက် စိုက်ပျိုးသီးနှံတွေနဲ့ နည်းစနစ်တွေက ကျယ်ပြန့်လွန်းပါတယ်။

    ဒီကနေ့လို နည်းပညာခေတ်မှာ လေ့လာရတာတွေက ပိုလို့တောင် ကျယ်ပြန့်လာပါသေးတယ်။ စိုက်ပျိုးရေးလောကကို အခုမှ မြေစမ်းခရမ်းပျိုး ခြေချလိုသူတွေအနေနဲ့ အခြေခံကျတဲ့ အကြောင်းအချက်တွေကို မလေ့လာတာ (ဒါမှမဟုတ်) မလိုအပ်ဘူးလို့ ထင်ကြတာ များလာပါတယ်။

    ကျွန်တော်တို့လည်း စိုက်ပျိုးရေးစတင်လုပ်ကိုင်ခဲ့စဉ်က ဒီလိုပဲ ခပ်လွယ်လွယ် တွေးခဲ့ကြတာပါ။ နှစ်တွေကြာလာတာနဲ့အမျှ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးတော့မယ်ဆိုရင် အခြေခံကျတဲ့ အကြောင်းတရားတွေ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေနဲ့ သိရှိလေ့လာရမယ့်ကိစ္စတွေကို ချန်လှပ်ကျော်လွန်လို့မရဘူးဆိုတာ သဘောပေါက်လာပါတယ်။ ဒီတော့ နောက်ကြောင်းပြန်လှည့်ရတဲ့အခါ လှည့်ရပါတယ်။ ခေတ်စနစ်နဲ့အညီ ကိုယ့်ဝန်ကိုယ့်အား ကိုယ်စွမ်းဉာဏ်စနဲ့ ပြုပြင်ပြောင်းလဲရတာတွေလည်း ရှိလာ ကြုံလာပါတယ်။

    ဒီသီးနှံကို ဒီလိုစိုက်ရတယ်ဆိုတဲ့ စာအုပ်ကလေးတွေဝယ်ဖတ်၊ online က နည်းပေးလမ်းပြသူတွေကို မှီငြမ်းကိုးကား လေ့လာရင်း လွယ်လွယ်ရေးရေးတွေးပြီး လုပ်ခဲ့ကြတာပါ။ အမှန်တကယ် အထောက်အကူဖြစ်ပေမယ့် လက်တွေ့ လုပ်ငန်းစဉ်တွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကျတော့ တစ်ဦးတစ်ယောက်ချင်းအလိုက် ဒေသအလိုက် မတူညီနိုင်တော့ပါဘူး။ ဒီတော့ စိုက်ပျိုးရေးမှာ စာအုပ်က စာအုပ်သက်သက် online က online သက်သက် လက်တွေ့က လက်တွေ့သက်သက်ဆိုတာ သိလာပါတယ်။ ဒါပေမယ့် ဒီနယ်ပယ် (၃)ရပ်စလုံးကို ကိုယ့်အခြေအနေအပေါ် မူတည်ပြီး ဟန်ချက်ညီညီ လက်တွေ့ကျကျ အသုံးချတတ်မှသာလျှင် အောင်မြင်ပါလိမ့်မယ်။ စာအုပ်က ဒီလိုပြောတယ်ဆိုပြီး တရားသေကောက်ချက်ချလို့ မရပါဘူး။ ဒီခေတ်မှာ ပိုက်ဆံရှိရင် ဟိုနားနည်းနည်း ဒီနားနည်းနည်း ဖြတ်ညှပ်ကပ်လုပ်ပြီး ကိုယ့်စရိတ်နဲ့ကိုယ် စာအုပ်ထုတ်နိုင်တာပါဘဲ။ ဒီတော့ ပျက်လိုပျက်စီးစိတ်ဓါတ်နဲ့ ဒါမှမဟုတ် မျိုးနဲ့ပျိုးပင် ရောင်းစားဖို့သက်သက် ရေးထားတဲ့စာအုပ်မျိုးကို ဝယ်ဖတ်ပြီး ဟုတ်နိုးနိုး လျှောက်လုပ်နေရင် ကိုယ်တိုင်ပဲ အကျိုးယုတ်မယ်ဆိုတာ သဘောပေါက်သင့်ကြပါတယ်။

    online ပေါ်မှာလည်း အကြောင်းချင်းရာတစ်ရပ်ကို သေသေချာချာမသိဘဲ ဆရာဝင်လုပ်တဲ့သူတွေ post တင်ရေးသူတွေကိုလည်း တွေ့ကရာလူမယုံဖို့ အရေးကြီးပါတယ်။ မြေရောင်းစားဖို့ ဆရာကြီးလိုလို ယောင်နေသူ၊ လိမ်စားဖို့အတွက် ဆရာကြီးလိုလို တတ်ယောင်ကားနေသူ၊ မျိုးပင်ပျိုးပင်ရောင်းစားချင်ရုံသက်သက် နေ့ချင်းညချင်း စိုက်ပျိုးရေးသမားကြီးဖြစ်လာသူ၊ အမှန်အကန်စေတနာနဲ့ အသိပညာတွေ ဝေမျှနေသူတွေကို ကွဲကွဲပြားပြား ခွဲခြားတတ်ကြဖို့ လိုအပ်ပါတယ်။ သတိဆိုတာ ပိုတယ်မရှိဘူးဆိုတဲ့အတိုင်း ကိုယ့်ချွေးနည်းစာကို သတိနဲ့ကာကွယ်စောင့်ရှောက်ကြစေလိုပါတယ်။

    စိုက်ပျိုးရေးဆိုတာ ငွေကုန်ကြေးကျများတဲ့အပြင် လူကလည်း ပင်ပန်းဆင်းရဲလုပ်ကိုင်ရတာပါ။ ဘယ်လောက်ကြိုးစားပြီး ကောင်းအောင်လုပ်သည်ဖြစ်စေ ရလဒ်ကို အသေအချာ အဖြေထုတ်ဖို့ ခက်ပါတယ်။ ဒီကနေ့ မေးခွန်းတွေ အများဆုံးတွေ့ရတာက ဒါစိုက်ရင် ဘယ်လောက်ပြန်ရမလဲဆိုတာက စမေးကြတာများပါတယ်။

    စိုက်ပျိုးရေးဆိုတာ သာမန်စီးပွားရေးလုပ်ငန်းတွေထက် စွန့်စားရမှုပိုများပါတယ်။ လူသူ၊ ရာသီဥတု၊ ပိုးမွှားတိရိစ္ဆာန်နဲ့ စျေးကွက်အဖျက်အဆီးတွေက တောက်လျှောက် နှိပ်စက်နေတာမျိုးပါ။ ဒါကြောင့် ဒီကနေ့အနေနဲ့ လတ်တလော ပြောရရင်တော့ ဘာမှရေရေရာရာ ပုံသေကားချ မပြောနိုင်ဘူး ဆိုတာပါဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ အခြေအနေအားလုံးကို ဦးစားပေးကြဖို့ မေ့နေတတ်ကြပါတယ်။

    စိုက်ပျိုးရေးသမားစစ်စစ်ဖြစ်ချင်ရင် လက်တွေ့ကျတဲ့ အခြေအနေကိုသာ ဦးစားပေးပါ။ မအောင်မြင်ရင်တောင် မကျရှုံးနိုင်ဘူးလို့ ပြောနိုင်ပါတယ်။

    ပြောမယ့်သာပြောရတာ ကျွန်တော်လည်း လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်သင့်တာကို အရေးမထားတတ်တုန်းပါ။ဒါကြောင့် မအောင်မြင်သေးတာလို့ ပြောရမှာပါဘဲ။

စိုက်ပျိုးသူများ ကြီးပွားချမ်းသာကြပါစေ။ ။

ကိုဇင်-အဓိပတိ (ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်