ကျန်းမာခြင်းဆုလာဘ်ကို ပိုင်ဆိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ပြီး မျှတစွာ စားသုံးကြပါစို့

22/12/2017 10:06 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။
 

 သောတရှင်များခင်ဗျား။ ပြန်ကြားရေးဝန်ကြီးဌာန၊ UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာ့အသံနှင့် သြစတြေးလျ ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့က စီစဉ်ထုတ်လွှင့်လိုက်တဲ့ “စားနပ်ရိက္ခာဖူလုံရေးသားစဉ်မြေးဆက်ပေး အစီအစဉ်ကို တင်ဆက်တော့မှာ ဖြစ်ပါတယ်”။ ဒီအစီအစဉ်ကနေ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အသီးအနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ အစားအစာတွေကို မျှမျှတတစားသုံးနိုင်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မကေသွယ်ဝင်းက တင်ပြပေးသွားမှာဖြစ်ပါတယ်။

မကေသွယ်ဝင်း။ ။ အစားလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့အတိုင်း ကျန်းမာခြင်းဆိုတဲ့ ဆုလာဘ်ကို ပိုင်ဆိုင်နိုင်ဖို့ အစားအစာဟာ အလွန်ရေးပါပါတယ်။ ဒါပေမဲ့ အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို သိမှသာ အစားအစာတွေကို မျှမျှတတစားသုံးနိုင်မှာ ဖြစ်တယ်လို့ မြောင်မြို့နယ်မှာ အဖွဲ့အစည်း-လူမှုရေးဆိုင်ရာ သုတေသနအဖွဲ့ကဆောင်ရွက်နေတဲ့ ရပ်ရွာအခြေပြုလူမှုကာကွယ်စောင့်ရှောက်မှု နမူနာစီမံကိန်းမှ စီမံကိန်းမန်နေဂျာ ဒေါ်အိအိသူက သူ့ရဲ့အတွေ့အကြုံကို အခြေခံပြီး အခုလိုပြောပါတယ်။

အိအိသူ။ ။ အာဟာရမျှတတဲ့ ထမင်းတစ်နပ်ရဖို့ဆိုတာက ဒီ အခု ကျွန်မတို့ လက်ရှိစီမံကိန်းလုပ်ဆောင်တဲ့အခါမှာ တွေ့ရတဲ့ သဘောကတော့ ငွေကြေးမတတ်နိုင်တာက ပုံစံတစ်မျိုးတွေ့ရပါတယ်။ အဲ့ဒီအပြင်ကိုမှ ပိုပြီးတော့ ထင်ထင်ရှားရှားတွေ့ရတဲ့ ကိစ္စကတော့ အသိပညာမရှိတာရယ်၊ နောက် မိရိုးဖလာအစဉ်အဆက်မှာ ရှိခဲ့တဲ့ ဒီ အယူအဆတွေကြောင့်မို့လို့လည်းဖြစ်ပါတယ်။ ထမင်းတစ်နပ်ကို ငါးရာပဲတတ်နိုင်သည်ဖြစ်ပါစေ၊ တစ်ထောင်ပဲတတ်နိုင် သည်ဖြစ်ပါစေ၊ ကိုယ့်ရဲ့ဝင်ငွေကို အသုံံးပြုပြီးတော့ အာဟာရမျှတတဲ့ ထမင်းတစ်နပ် ဖြစ်ဖို့ရာအတွက်တော့ ဘယ်လိုအာဟာရကို မှန်ကုန်မျှတအောင်သုံးစွဲရမယ်၊ စားသောက်ရမယ်ဆိုတဲ့ ဒီ အသိပညာပေး အတွေးအမြင်ပြောင်းလဲဖို့က ပိုပြီးတော့ အဓိကကျတယ်လို့ မြင်ပါတယ်။

ကေသွယ်ဝင်း။ ။ လိုအပ်နေတဲ့ အာဟာရဆိုင်ရာ အသိပညာကို ဖြည့်ဆည်းတဲ့အနေနဲ့ ခနာကိုယ်က လိုအပ်တဲ့ အာဟာရကြီး (၆) မျိုးရှိကြောင်း အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာခင်မာချိုက ခုလိုရှင်းပြပါတယ်။

ဒေါက်တာခင်မာချို။ ။ ခန္ဓာကိုယ်ကြီးလိုအပ်နေတဲ့ အာဟာရကြီး (၆) မျိုးဖြစ်တဲ့ ကစီဓာတ်လို့ခေါ်တဲ့ Carbo Hydrate ရယ်၊ ရေဓာတ်ရယ်၊ အသားဓာတ်လို့ခေါ်တဲ့ Protein ရယ်၊ Vitamin တွေရယ်၊ Mineral တွေရယ်၊ အဆီဓာတ်လို့ခေါ်တဲ့ Fat ကယ်၊ ဒီ (၆)ခု ကြီးကို တစ်နေ့၊ တစ်နေ့ ခနာကိုယ်လိုအပ်သလောက်ကို မစားဘူးဆိုရင်၊ ခနာကိုယ်ကြီးက တဖြေးဖြေးနဲ့ ချို့ယွင်းလာပြီးတော့ နောက်ဆုံးမှာ နေမကောင်း၊ ထိုင်မကောင်းဖြစ်ကြတယ်။

ကေသွယ်ဝင်း။ ။ ဒီလို ခနာကိုယ်ကလိုအပ်တဲ့အာဟာရတွေကိုရရှိနိုင်တဲ့ အစာအုပ်စု (၃) စု အကြောင်းကို မြောင်မြို့နယ်မှာ အဖွဲ့အစည်း-လူမှုရေးဆိုင်ရာ သုတေသနအဖွဲ့ကဆောင်ရွက်နေတဲ့ ရပ်ရွာအခြေပြုလူမှုကာကွယ်စောင့်ရှောက်မှု နမူနာစီမံကိန်းမှ သင်တန်းဆရာမ ဒေါ်အေးအေးငြိမ်းက ခုလို ပြောပါတယ်။

အေးအေးငြိမ်း။ ။ အစာအုပ်စု (၃) စု ဆိုလို့ရှိရင် ဒီ ခနာကိုယ်အတွက် ရောဂါ ကာကွယ်စေတဲ့အုပ်စုရှိတယ်၊ ခနာကိုယ်အတွက် ကြီးထွားစေတဲ့ အုပ်စုတစ်ခုရှိတယ်။ ခနာကိုယ်အတွက် အင်အားကိုဖြစ်စေတဲ့ အစာအုပ်စု (၃) ခုရှိတယ်။ အင်အားကို ဖြစ်စေတဲ့ အုပ်စုထဲမှာ ဆိုလို့ရှိရင် ဆန်တို့၊ ဆီတို့၊ လက်နဲ့ကိုင်လို့ စေးတဲ့ ဟာတွေပေါ့။ ကောက်ညှင်းတို့၊ ပိန်းဥတို့၊ နောက်ပိုင်း အနှစ်ချုပ်လိုက်တဲ့အခါမှာဆိုရင် လက်နဲ့ကိုင်လို့ စေးတဲ့အရာမှန်သမျှပေါ့၊ မြေကြီးထဲကထွက်တဲ့ဟာလည်း လက်နဲ့ကိုင်လို့စေးတယ် ဆိုရင် ဒါ အင်အားကို ဖြစ်စေတယ်။ ဒီ တိရစ္ဆာန်ကရတဲ့ အစားအသောက်တွေပေါ့၊ ဥပမာ- နို့တို့၊ ကြက်ဥတို့၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေက ခနာကိုယ်ကို ကြီးထွားစေတယ် ပေါ့။ ရောဂါကာကွယ်စေတယ်ဆိုရင် အသီးအရွက်တွေက ရောဂါကိုကာကွယ်စေတယ်။

ကေသွယ်ဝင်း။ ။ အာဟာရအုပ်စ စုံလင်စွာရရှိနိုင်ဖို့ ဘယ်လို သီးနှံတွေ စိုက်ပျိုးသင့်သလဲဆိုတာကိုတော့ Cornell တက္ကသိုလ်မှ ဒေါက်တာခင်မာချိုက ခုလိုရှင်းပြပါတယ်။

ဒေါက်တာခင်မာချို။ ။ ဘယ်လိုသီးနှံတွေကို ဦးစားပေးစိုက်သင့်လဲဆိုတာထက်၊ ဘယ်လိုသီးနှံတွေစိုက်လို့ ရတယ်ဆိုတာက နံပါတ် ၁ အရေးကြီးဆုံးပါ။ တစ်နေရာနဲ့ တစ်နေရာ၊ နယ်မြေဒေသက မတူဘူး၊ ကိုယ့်ရဲ့မြေလေးနဲ့ ကိုက်ညီမယ့် အသီးအနှံ ပေါ့နော်။ အဲ့ဒီအသီးအနှံထဲမှာမှ ကိုယ့်ရဲ့မိသားစုရယ် ကြိုက်တဲ့အသီးအနှံလေးတွေ ဖြစ်ရမယ်။ ဥပမာ- ပန်းဂေါ်ဖီစိမ်း ဆိုလို့ရှိရင် ပန်းဂေါ်ဖီအဖြူထက်စာရင် ပိုးကျမှုကို ပိုပြီးတော့ ခံနိုင်ရည်ရှိတယ်။ ဒါဆိုရင် အဲ့ဒါမျိုးလေးတွေကိုနည်းနည်းလေး အေးတဲ့ဒေသတွေမှာ စမ်းစိုက်ကြည့်မလား။ နောက်တစ်ခုကကျတော့၊ မှိုစိုက်နည်း။ မှိုဆိုရင် အရမ်းလွယ်တယ်၊ သူ့မှာ အသားဓာတ် ကလည်း အများကြီးပါတဲ့အတွက် မှိုကိုစားခြင်းအားဖြင့် အရသာလေးကလည်း ချိုပြီး တော့ အသားဓာတ်လည်းရ၊ ဟင်းသီးဟင်းရွက်အရသာလည်းကောင်းတဲ့အတွက် မှိုစိုက်ပျိုးနည်းတွေကို ဘယ်လိုစိုက်ကြည့်မလဲ၊ အထူးသဖြင့် စိုက်တဲ့နေရာမှာ သီးနှံကို တစ်မျိုးတည်း မစိုက်ဘဲနဲ့ သီးနှံစုံစိုက်စေချင်တာ။ သီးနှံစုံစိုက်တော့မှ ထွက်လာတဲ့ လိမ္မော်ရောင်ရယ်၊ အဝါရောင်ရယ် အနီရောင်ရယ်၊ အစိမ်းရောင်ရယ်၊ ပြီးလို့ရှိရင် အရွက်စားတဲ့ဟင်းသီးဟင်းရွက်ရယ်၊ အသီးစားတဲ့ ဟင်းသီးဟင်းရွက်ရယ်။ ပြီးရင် အပွင့်စားတဲ့ ဟင်းသီးဟင်းရွက်ရယ်၊ အမြစ်ဆိုတဲ့ Root ကိုစားတဲ့ ဟင်းသီးဟင်း ရွက်ရယ်။ ဒီလိုမျိုးတွေကို စုံအောင်စားတော့မှ အာဟာရက ပြည့်ဝမှာ။
ကေသွယ်ဝင်း။ ။ ဒါပေမဲ့ သီးနှံတွေကို စိုက်ပျိုးတဲ့အခါမှာ ပိုးသတ်ဆေးကိုအလွန် အကျွံမသုံးသင့်ဘူးလို့ ခုလိုဆက်ပြောပါတယ်။

ဒေါက်တာခင်မာချို။ ။ အစကတည်းကမှ ဝင်ငွေကလည်းနည်းတဲ့တောင်သူ၊ ပြီးလို့ရှိရင် အမြတ်အစွန်းကလည်း နည်းပါပေ့၊ အဲ့တော့ကိုယ့်ရဲ့ထွက်ကုန်ကို ဘယ်သူမှမဆုံးရှုံးချင် တဲ့အတွက် ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊ ကျန်တဲ့ အာဟာရတိုးဆေးတွေကို ကြိုက်သလို လက်လွတ်စပယ်သုံးချလိုက်တဲ့အခါကျတော့ နောက်ဆုံးဘယ်မှာသွား ထိခိုက်လဲဆိုတော့ စားသုံးတဲ့ သူတို့မိသားစုမှာလည်းထိခိုက်တယ်။ စားသုံးသူတွေ အပေါ်မှာလည်း ပိုးသတ်ဆေးရဲ့ ကြွင်းကျန် Effect တွေက ထိခိုက်တယ်။ ဒီအသီးအနှံတွေကို ပိုးသတ်ဆေး အန္တရာယ်ကနေပြီးတော့ ကြောက်လို့ဆိုပြီးတော့ မစားတော့ဘူးဆိုရင်Vitamin တွေ၊ Mineral တွေဆုံးရှုံးပြီးတော့ ခနာကိုယ်ကြီးက ချို့တဲ့လာမယ်။ အဲ့တော့ရှာရမည့်နည်းလမ်းက ဘာလဲဆိုရင် စိုက်ပျိုးတဲ့တောင်သူ အဆင့်ကလည်း မြေပြင်ရာကနေဆက်ပြီးတော့ သုံးသင့်သုံးထိုက်တဲ့ဟာတော့ သုံးသင့်တယ်။ အဲ့ထက်လိုတာထက် ပိုမသုံးနဲ့။ ဒါဆိုရင်စားသုံးသူကို မပျက်စီးစေဘူး။

ကေသွယ်ဝင်း။ ။ သီးနှံတွေကို အိမ်မှာပဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် လိုအပ်တဲ့ အာဟာရကို ပြည့်စုံအောင်ရရှိနိုင်တယ်လို့ မြောင်မြို့နယ်မှာ အဖွဲ့အစည်း-လူမှုရေးဆိုင်ရာ သုတေသနအဖွဲ့ကဆောင်ရွက်နေတဲ့ ရပ်ရွာအခြေပြု လူမှုကာကွယ်စောင့်ရှောက်မှု နမူနာစီမံကိန်းမှ စီမံကိန်းမန်နေဂျာ ဒေါ်အိအိသူက ခုလို ဆိုပါတယ်။

အိအိသူ။ ။ ကျွန်မတို့က Home Gardening လို့ပြောတဲ့ အိမ်တွင်းစိုက် ပျိုးဖို့ရာကိစ္စပေါ့နော်၊ ကိုယ့်ရဲ့ အိမ်ခြံလေးမှာ နိုင်သလောက် အသီးအရွက်ကလေး စိုက်ပျိုးဖို့ရာအတွက်ကို ကျွန်မတို့ အကြံဉာဏ်ပေးတာမျိုးတွေရှိပါတယ်။ ကလေးကို ငါးမုန့်ကြော် ၁၀၀ တန် အထုပ်ကို ချေပြီးတော့ ကျွေးမဲ့အစား ကြက်ဥတစ်လုံးကို ပြုတ်ကျွေးမယ်ဆိုရင် ဒါ ပထမတန်းစား အသားဓာတ်ရမယ်။ အဲ့တော့ ဒုတိယတန်းစား အသားဓာတ်ကတော့ ကိုယ့်အိမ်မှာ အမြဲတမ်းရှိတဲ့ ပဲ ပြုတ်လိုက်ရင် ရပါပြီ။ အဲ့တော့ အသီးအရွက်ဆိုလို့ရှိရင် ကိုယ့်အိမ်မှာ ဘူးစင်ထောင်ထားမယ်။ ကန်စွန်းရွက်ကလေး စိုက်ထားမယ်ဆိုရင် သို့မဟုတ် အမြဲတမ်းရနိုင်တဲ့ ရွှေဖယုံသီးလို အသီးမျိုး ထားထားတယ်ဆိုရင် ဒါ အသီးအရွက်အနေနဲ့ ပြည့်စုံပါပြီ။

ကေသွယ်ဝင်း။ ။ သီးနှံတွေက အာဟာရပြည့်ဝတဲ့သီးနှံတွေဖြစ်ပေမဲ့ ချက်ပြုတ်ပြင်ဆင်ပုံမမှန်ကန်ရင် အာဟာရပြည့်ဝစွာရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝတဲ့အစားအစာကိုရရှိဖို့ ချက်ပြုတ်ပြင်ဆင်ခြင်းက အရေးပါတယ်လို့ Cornell တက္ကသိုလ်မှ ဒေါက်တာခင်မာချိုက ခုလိုရှင်းပြပါတယ်။

ဒေါက်တာခင်မာချို။ ။ ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းစွာဆေးကြောရမယ်။ ပြီးလို့ရှိရင် အနူးလွန်သွားအောင် မချက်ရဘူး၊ အဲ့တော့မှ ကိုယ်စားသုံးတဲ့ အသီးအနှံ အသားငါးတွေမှာရှိတဲ့ အာဟာရဓာတ်ကို အပြည့်အဝရရှိမယ်။ အဲ့လိုပြည့်တော့မှ ကိုယ့်တစ်အိမ်လုံးမှာရှိတဲ့ မိသားစုဝင်အားလုံးရဲ့ ခနာကိုယ်ရပ်တည်မှုအတွက် လိုအပ် နေတဲ့ အာဟာရဓာတ်တွအကုန်လုံးရရှိပြီးတော့ ခနာကိုယ်ဖွံ့ဖြိုးတိုးတက်နိုင်မယ်။ ဦးနှောက်လည်ပတ်မှုကောင်းမယ်။ ခနာကိုယ်မှာရှိတဲ့ ဖွဲ့စည်းမှုတွေအားလုံးက ပုံမှန်လည်ပတ်နေတဲ့အတွက် လူကကျန်းမာရေးကောင်းမယ်။

ကေသွယ်ဝင်း။ ။ ဒါ့အပြင် ဒေါက်တာခင်မာချိုက သွားရေစာကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသင့်တယ်လို့ ထပ်ပြောပါတယ်။
ဒေါက်တာခင်မာချို။ ။ သွားရေစာလေးတွေ စားသုံးတဲ့နေရာမှာလည်း လွယ်လွယ်နဲ့ရနေတဲ့Biscuit တွေ၊ ကိတ်မုန့်တွေ၊ Chocolate တွေ၊ Popcorn တွေစားနေမည့်အစား ကိုယ့်မှာရှိနေတဲ့ ငှက်ပျောသီးတစ်လုံး၊ သရက်သီးတစ်လုံး၊ နာနတ်သီးတစ်စိတ်၊ ပြီးလို့ရှိရင် ကိုယ့်ဒေသထွက်တဲ့ထွက်ကုန်တွေဖြစ်တဲ့ အသီးတွေ အနှံတွေ ဒါတွေအကုန်လုံးကို Dry လုပ်ထားမယ်၊ ဒါတွေနဲ့လုပ်ထားတဲ့ သွားရေစာမုန့်လေးတွေ၊ ဒါမျိုးလေးတွေ စားမယ်ဆိုလို့ရှိရင်၊ စျေးနှုန်းအားဖြင့်လည်း ချိုးသာမယ်၊ ဒေသကထွက်တဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ လတ်လည်း လတ်ဆတ်တယ်။ စားသုံးတဲ့ အစားအစာတိုင်း အစားအစာတိုင်းမှာ အသီးနဲ့အရွက်နဲ့ ပဲမျိုးစုံဆိုတာကို ပါနိုင်သမျှပါအောင်ထည့်သွင်းစားမယ်ဆိုရင် လူတွေကျန်းမာရေးရလဒ်ကောင်းတွေရရှိမှာပါ။

ကေသွယ်ဝင်း။ ။ ဒီလိုအာဟာရတွေကိုမျှတအောင် စားသုံတတ်ဖို့ မြောင်မြို့နယ်မှာ ရှိတဲ့ ကျေးလက်ပြည်သူတွေကို အဖွဲ့အစည်း-လူမှုရေးဆိုင်ရာ သုတေသနအဖွဲ့က ပို့ချပေးနေတဲ့ အာဟာရသင်တန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသူ ဒေါ်မာလာအောင်က အာဟာရမျှတစွာ စားတတ်လာတဲ့အကြောင်း ခုလိုပြောပါတယ်။
(သင်တန်းသံ)

မာလာအောင်။ ။ သင်တန်းမတက်ခင်တုန်းကတော့ တောသူတောင်သားဆိုတော့ အဲ့လိုမျိုး အာဟာရနဲ့ ပတ်သက်တာတော့ ဘာမှ နားမလည်ခဲ့ဘူးရှင့်၊ အခု သင်တန်း တက်ပြီးတော့ ဟို မိခင်ကော၊ ကလေးကော အစာအုပ်စု (၃) စုလုံး ပါဝင်အောင်စားဖို့ သိရှိနားလည်ခဲ့ပါတယ်။ ဒီ အစာအုပ်စုကို ပုံမှန် နေ့တိုင်း စားဖြစ်ပါတယ်။

ကေသွယ်ဝင်း။ ။ သင်တန်းသူ ဒေါ်မြတ်လေးနွယ်က အာဟာရရှိတဲ့ အစားအစာတွေကို ဘယ်လိုရရှိတယ်ဆိုတာ ခုလိုပြောပြပါတယ်။

မြတ်လေးနွယ်။ ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဘယ်လိုရရှိလဲဆိုတော့ ကျွန်မတို့ဆီက တောဆိုတော့ တချို့ ဘူးသီး၊ ခရမ်းသီး၊ ငရုတ်သီး၊ ပဲအမျိုးမျိုး ကျွန်မတို့ရွာက စိုက်ပါတယ်။ တကယ်လို့ ကျန်တဲ့ သည့်ပြင်မရနိုင်တဲ့ ဟာတွေကျတော့ အရှေ့ဘက်ကျွန်းပေါ်ကနေပြီးတော့ တခြားရွာနေ သူတို့လည်းခြံစိုက်တာပေါ့၊ အဲ့လိုစိုက်တဲ့ဆီကနေ ကျွန်မတို့ဆီကို လာရောင်းတော့ သူတို့ကနေတစ်ဆင့် ဝယ်စားတယ်ရှင့်။ အဲ့ဒီ အာဟာရရှိမှန်းတော့ သိတယ်၊ ကျွန်မတို့ အနီးပတ်ဝန်းကျင်မှာ မရဘူးဆိုရင်တော့ ကျွန်မတို့က မြောင်သွားပြီး ဝယ်တယ်၊ ပြီးတော့ ကျွန်မတို့က ဒီဘက် မုံရွာဆိုရင်လည်း ခဏခဏသွားဖြစ်တယ်။ မုံရွာ၊ မြောင်တို့၊ မန္တလေးတို့သွားလို့ရှိရှင် ကျွန်မတို့ ဝယ်လာတယ်။ အဲ့လို မြို့တက်တဲ့အချိန် မှာဝယ်လာပါတယ်။ ကိုယ့်မှာရှိတဲ့ ဝင်ငွေလေးနဲ့ကိုမှ စားတတ်သွားတာပေ့ါ။ လတ်လည်းလတ်ဆတ်ရမယ်၊ အကုန်အကျလည်းသက်သာရမယ်၊ အာဟာရလည်းရှိရမယ်။ ကိုယ့်အစားအစာတွေကို ရွေးချယ်တတ်သွားတာပေါ့။

(Presenter)။ ။စားနပ်ရိက္ခာဖူလုံရေး၊ သားစဉ်မြေးဆက်ပေးအစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာန UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနတို့က ပူးပေါင်း ဆောင်ရွက်ပြီး မြန်မာ့အသံနဲ့ Australia ABC နိုင်ငံတကာဖွံ့ဖြိုးရေး ဌာနတို့က စီစဉ်ထုတ်လွှင့်လိုက် တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အသက်မွေးဝမ်း ကြောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ Lift Fund က အဓိကကူညီပံ့ပိုးတာ ဖြစ်ပါတယ် ခင်ဗျာ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်