အမြင်အာရုံအားကောင်းစေဖို့ ပလာတူးငါး တစ်ပတ်တစ်ကြိမ် စားကြည့်ပါ..

06/06/2025 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပင်လယ်ငါး ပလာတူး၊ ပလာလန်း (Indian Mackerel) များသည် ရေပေါ်ငါး (Pelagic Fish) များဖြစ်ကြပြီး မျှောပိုက်၊ ဝိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးကြပါသည်။ ‘ပလာတူး’ ဆိုသည့် ငါးအမည်မှာ ထိုင်းဘာသာစကားမှ ဆင်းသက်လာသည်ဟု သိရပြီး ‘ပလာ’ ဆိုသည်မှာ ‘ငါး’ ကိုဆိုလိုပြီး ပလာတူးစန်း၊ ပလာလန်း၊ ပလာကထိန်ဆိုပြီး အမျိုးအစားအမျိုးမျိုးရှိကြပါသည်။ ပလာတူးငါးကို ဒေသအခေါ်အရ မျက်ကျဥ်း၊ မျက်ကျယ်ဟူ၍ (၂)မျိုးရှိပြီး ပလာတူးမျက်ကျဥ်းငါးကို ပို၍ လူကြိုက်များကြသည်။

ပလာတူးငါး၏ ခန္ဓာဗေဒအချက်အလက်များ

ပလာတူးငါးများ၏ ခန္ဓာကိုယ်သည် ရှည်လျားကြပြီး အလွန်သေးငယ်သော အကြေးခွံများဖြင့်ဖုံးအုပ်ထားပါသည်။ သွားများမှာချွန်ထက်နေသည်။ မျိုးစိတ်ပေါင်း (၂၁) ခုရှိပြီး အမမှာ ဥပေါင်း (၂၀၀၀၀-၅၀၀၀၀) ခန့် ဥ ဥနိုင်ကြပါသည်။ ပလာတူးငါးမှာ အသက်(၄)နှစ်ခန့် အသက်ရှည်နေထိုင်နိုင်ကြပြီး အပင်မျှော၊ ငါးသားပေါက်၊ ပုစွန်ပေါက်လေးများကို ၄င်းတို့၏အစာအဖြစ် စားသုံးကြပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား (၃၅) စင်တီမီတာရှိပြီး အများအားဖြင့် (၂၀-၂၅) စင်တီမီတာရှိကြပါသည်။

ပလာတူးငါးမှာ အရသာနှင့် အရည်အသွေးကောင်းမွန်သဖြင့် ဈေးကွက်တွင် ဈေးကောင်းရသည့် ငါးတစ်မျိုးလည်းဖြစ်သည်။

အောက်တိုဘာလမှ မေလထိ ကမ်းရိုးတန်းတစ်လျှောက် ဖမ်းဆီးရမိကြပြီး မြိတ်ကျွန်းစုဖြစ်သော ကော့သောင်း၊ မြိတ်ဘက်တွင်လည်း ပို၍ဖမ်းဆီးရမိတတ်ကြသည်။ ပလာတူးငါးကို အိန္ဒိယသမုဒ္ဒရာ၊ အနောက်ပစိဖိတ်သမုဒ္ဒရာနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ပင်လယ်ကမ်းခြေဒေသများတွင်လည်း အများဆုံးတွေ့ရသည်။

ပလာတူးစားဖွယ်စုံများ

ပလာတူးကို ခေါက်ဆင့်ပါထူး(ခေါ်)ပလာတူးငါးမုန့်တီ ပြုလုပ်စားသုံးမှုများပြီး နာမည်ကြီးစားဖွယ်တစ်မျိုးဖြစ်သည်။ ပလာတူးကို ဟင်းချက်စားခြင်း၊ ပေါင်းစားခြင်း၊ ကြော်စားခြင်း၊ ပလာတူး တုံယမ်းဟင်း ချက်စားကြသည့်အပြင် ခရမ်းချဥ်သီး၊ ဂွေးသီးတို့ဖြင့်လည်း ရောနှောချက်စားကြပါသည်။ ထိုသာမကပလာတူးကို ငါးခြောက်လည်း ပြုလုပ်ကြပါသည်။ ပလာတူးငါးပိထောင်း၊ ပလာတူးငါးထောင်း၊ ပလာတူးငါးပိဖျော်ရည်စသဖြင့်လည်း ပြုလုပ်စားကြပါသည်။

ပလာတူးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ပလာတူးငါးမှာ အရသာရှိလှသော ငါးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူဖြစ်ပါသည်။ ပလာတူးငါးတွင် လူ့အကျိုးပြု Omega-3 fatty acids၊ Vitamin B-12၊ Selenium၊ Copper၊ Phosphorous၊ Magnesium ဓာတ်တို့အများဆုံး ပါဝင်ပြီး Vitamin-A၊ Potassium၊ Zinc နှင့် Sodium တို့လည်း အနည်းငယ်ပါဝင်ပါသည်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး လေဖြတ်၊ လေဖြန်း ရောဂါကိုလည်း ကာကွယ်ပေးပါသည်။ထို့ကြောင့် ပလာတူးငါးမှာ စားသင့်သော ငါးဖြည့်စွက်စာ တစ်မျိုးလည်းဖြစ်ပါသည်။

ပလာတူးငါးသည် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများသောကြောင့် ဦးနှောက်အတွက် အကျိုးပြုပါသည်။ ပလာတူးငါးတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသော omega-3 fatty acid လည်း ပါဝင်ပါသည်။ လူ၏ခန္ဓာကိုယ်မှ omega-3 fatty acid ကိုမထုတ်လုပ်နိုင်ပေ။ လေ့လာမှုများအရ omega-3 fatty acid သည် နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အရေးပါပါသည်။  ငါးကိုမကြိုက်ဘူးဆိုလျှင်တောင်မှ ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့်မျှ ငါးစားပေးသင့်ပါသည်။

ပလာတူးငါးကိုစားခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ 

၁။ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း

လေ့လာမှုများအရ တစ်ပတ်ကိုတစ်ကြိမ် ပုံမှန် ငါးစားသုံးသူများသည် ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေသည်ဟု တွေ့ရှိခဲ့ရပါသည်။ ငါးလုံးဝမစားသူများသည် ရံဖန်ရံခါ ငါးစားသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်သည်ဟုလည်း သိရပါသည်။ ပလာတူးငါး အပါအဝင် ငါးများတွင်ပါသော omega-3 fatty acid သည် နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေပါသည်။

၂။ Alzheimer’s ဖြစ်နိုင်ခြေကို နည်းပါးစေခြင်း

တစ်ပတ်လျှင် တစ်ကြိမ်မျှ ပလာတူးငါးအပါအဝင် ငါးများကိုစားသုံးပေးမည်ဆိုလျှင် ဦးနှောက်နှင့် မှတ်ဉာဏ်စွမ်းရည်ကို ကောင်းမွန်စေနိုင်ပါသည်။ ပလာတူးငါးကို ကြော်စားခြင်းထက် ဟင်းချက်စားခြင်း၊ ပေါင်းစားခြင်းသည် ကျန်းမာရေးနှင့် ပိုသင့်တော်ပါသည်။ ငါးသည် ဦးနှောက်ဆဲလ်များကို ကျန်းမာစေနိုင်ပါသည်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူများအတွက် ငါးသည် အသင့်တော်ဆုံး အစားအစာဖြစ်သည်။

၃။ အရေပြားနှင့် ဆံသားကိုကျန်းမာစေနိုင်ခြင်း

အရေပြားနှင့် ဆံသားကျန်းမာစေရန်အတွက် ခန္ဓာကိုယ်တွင် ကျန်းမာသောအဆီ ပြည့်ဝနေဖို့လိုပါမည်။ အဆီပြည့်ဝနေမှ အသားအရေမှာ မွဲခြောက်မှုကင်းစင်မည်ဖြစ်သည်။ ပလာတူးငါးတွင်ပါသော omega-3 fatty acid သည် ကျန်းမာရေးနှင့် ညီညွတ်သောအဆီဖြစ်ခြင်းကြောင့် စားသုံးဖို့သင့်တော်ပါသည်။ ထိုသာမက omega-3 fatty acid သည် အသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါသည်။

၄။ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေခြင်း

လေ့လာမှုများအရ ပလာတူးငါးအပါအဝင် ငါးတော်တော်များများတွင်ပါသော omega-3 fatty acid သည် စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သည်ဟု သိရပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနှင့် တစ်နေ့လျှင် omega-3 ၃၀၀ မီလီဂရမ်ကို စားသုံးပေးမည်ဆိုလျှင် ကိုယ်ဝန်ဆောင်ကာလအတွင်း ခံစားရနိုင်သော စိတ်ကျရောဂါကို သက်သာစေနိုင်သည်ဟု ဆိုပါသည်။

၅။ နာတာရှည်ဝေဒနာများ မဖြစ်အောင် ကာကွယ်ပေးခြင်း

ပလာတူးငါးအပါအဝင် ငါးတော်တော်များများသည် အမျိုးအစား- ၁ ဆီးချိုရောဂါကဲ့သို့ နာတာရှည်ဝေဒနာများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။ omega-3 fatty acid သည် ကလေးငယ်လေးများတွင်လည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သကဲ့သို့ လေးဖက်နာဝေဒနာနှင့် အာရုံကြောထိခိုက်ပျက်ယွင်းသောဝေဒနာများ ခံစားရနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါသည်။

၆။ ကလေးငယ်များတွင် ပန်းနာရင်ကျပ် မဖြစ်အောင်ကာကွယ်ပေးခြင်း

ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ နာတာရှည်လေပြွန်ရောင်ရမ်းနေသော အနေအထားတစ်ရပ်ဖြစ်သည်။ ယခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်မှာ တော်တော်လေးတိုးလာနေပါသည်။ လေ့လာမှုများအရ ငါးပုံမှန်စားသုံးပေးသော ကလေးငယ်များမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေသည် ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းသည်ကို တွေ့ရှိခဲ့ရပါသည်။ ကလေးငယ်လေးများမှာ ပလာတူး ငါးအပါအဝင် ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေဖြစ်သည်။

၇။ အမြင်အာရုံ ကောင်းမွန်စေခြင်း

လူကြီးများတွင် ဖြစ်တတ်သည့် macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) မှာ အမြင်အာရုံထိခိုက်ဆုံးရှုံးရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ အမြင်အာရုံမှာ တဖြည်းဖြည်း အားနည်းလာပါသည်။ ပလာတူးငါးတွင်ပါသော omega-3 fatty acid သည် မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။

ပလာတူးငါးအပါအဝင်  ငါးများကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် အမျိုးသမီးများတွင် အမြင်အာရုံထိခိုက်ခြင်းကို ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်သကဲ့သို့ အမြင်အာရုံဆိုင်ရာကြွက်သားများ ထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါသည်။ လူကြီးများတွင် အမြင်အာရုံထိခိုက်ခြင်း မဖြစ်စေရန် တစ်ပတ်တစ်ကြိမ်ခန့် ငါးကျွေးပေးပါ။

၈။ လေဖြတ်နိုင်ခြေကို လျော့နည်းစေခြင်း

ပလာတူးငါးအပါအဝင် ငါးစားခြင်းသည် လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါသည်။ ပလာတူးငါးတွင်ပါသော omega-3 fatty acid မှာ လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါသည်။

ပလာတူးငါးသည် အရသာအားဖြင့် ထူးခြားကောင်းမွန်လှသဖြင့် လူကြိုက်များသော စျေးကွက်ဝင်ငါးတစ်မျိုးဖြစ်သည်။ ထို့ပြင် ပလာတူးငါးသည် ဆေးဘက်လည်းဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့် အာဟာရတန်ဖိုးမြင့် ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်