ပဲစောင်းလျားသီး စားသုံးရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ

04/02/2025 14:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Winged pea, Asparagus pea, Goa bean

သိပ္ပံအမည် - Psophocarpus tetragonolobus 

ပဲစောင်းလျားသီးဆိုတာ မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ အတို့အမြှုပ်အနေနဲ့ မကြာခဏတွေ့ရလေ့ရှိတဲ့ ဟင်းအသီးအရွက်တစ်မျိုး ဖြစ်ပါတယ်။ ထို့အပြင် ပဲစောင်းလျားသီးကို သုပ်ပြီးတော့စားနိုင်သလို ဟင်းချိုထဲမှာခတ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ ဟင်းချိုထဲမှာခတ်ပြီး ပူပူနွေးနွေးလေး သောက်မယ်ဆိုရင်တော့ အေးတဲ့ရာသီအချိန်မျိုးနဲ့ အံကိုက်ပါပဲ။ ပဲစောင်းလျားသီးဟာ အပူပိုင်းဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ ပဲမျိုးရင်းဝင် အပင်ဖြစ်ပါတယ်။ နွယ်ပင်အမျိုးအစားဖြစ်ပြီးတော့ ၉ - ၁၃ ပေ ကျော်လောက်အထိ ရှည်လျား ကြီးထွားနိုင်ပါတယ်။ အစေ့တွေက လုံးဝန်းတဲ့ပုံစံရှိကာ ပန်းပွင့်တွေကတော့ အပြာ (သို့မဟုတ်) ပန်းရောင်ရှိပါတယ်။ ပဲစောင်းလျားသီးမှာဆိုရင် ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ပဲစောင်းလျားသီးပင်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးဟာ အသုံးဝင်ပြီးတော့ အာဟာရဓာတ်များစွာ ပေးစွမ်းနိုင်တဲ့အတွက် ယခုဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။ 

ကိုယ်ခံအား ကောင်းစေပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်ခြင်း 

ပဲစောင်းလျားသီးမှာ ဗီတာမင်စီနဲ့ ဗီတာမင် အေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ကူးစက်ရောဂါတွေနဲ့ ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး သွေးကြောတွေရဲ့ ကျုံ့ခြင်း ဆန့်ခြင်းကို ကူညီပေးနိုင်သလို ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ ပဲစောင်းလျားသီး ၁၀၀ ဂရမ် စားသုံးတဲ့အခါ ဗီတာမင် စီ ၃၁ ရာခိုင်နှုန်း အထိ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ပဲစောင်းလျားသီးဟာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ 

အမြင်အာရုံ ကောင်းမွန်စေခြင်း 

ပဲစောင်းလျားသီးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုက အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို လျော့နည်းသက်သာစေနိုင်တာ ဖြစ်ပါတယ်။ လူတွေမှာ သိုင်ယာမင်း (Thiamine) ဓာတ် ချို့တဲ့ တဲ့အခါ အမြင်အာရုံတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပဲစောင်းလျားသီးမှာ သိုင်ယာမင်း (Thiamine) ဓာတ်တွေ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ရေတိမ်နဲ့ အတွင်းတိမ် ကဲ့သို့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို လျော့နည်းသက်သာစေနိုင်ပါတယ်။ ထို့အပြင် သိုင်ယာမင်း (Thiamine) ဓာတ်ဟာ ဦးနှောက်ဆီသို့ အချက်ပြမှုတွေ ပေးပို့ခြင်းကို လုပ်ဆောင်ပေးတဲ့ မျက်လုံးရဲ့ ကြွက်သားများနဲ့ အာရုံကြောများကို ကျန်းမာကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ ဖော့စဖောရပ်စ်နဲ့ လပ်တို့စ် (Lactose)၊ ဖရပ်တို့စ် (Fructose) ကဲ့သို့ သကြားဓာတ်တွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်ပမာဏကို မြှင့်တင်ပေးနိုင်ပြီး မောပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ် ထုံကျင်ကိုက်ခဲခြင်း စတာတွေကိုလည်း လျော့နည်းသက်သာစေနိုင်ပါတယ်။ 

အစာခြေဖျက်ခြင်းနဲ့ အရိုးကျန်းမာရေး ကောင်းမွန်စေခြင်း

အထက်မှာ ဖော်ပြခဲ့သလိုပဲ ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ကိုယ်အလေးချိန်တက်တာကို လျော့ချပေးနိုင်ရုံသာမက အစာအိမ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို တိုးပွားစေပြီး အစာခြေဖျက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ထို့ကြောင့် မကြာခဏစားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်ဆိုင်ရာ ပြဿနာတွေကို လျော့ပါးစေနိုင်ပါတယ်။ ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်တွေဟာ အရိုးနဲ့ သွား များကို ကြီးထွားသန်မာစေပြီး ထိခိုက်ဒဏ်ရာတွေ သက်သာဖို့နဲ့ အနာကျက်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာရရှိခြင်းဟာ အရိုးပွခြင်းကဲ့သို့ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ အကျိုးပြုခြင်း 

ပဲစောင်းလျားသီး အပါအဝင် ပဲအမျိုးမျိုးမှာ ဖောလစ်အက်စစ် (Folic) ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် သင့်တော်ပါတယ်။ ဖောလစ်အက်စစ်ဓာတ်ဟာ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပြီး လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။  ဒါ့အပြင် ပဲစောင်းလျားသီးမှာပါဝင်တဲ့  သံဓာတ်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွေးဆုံးရှုံးမှု ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပြီး မွေးကင်းစကလေးငယ်ရဲ့ ကိုယ်အလေးချိန် လျော့နည်းတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပဲစောင်းလျားသီးမှာ မဂ္ဂနိစ်ဓာတ် ကြွယ်ဝစွာပါဝင်နေခြင်းဟာ ကလေး မမွေးဖွားခင်နဲ့ မွေးဖွားပြီးနောက်မှာ ဖြစ်တတ်တဲ့ ရောင်ရမ်းခြင်းနဲ့ ညောင်းညာကိုက်ခဲခြင်းတွေကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပဲစောင်းလျားသီးကို ဖြည့်စွက်စာအဖြစ် စားသုံးပေးမယ်ဆိုရင် ကောင်းကျိုးတွေ ရရှိနိုင်မှာ  ဖြစ်ပါတယ်။

သွေးအားနည်းခြင်းနဲ့ ပန်းနာရင်ကြပ် သက်သာစေခြင်း 

ပဲစောင်းလျားသီးမှာ မဂ္ဂနီစီယမ်ဓာတ်လည်း အတော်အသင့်ပါဝင်နေတာကြောင့် အဆုတ်ပြွန်နဲ့ သက်ဆိုင်တဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်တဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ကောင်းစွာထိန်းညှိပေးနိုင်တာကြောင့်  နာတာရှည် ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူများအတွက်လည်း သင့်တော်ပါတယ်။ ပဲစောင်းလျားသီးမှာ ဗီတာမင် ဘီ ပါဝင်နေခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့ သွေး ပမာဏနဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ပဲစောင်းလျားသီးကို ဖြည့်စွက်စာအနေနဲ့ ပုံမှန်စားသုံးပေးခြင်းဖြင့် ပန်းနာရင်ကြပ်နဲ့ သွေးအားနည်းခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်