တောင်သူတွေကိုကြည့်ရင်း ရင်မောမိတယ်

19/01/2018 13:21 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

စိုက်ပျိုးရေး စနစ်တစ်ခုတိုင်းမှာ အရွေ့တွေနဲ့ ပြောင်းလဲလာတာ ယနေ့ဆိုရင် အော်ဂဲနစ် စိုက်ပျိုးရေး ခေတ်အထိရောက်ရှိလာပါပြီ။ ရှေးဘိုးဘေးတွေ လက်ထက်တုန်းက မြေသြဇာ ဓာတုဆေး ဆိုတာမရှိ နွားချေး ကြက်ချေး သုံးရမှန်း မသိချိန်က စလို့ ယခုဆိုရင် ဆေးပေါင်းစုံ၊ မြေသြဇာ ပေါင်းစုံ နည်းစနစ်ပေါင်းများစွာ မျိုးကွဲပေါင်း အမြောက်အများနဲ့ တိုးတက်လာတာ ကျွန်တော်တို့ လက်တွေ့ ခံစားနေရပါပြီ။ ကောင်းကျိုးရော ဆိုးကျိုးပါ ခံစားနေရတယ် ဆိုရင် မှားမယ်လို့မထင်ပါဘူး။ ရှေးယခင်တုန်းက မြေသြဇာ မသုံးတတ်လို့ မသုံးမနေရ ပုလဲတွေ အစိုးရဌာနမှ အရှုံးခံဝေရာကနေ ယခုလက်ရှိမှာ တောင်သူများ မသုံးရ မနေနိုင်အောင် ဘိန်းစွဲသလို မြေသြဇာအဖြူ(ပုလဲ) ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ထိုကတဆင့် မြေတွေပျက် မြေတွေချဉ် ပြဿနာပေါင်း များစွာနဲ့ စိုက်ပျိုးမြေတွေဟာ အလဲလဲ အပြိုပြိုဖြစ်နေကြပါပြီ။ တကယ် ရင်မောစရာပါ။

ကျွန်တော်တို့ စိုက်ပျိုးရေးသမားတွေမှာ အခက်အခဲ အများကြီး စိန်ခေါ်မှု အများကြီးရှိနေပါတယ်။ မြေ၊ ရေ၊ ရာသီဥတု၊ မျိုး၊ စိုက်စနစ်၊ လုပ်သား ကဏ္ဍပေါင်းစုံပါပဲ။ လုပ်သားရှားပါးမှု ပြဿနာကြောင့် စိုက်ပျိုးရေးမှာ ခေတ်တစ်ပတ်ပြန်လည်နေတာလည်း ကြီးမားတဲ့ အကြောင်းအရာတစ်ခုပါ။ ယခင်က စပါးကို ကြဲပက်စိုက်ပျိုးရာကနေ ပျိုးထောင်စိုက် ယခုအခါ လုပ်သားပြဿနာကြောင့် ကြဲပက်စိုက် စသဖြင့် သံသရာတစ်ပတ် လည်လာပြန်တယ်။ ယခင်က စပါးကြားပေါင်းကို ပေါင်းသတ်ဆေးဖျန်းရင် လောင်တတ်တယ် မသုံးရဲလို့ တမန်းနိုး ဓားကြမ်းဝင်ပေမယ့် အခုချိန် ပေါင်းသတ်ဆေးတွေနဲ့တစ်ဧက ၂-၃လီတာလောက်ကို ဆေးပုံးမချ ဖျန်းနေရင်း တစ်ပတ်လည်လာပြန်တယ်။ အရင်တုန်းက မြေပျက်တာ မြေသြဇာ အလွန်အကျွံသုံးလို့ ကောက်ချက်စွဲပေမဲ့ လက်ရှိ အနေအထားမှာ ပေါင်းသတ်ဆေးပါ ထိုခေါင်းစဉ်ထဲ ထည့်ရတော့မှာပါ။ ပေါင်းသတ်ဆေးဖျန်း မြေပွတယ်ဆိုတဲ့ ဆရာတောင်သူများကို ကြုံခဲ့ဖူးသလို အားဆေး ပိုးသတ်ဆေးဖျန်းဖို့ ရေ အခက်အခဲ ရှိပါတယ်ဆိုတဲ့ တောင်ပေါ်က တောင်သူများ ပေါင်းသတ်ဆေးဖျန်းဖို့ ရေကို ထော်လာဂျီနဲ့ တိုက်ဖျန်းတာ ဝါသနာပါတာလဲ ရှိပါသေးတယ်။ ပေါင်းသတ်ဆေးကြောင့် မြေပွတာနဲ့ သစ်ဆွေးဓာတ်ကြောင့် မြေပွတာ မတူဘူးဆိုတာ တောင်သူ အများစု မသိတာ အံ့သြစရာပါ။

တောင်သူအချို့ကို တွေဖူးသေးတယ် ခင်ဗျ။ မြေသြဇာကို နမ်းကြည့် စားကြည့်ပြီး အချဉ်၊ အဖန်၊ အနံ့ အပြင်း၊ အပျော့ကိုလိုက်ပြီး မြေသြဇာကောင်းတယ် မကောင်းဘူးဆိုတဲ့ ကောက်ချက်ချတာ မြင်ဖူးပါသေးတယ်။ တကယ်လို့များ အခုခေတ်စားနေတဲ့ ပေါင်းသတ်ဆေးမြေသြဇာတွေကို အခုလိုများ စားကြည့် နမ်းကြည့်ခဲ့ရင် ပေါင်းသတ်ဆေးမြေသြဇာဆိုလို့ ကောင်းကျိုးမထင်စေချင်ပါ။ ခဏတာ အကျိုးရှိနိုင်ပေမယ့် နောက်ပိုင်း ဓာတ်ကြွင်းတွေကြောင့် မြေကြီးနဲ့အပင်တွေမှာ ပြဿနာ များလာပါလိမ့်မယ်။ ပေါင်းပင်များ ခံနိုင်ရည်တိုးလာကာ ပေါင်းသတ်ဆေးမြေသြဇာ တိုးကျွေးရင်းနဲ့ မိမိစိုက်တဲ့ အပင်ကော ပေါင်းပင်ပါ သေမှာ ပထမဦးဆုံးပြဿနာပါ။ မယုံစမ်းကြည့်ပေါ့ဗျာ။ ပိုးသတ်ဆေး ပြင်းမပြင်းကိုလည်း အနံ့ရှု သုသေတန ပြုသူများ ရှိပါသေးတယ်။ ဧရာဝတီတိုင်းဘက် ကျွန်တော် ကွင်းဆင်းတော့ မြေနုကျွန်းတွေမှာ အစေ့ထုတ်ပြောင်းတွေ စိုက်ကြပါတယိ။ သူတို့စိုက်စနစ်ကို ပြောချိန်မှာ အတော်လေး မျက်လုံးပြူးစရာဗျ။ မြေပြင်ချိန်မှာ ပုလဲ(၄)အိတ် ၁ဧကနှုန်း တစ်ခါထဲထည့်၊ မြေပြင်ပြီး တစ်ပတ်အကြာမှာ စိုက်သတဲ့။ ထူးခြားတာက အဲဒီဒေသမှာ ပြောင်းတစ်ပင်ကို (၂) ဖူးအောင်ရမယ့်အစား (၃)ဖူး၊ (၄)ဖူးတောင် တွေ့ရပါသေးတယ်။ ကျွန်တော်အတော်ကို ခေါင်းခြောက်မိစရာ။ ပုလဲ အဲဒီလောက်သုံးလို့ ပြောရအောင် အခုလိုလုပိနေတာ ၃-၄နှစ်ရှိပြီး အထွက်နှုန်းက အောင်မြင်နေပြန်တယ်။ မြေပျက်တတ် တယ်ပြောရအောင်လဲ မြေက မြေနုကျွန်း တစ်နှစ်တစ်ခါ ရေဝင်ပြီး မြေနုကျန်တယ်။ နောက်ဆုံး ပြောစရာ ကျန်တာကလည်း ပုလဲ(၄)အိတ်မလိုဘူး (၂)အိတ်လောက်ဆိုရပြီ နို့မို့ဆို စရိတ် ပိုကုန်တယ် ဆိုတာထက် တခြားပြောစရာမရှိအောင် ပြည့်စုံနေပြန်တယ်။

စိုက်ပျိုးရေးဆေးဆိုင်အနေနဲ့ ပြောဦးမယ်ဗျ။ ရှမ်းပြည်မြောက်ပိုင်းမှာ အများဆုံးဖြစ်နေသော အခြေအနေ တစ်ခုပေါ့ဗျာ။ ကုန်စုံဆိုင်တွေမှာ စိုက်ပျိုးရေးဆေးများ တွဲရောင်းနေတာ ရွာအတော်အများမှာ ရှိပါတယ်။ စားသောက်ကုန်နဲ့ စိုက်ပျိုးရေး သုံးဆေးများကို ကောင်တာတစ်ခုထဲ ထည့်မရောင်းတာ ကံကောင်း။ သူတို့ဆီမှာ အစိုးရက စိုက်ပျိုးရေးသုံးဆေးရောင်းချခွင့် လိုင်စင် မပြောနဲ့ ဆေးနာမည်တောင် တည့်အောင် မပြောတတ်ပဲ ရောင်းနေတဲ့ဆိုင်(၁၀)ဆိုင်မှာ (၆)ဆိုင်လောက် ရှိတယ်။ ပိုးသတ်ဆေးကို ဆီချိန်သလို ချိန်ရောင်းတာတောင် ရှိပါသေးတယ်။ ဆီချင်ခွက်နဲ့ ဆေးချင်ခွက် မမှားအောင် ဆုတောင်းပေါ့။ ဒီတော့ စားသုံးသူဘက်ကလဲ စိတ်ချစရာ မရှိသလို ဆေးအသုံးပြုမယ့် စိုက်ပျိုးရေးတောာင်သူများ ဘယ်လိုများ ခရီးဆက်ကြမလဲ။

ကျွန်တော် ၂၀၀၂-၂၀၀၅ အထိ စိုက်ပျိုးရေး တစ်ခုက ဝန်ထမ်းအဖြစ် ကျင်လည်ပြီး ၂၀၀၇ကျမှ ခြံတွေ လုပ် စိုက်ပျိုးရေးကို ပြန်လည် အခြေချခဲ့ပါတယ်။ ကျွန်တော်ထင်တာက တစ်နှစ်ထက် တစ်နှစ် စိုက်ပျိုးရေး စနစ်တွေ ဆေးတွေ မြေသြဇာတွေ တိုးပွားလာတာမြင်တော့ တောင်သူတွေ အရမ်းကို တိုးတက်လာပြီ ထင်တာ။ လက်တွေ့ကျတာ့ ပိုးနဲ့ရောဂါ မကွဲသုူတွေက ယနေ့အထိ ရှိနေဆဲပါ။ ဆေးဖျန်းရင်း စိုက်ခင်းထဲမှာတင် သေဆုံးသူ ယခင်ကထက်တောင် အရေအတွက် ပိုများလာသလားမသိတော့။

ခန့်ဇော်ထက်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်