အရင်းအနှီးမျှော်လင့်နေသော ကျောက်ဖြူမြို့နယ် ပုစွန်မွေးမြူရေး

Myanmar Now     22/01/2018 17:24 PM     Content Provider - Greenway
Photo - ကျောက်ဖြူမြို့နယ်တွင် ပုစွန်မွေးမြူရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် တူးဖော်ထားသည့် တာဘောင်ပေါ်တွင် တွေ့ရသော ဒေသခံတစ်ဦး (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်မှ ပုစွန်မွေးသူအများအပြား၏ လိုလားချက်မှာ လုပ်ငန်း ပြန်လည်နာလန်ထူရေးဖြစ်သည်။

 ကျောက်ဖြူမြို့နယ်၊ ပန်းဒူမ ကျေးရွာဝန်းကျင်တွင် ရေအပြည့် ဖုံးလွှမ်းနေသည့် လယ်ကွင်းများနှင့် ပုစွန်ကန်များကို တွေ့ရသည်။ ပင်လယ်ဒီရေကလည်း ကျိုးပျက်နေသော တာဘောင်များကြားမှ ဝင်ထွက်နေသည်။

၂ဝ၁ဝ ဂီရိမုန်တိုင်းက တာတမံများ၊ ပုစွန်ကန်များကို အကြီးအကျယ် ဖျက်ဆီးထားရာ အခြားနေရာ အများအပြားတွင် ပြန်လည် ပြုပြင်ပြီးဖြစ်သော်လည်း ကျောက်ဖြူ၊ ငန်းကျွန်းတွင်မူ မူလအခြေအနေသို့ ပြန်ရောက်နိုင်ခြင်း မရှိသေးပေ။

တာဘောင်များ မပြင်ဆင်နိုင်သေးသဖြင့် ကျွန်းပေါ်ရှိ ကျေးရွာများ၏ စားဝတ်နေရေး ထိခိုက်နေသည်ဟု ကျောက်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က ဆိုသည်။

“စပါးလည်း စိုက်လို့မရ၊ ပုစွန်မွေးမြူရေးလည်း လုပ်လို့မရတော့ ပင်လယ်ပြင်ကိုပဲ အားပြုပြီး တစ်နေ့ရှာ တစ်နေ့စားပဲ ဖြစ်နေလိမ့်မယ်” ဟု ပန်းဒူမကျေးရွာတွင် ပုစွန်မွေးမြူသည့် ဦးသိန်းမြင့်က ပြောသည်။

ခရိုင်အတွင်းရှိ အခြားသော နေရာများတွင်လည်း ကန်အရေအတွက်လျော့နည်းလာရာ ပုစွန်ကန် ၁၈,၁၁၈ ဧက ရှိခဲ့ရာမှ ယခုအခါ ထိုပမာဏ၏ လေးပုံတစ်ပုံခန့်သာရှိတော့သည်ဟု ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ငန်းကျွန်းရှိ ပုစွန်ကန် ၇၅ ခုအနက် လုပ်ငန်းလည်ပတ်နေသည်မှာ ၅ ကန်သာ ရှိတော့သည်။ ကန်ပျက်များ ပြန်လည်တူးဖော်ခြင်း၊ ပုစွန်သားပေါက် ဝယ်ယူခြင်း စသည့် မွေးမြူရေးလုပ်ငန်း ပြန်လည် နာလန်ထူရေး လုပ်ငန်းများ အတွက် နည်းပညာနှင့် အရင်းအနှီးများ လိုအပ်နေသည်ဟု ဒေသခံတို့က ပြောသည်။

ပုစွန်မွေးကန် ဆယ်ယူခြင်း

ကျောက်ဖြူမြို့နယ်မှ ပုစွန်ကန်အများစုသည် သားပေါက်နှင့် အစာ ထည့်သွင်းရန် မလိုသော ပင်လယ်ဒီရေ အထုတ်အသွင်းလုပ်သည့် သဘာဝနည်းဖြင့်သာ မွေးမြူခဲ့ကြသည်။
သဘာဝနည်းကို စွန့်ခွာပြီး ပုံစံသစ်ဖြင့် မွေးမြူရေးအတွက် နည်းပညာ လိုအပ်ချက်ကို အစိုးရကသာမက နိုင်ငံတကာအဖွဲ့များကလည်း ဒေသတွင်းနေရာအများအပြားတွင် ကူညီပေးလျက်ရှိသည်။

ရခိုင်ဒေသ မြို့သုံးမြို့ရှိ ရွာသား ၁၂ဝ ခန့်ကို ပုစွန်မွေးမြူရေး၊ ရွှံဂဏန်းအသားတိုးမွေးမြူရေး အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းများ ပေးပြီး လေ့ကျင့်ပေးခဲ့ရာ ထိုဒေသများတွင် ကျောက်ဖြူမြို့နယ်လည်း ပါဝင်သည်ဟု နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်သည့် အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့၏ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းသိန်းက ဒေသခံတို့ လိုအပ်လျှင် နည်းပညာ အကူအညီ ပေးမည်ဖြစ်ပြီး ကျောက်ဖြူ သားဖောက်စခန်းတွင်လည်း ပုစွန်သားပေါက် ရောင်းချပေးနေသည်ဟု ပြောသည်။

ပုစွန်ကန်တစ်ကန်လျှင် ဧက ၃ဝ မှ ၅ဝဝ ခန့်အထိ ရှိသည်။ နေရာကျယ်ဝန်းကြသကဲ့သို့ ပြန်လည် ဆယ်ယူ ပြုပြင်ရန်မှာလည်း အရင်းအနှီးကြီးလှသည်။ ပြန်လည်ဆယ်ယူလုပ်ကိုင်သူများထဲတွင် ဧက ၄ဝဝ ခန့် ကျယ်ဝန်းသော ကန်ကို ပိုင်ဆိုင်သည့် ဒေသခံ ဦးတင်မြလည်း ပါဝင်သည်။ ဦးတင်မြက ကျောက်ဖြူ-ရန်ကုန်ကားလမ်းအနီးရှိ ကန်ကို ဆယ်ယူရန်အတွက် သိန်း ၃ဝဝ နီးပါး ကုန်ကျခဲ့ကြောင်း ပြောသည်။ကျောက်ငူကျေးရွာမှ ပုဇွန်ကန် လုပ်ငန်းရှင် ဦးဘစုတင်က ဧက ၂ဝဝ ဝန်းကျင် ပုစွန်ကန် ပြင်ဆင်စရိတ်အတွက် အိမ်ကို ဘဏ်တွင်ပေါင်နှံပြီး ငွေချေးခဲ့သည်ဟု ဆိုသည်။

“အဓိက အခက်အခဲကတော့ ပုစွန်ကန်ဆယ်ဖို့ပဲ။ လုပ်အားခက တအားစျေးကြီးတယ်” ဟု ဧက ၁၅ဝ နှင့် ဧက ၂ဝဝ ကျယ်ဝန်းသော ပုစွန်ကန် နှစ်ခုကို လုပ်ကိုင်နေသူ ဦးဘစုတင်က ပြောသည်။
ကန်ဆယ်ယူခြင်းအတွက် အလုပ်သမားခ တစ်နေ့ ၅,ဝဝဝ ခန့် ပေးရကြောင်း၊ စက်ယန္တရားငှားရမ်း တူးဖော်ခြင်းက လုပ်ငန်းတွင်ကျယ်ပြီး ပိုမိုတွက်ခြေကိုက်ကြောင်း ဦးဘစုတင်က ရှင်းပြသည်။ ဘက်ဟိုးဟု ခေါ်ကြသော စက်ယန္တရား ငှားရမ်းခမှာ ၁ နာရီလျှင် ကျပ် ၉ဝ,ဝဝဝ ဖြစ်သည်။

မွေးကန်ကို နှစ်နှစ်လျှင် တစ်ကြိမ် ဆယ်ယူခြင်းကဲ့သို့သော မွမ်းမံထိန်းသိမ်းမှု ပြုလုပ်ရကြောင်း၊ သို့မဟုတ်ပါက ကန်မြေပျက်စီးပြီး ပုစွန် အထွက်နှုန်းလည်း လျော့ကျတတ်ကြောင်း သိရသည်။ မြေအမျိုးအစားကလည်း အရေးကြီးသည်ဟု ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းသိန်းက ထောက်ပြသည်။

“သူက နုန်းရွှံ့စေးမြေကို အကြိုက်ဆုံးပဲ။ ရွှံ့စေးမြေမှ ပိတ်ထားလို့၊ လှောင်ထားလို့ ခံတာလေ။ ကျောက်ဖြူက ရွှံစေးမြေတွေ ရှိပေမယ့် သဲမြေဖြစ်တာများတော့ မိုးရွာရင် ရေဆင်းသွားရော” ဟု ခရိုင်ဦးစီးမှူးက ရှင်းပြသည်။

ဒေသခံတို့၏ မျှော်လင့်ချက်

သဘာဝအတိုင်းမွေးမြူသည့် နည်းလမ်းကို အသုံးမပြုပါက ကန်ဆယ်ယူသည့် ကုန်ကျစရိတ်အပြင် သားပေါက် နှင့် အစာ ဝယ်ယူရေးစရိတ်များ ရှိလာသည်ဟု ကျောက်ငူကျေးရွာမှ ဦးဘစုတင်က ထောက်ပြသည်။

“လောလောဆယ်တော့ သဘာဝနည်းအတိုင်းပဲ မွေးနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရင်းအနှီး များများစားစားမှ မရှိတာ” ဟု ဦးဘစုတင်က ဆိုသည်။
ပန်းဒူမ ကျေးရွာမှ ဦးသိန်းမြင့်ကလည်း “ငွေမရှိလို့” သားဖောက်မွေးမြူရေး မလုပ်နိုင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပုစွန်ကန်များ ပြန်လည်နာလန်မထူနိုင်ရသည့် အကြောင်းအရင်းများထဲတွင် သားပေါက် ဝင်ရောက်မှု လျော့နည်းလာခြင်းလည်း ပါဝင်သည်ဟု ထောက်ပြသူများအနက် တစ်ဦးမှာ ပုစွန်ကန်ပိုင်ရှင် ဦးတင်မြဖြစ်သည်။

“ကန်ထဲကို သားပေါက်ဝင်တာ အရမ်းနည်းလာတယ်။ အရင်ကထက်ကို နည်းလာတာ။ အဲဒီတော့ ဖမ်းတဲ့ အခါမှာလည်း နည်းနည်းပဲ ရတော့တာပေါ့” ဟု ဦးတင်မြက ဆိုသည်။
သူ၏ ဧက ၄ဝဝ ကန်ကိုဆယ်လျှင် ပုစွန် ပိဿာ ၉ဝဝ နီးပါး ရခဲ့သော်လည်း ယခုအခါ ပိဿာ ၁၅ဝ ခန့်သာ ရနိုင်သည်ဟု ဦးတင်မြက ဆိုသည်။ ကျားပုစွန်တစ်ကောင်လျှင် သုံးကျပ်သားခန့် ရှိရာမှ ၂ ကျပ်သားခန့်သာ ရှိတော့သည်ဟု သူက ဆက်ပြောသည်။

ဤသို့ဖြင့် ဘင်္ဂလားပင်လယ်အော်၏ ကျယ်ပြန့်သောကမ်းရိုးတန်းပေါ်တွင်တည်ရှိပြီး မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကို အတားအဆီးမရှိ ရင်ဆိုင်ရသည့် ဤဒေသမှ မွေးမြူရေးသမားများသည် ရင်းနှီးငွေ မရှိပါက ပုစွန်ကန်တို့ကို ပစ်ထားကြရသည်။ ဆားငန်ရေ နှစ်ရှည်လများ အဝင်အထွက် ရှိနေသောကြောင့် စပါးစိုက်ရန်လည်း မဖြစ်နိုင်သေးပေ။

ဒေသခံတို့သည် ဂဏန်းထောင်၊ ငါးဖမ်း အလုပ်များ လုပ်ကိုင်နေကြချိန်တွင် မွေးမြူရေး လုပ်ငန်းအတွက် ချေးငွေ၊ ထောက်ပံ့ငွေအစီအစဉ်များ ဤဒေသသို့ ရောက်လာနိုင်ချေရှိသည်ဟု ယူဆနေကြသည်။

ပန်းဒူမရွာသည် ၂ဝ၁၅/၁၆ ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းအရ သိန်း ၃ဝဝ ရရှိခဲ့သည်။

ကျောက်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် အပါအဝင် ဒေသခံ အများအပြားကမူ လိုအပ်သည့် အရင်းအနှီး၊ အကူအညီကို အစိုးရထံမှ ရရှိနိုင်ရန် မျှော်လင့်နေကြသည်။
“အစိုးရကသာ မကူညီဘူးဆိုရင် ဒီဒေသက စီးပွားရေးအခြေအနေမကောင်းနိုင်တော့ဘူး။ ဝင်ငွေမကောင်းရင် ဒီဒေသမှာ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ ကျန်းမာရေး လူမူရေး၊ စီးပွားရေး အဆင်မပြေရင် ဒီဒေသက စွန့်ခွာပြီးမှ ရေကြည်ရာမြက်နုရာကို သွားကြတော့မှာ” ဟု ဦးသိန်းမြင့်က ပြောသည်။ ။

အောင်ငြိမ်းချမ်း/Myanmar Now



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောပင်စိုက် မိလိုက်ဘပါ"