ကျွန်တော် ကြီးပြင်းခဲ့ရတဲ့ ရွာလေးဆိုတာ အခု နာမည်ကြီးနေတဲ့ လက်ပံတောင်းတောင်နဲ့ သိပ်ဝေးလှပါဘူး။ ရွာရဲ့ အနောက်ကို ကြည့်လိုက်ရင် လက်ပန်းတောင်းတောင်ကို စိမ်းလန်းလို့ (တောင်ကို နောက်ကျောကနေ ဖြိုနေတော့ ရွာကကြည့်ရင်တော့ မသိသာဘူး)။ ရွာရဲ့ ရှေ့မှာတော့ ချင်းတွင်းမြစ်က စီးဆင်းလို့။ မြစ်ကို ကျော်ကြည့်လိုက်ရင်တော့ အရှေ့ဘက်ကမ်းမှာ မှုံပြပြနဲ့ လေးကျွန်းစင်္ကြာ ရပ်တော်မူဘုရားကြီးက ကြည်ညိုဖွယ်ရာ။ နုံးတင်မြေနု ကျွန်းမြေဆိုတော့ မြေသြဇာထက်သန်ပြီး သီးနှံတွေလည်း ဖြစ်ထွန်းပါတယ်။ မြေပဲ၊ ပြောင်းဖူး၊ ကုလားပဲ၊ ပဲတီစိမ်း၊ ကြက်သွန်၊ နှမ်း၊ ခရမ်းချဉ် အပြင် အခြား ဟင်းသီးဟင်းရွက်တွေလည်း အစုံ စိုက်ပျိုးလို့ ရပါတယ်။ ကျွန်တော်တို့ရွာက ထွက်တဲ့ ငှက်ပျောသီးဆိုတာ မုံရွာ မြို့ပေါ်မှာ နာမည်ကြီး ပါတယ်။ ရွာလေးက မိုးရာသီ ရေလျှံနေတဲ့ အချိန်က လွဲရင် ကျန်အချိန်မှာ စိုက်ပျိုးလို့ရတော့ လယ်သမားတွေအဖို့ စားဝတ်နေရေး အခက်အခဲ နည်းပါးကြပါတယ်။
မပြန်တာကြာပြီဖြစ်တဲ့ ရွာလေးကို တစ်ရက် အိမ်ပြန်ရောက်တာနဲ့ အမျိုးတွေအိမ် လျှောက်လည်ရင်း စိုက်ပျိုးရေး ကျောင်းဆင်း၊ အစိမ်းရောင်လမ်း စိုက်ပျိုးနည်းပညာအဖွဲ့မှာ လုပ်နေတဲ့ ကျွန်တော့်ကို သိလိုတာတွေ မေးမြန်းကြပါတယ်။ အကို ဝမ်းကွဲက သူသုံးနေတဲ့ ပိုးသတ်ဆေးဘူးလေးတွေကို ယူလာပြီး ကောင်းမကောင်း ကျွန်တော့်ကို မေးလာပါတယ်။ အဲဒီမှာ စပြီး ဒုက္ခစတွေ့တော့တာပါပဲ။
ပြလာတဲ့ ဆေးဘူးက အချို့ ဂဏန်းလေးတွေက လွဲပြီး ကျန်တာ တရုတ်စာ။ ကျွန်တော်ကလည်း တရုတ်စာနဲ့ တူတာဆိုလို့ ဘူးသီးကြော်ပဲ သိတယ်။ (ကျွန်တော်တို့ အညာမှာ ဘူးသီးကို ကြော်ရင် အချောင်းလေးတွ လှီးပြီး တရုတ်စာလို ဟိုထပ် ဒီထပ်နဲ့ ကြော်တာဗျ)။ သူက ဘူးတွေယူလာပြီး ဒီဘူးက ပိုးသတ်ဆေး အရမ်းကောင်းတယ်။ ဟိုဘူးက အပင်အားဆေး။ မနှစ်က ဒီဆေးတွေသုံးပြီး အထွက်ဘယ်လို တိုးတယ်ဆိုတဲ့ အကြောင်း ပြောပြောမဆုံး။ အထွက်တိုးတယ် ဆိုတာတော့ စိုက်ချိန်၊ မိုးလေဝသ၊ မိုးရာသီကာလအပြီး နုံးမြေပို့ခြင်း ရှိ မရှိ စတာတွေ အပေါ်မှာလည်း မူတည်နေတာ့ မငြင်းတော့ပါဘူး။
သူ့သားမက်က မြစ်အရှေ့ဘက်ကမ်းက တရုတ်တွေရဲ့ ဖရဲစိုက်ခင်းမှာ လုပ်တာဆိုတော့ သူ့သမက်ပြောတဲ့ စကားတွေ ဟုတ်မဟုတ် သိချင်လို့တူပါရဲ့ ကျွန်တော့်ကို တရုတ်စာ ဖတ်ခိုင်းနေတော့တာပဲ။ ကြံရာမရ ဖုန်းကို ဟိုပွတ် ဒီပွတ်လုပ်ရင်းနဲ့ နောက်ဆုံးတော့ နည်းလမ်း ရှာတွေ့ခဲ့တယ်။ အဲဒါတော့ ဂူဂဲရဲ့ ဘာသာပြန် ဆော့ဝဲ (Google translate)။ ကျေးဇူးရှင် ဂူဂဲ ကယ်ပေလို့ပေါ့။ မဟုတ်ရင် စိုက်ပျိုးရေး တက္ကသိုလ်က ကျောင်းဆင်းပြီး စိုက်ပျိုးရေးဆေး အကြောင်းတောင် မသိဘူးလို့ အပြောခံရအုံးမယ်။
ဒီတော့ ဂူဂဲ ဘာသာပြန် အကြောင်း နည်းနည်းပြောအုံးမယ်။
ဂူဂဲ ဘာသာပြန်ဆိုတာက ဘာသာစကားတစ်ခုနဲ့ တစ်ခုကို ပြန်ပေးတာ။ စာသားတွေဆိုရင်တော့ ဘာသာစကား အတော်များများကို ပြန်ပေးတယ်။ မြန်မာနိုင်ငံမှာတော့ အခုထိ သုံးတဲ့ သူနည်းနေသေးတယ်။ မြန်မာ ဘာသာစကားကို စတင်ထည့်သွင်းခဲ့တာကလည်း သိပ်မကြာသေးတာလည်း ပါတာပေါ့။ နောက်ပြဿနာတစ်ခုက ဖောင့်ပြဿနာ။ မြန်မာနိုင်ငံမှာက ဇော်ဂျီပဲ သုံးကြတယ်။ ကိုယ်တော်ချောက ယူနီကုတ်ပဲ ပြန်ပေးတယ်။ ဒါပေမယ့်လည်း ယူနီကုတ်ကနေ ဇော်ဂျီပြောင်းပေမယ့် ဆော့ဝဲထည့်လိုက်ရင် ရတာပါပဲ။
ဂူဂဲက စာသားတင် ဘာသာပြန်ပေးတာ မဟုတ်ပါဘူး။ အချို့ ဘာသာစကားတွေအတွက် စကားပြောတာကို အသံဖမ်းပြီး ပြန်ခိုင်းလို့ ရပါတယ်။ ဥပမာ စပိန် စကားသံကို ဂူဂဲဘာသာပြန် ဆော့ဝဲကို အသံဖမ်းပြီး အင်္ဂလိပ် ဘာသာ စကားသံ ပြန်ပေးပါတယ်။ နောက် စာရွက်တွေ၊ ကြော်ငြာတွေကို ဓာတ်ပုံရိုက်ပြီး အထဲက စာသားတွေကို ပြန်ခိုင်းနိုင်ပါတယ်။ အင်တာနက်တော့ လိုတာပေါ့။
ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်လည်း တရုတ်ဆေးဘူးပေါ်က ဘူးသီးကြော်တွေကို မြန်မာစာ ပြန်ပြီး ဆေးအသုံးပြုပုံတွေကို ရှင်းပြလိုက်တော့မှပဲ အစ်ကိုတော်က ကျေနပ်သွားတော့တယ်။ အဲဒီမှာ သူတို့ သိထားတဲ့ အလွဲတွေ စတွေ့တော့တာပဲ။ သူပြောတဲ့ ရွက်ဖျန်း အားဆေးဆိုတာကို ဘာသာပြန်ကြည့်တော့ ပိုးသတ်ဆေး ဖြစ်နေလေရဲ့။ အားကိုးရပါတယ်ဆိုတဲ့ ပိုးသတ်ဆေးကလည်း အားဆေး ဖြစ်နေလေရဲ့။ ဒီတော့ ပိုးကျနေလို့ ပိုးသတ်ဆေးဆိုတဲ့ အားဆေးတွေဖျန်းပြီး ငွေကုန် လူပန်းရုံသာမက သီးနှံတွေပျက်စီးသွားရင် မိအေးနှစ်ခါနာ ဖြစ်ရအုံးမယ်။ စားတဲ့သူအနေနဲ့လည်း ဟင်းသီးဟင်းရွက်တွေကို အားဆေးဖျန်းထားတာပဲ ဆိုပြီး စိတ်ချလက်ချ စားသောက် နေရင်တော့ ရင်လေးစရာပါပဲ။ တရုတ်တွေကလည်း မြန်မာပြည်မှာ ရောင်းတဲ့ ဆေးတွေက တရုတ်စာမပါတော့ မဖတ်တတ်လို့များ ကိုယ်တိုင်ကိုယ်ကျ သယ်လာလေသလား မသိ။ အကိုတော်ကတော့ အလကားရတော့ အားရပါးရသုံးနေလေရဲ့။
တောင်သူတွေ လက်ထဲမှာ တောင်သူတွေ နားမလည်နိုင်တဲ့ စာတွေနဲ့ စိုက်ပျိုးရေးသုံး ဓာတုဆေးတွေ ဘယ်လောက်တောင် ရောက်နေမလဲ????
တောင်သူ ဘယ်နှစ်ယောက်က ပိုးသတ်ဆေးကို အားဆေးပါဆိုပြီး စိတ်ချလက်ချ အသုံးပြုနေမလဲ????
ဓာတု ဓာတ်ကျွင်းတွေကရော ကျွန်တော့ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်တောင် ခိုအောင်းနေမလဲ ????
နားမလည်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဓာတ်တုဆေးတွေကို အသုံးမပြုပါနဲ့လို့ ပြောချင်ပေမယ့် တောင်သူတွေကလည်း စျေးသက်သာတာကို ရွေးချယ်နေကြတော့ ရွေးချယ်အသုံးပြုနေတဲ့ ဆေးဘူးတွေအကြောင်း တစ်စိတ်တစ်ပိုင်းလောက် သိစေဖို့ လက်တို့ဖုန်းတွေက (စမတ်ဖုန်းကို တောင်သူတွေပေးထားတဲ့ နာမည်) တစ်ဆင့် ဘာသာပြန်ဆော့ဝဲတွေနဲ့ အဖြေရှာနိုင်ကြပါစေ။
အစိမ်းရောင်လမ်းအနေနဲ့လည်း ဒီလိုပြဿနာတွေကို ဘယ်လို ကူညီဖြေရှင်း ပေးရမလဲဆိုတာ စဉ်းစားရင်း...........
သိန်းစိုးမင်း
အစိမ်းရောင်လမ်း စိုက်ပျိုးနည်းပညာအဖွဲ့
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်