တရုတ်..တရုတ်နဲ့ နေရာတိုင်း၊ စိုက်ပျိုးရေးကဏ္ဍတိုင်းမှာ လွှမ်းမိုးနေပြီလား?

10/09/2020 12:30 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    ဟုတ်ပါတယ် တရုတ်လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတော်အများများကို လွှမ်းမိုးမှုရှိနေတာ အားလုံးအသိပါ။ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာလည်း တရုတ်ရဲ့လွှမ်းမိုးမှုဟာ အတော်များပါတယ်။ စိုက်ပျိုးထုတ်လုပ်သော သီးနှံအများစု၊ ကုန်ကြမ်းများကို တရုတ်ပြည်သို့ တင်ပို့ရောင်းချရာမှာ တစ်နှစ်ထက်တစ်နှစ် အမှောင်ထဲမှာ တိုင်ထောင်ပြီး လေးခွနဲ့ပစ်နေရသလိုပါပဲ...

    ဈေးကောင်းမိဖို့ ရောင်းထွက်ဖို့ကို တောင်သူများမှာ မျှော်လင့်ချက်ကြီးမားတဲ့မှန်းချေနဲ့ သီးနှံများကို ရွေးချယ်စိုက်ပျိုးနေရတဲ့ အခြေအနေပါ။ 

    ဒါတင်ဘယ်ဟုတ်မလဲ.... စက်မှုလယ်ယာစနစ်ကို တဖြည်းဖြည်းပြောင်းလဲလာတဲ့ခေတ်ကြီးမှာ တရုတ်စက်ပစ္စည်းတွေကို အသုံးပြုနေရသော တောင်သူအများစုမှာလည်း "မချစ်သော်လည်း အောင့်ကာနမ်း" ဆိုသလိုပါပဲ။ တောင်သူအများစု လက်လှမ်းမီတဲ့တန်ဖိုးနှုန်းထားအခြေအနေဆိုတဲ့ အခွင့်အရေးလေးတစ်ခုက ရှိနေသေးတာကိုး.....။

    ဒါပေမယ့် တရုတ်စက်လို့ပြောလိုက်ရင် လူများစုဟုထင်ရသော လူနည်းစုအတွက်အကျိုးပြုနေတဲ့ တရုတ်ဆန်စက်တွေတော့ ရှိနေပါတယ်။ လွန်ခဲ့သော ၅ -၁၀ နှစ်ဝန်းကျင်မှ စတင်၍ ပေါပေါများများတည်လာတဲ့ တရုတ်ဆန်စက်တွေဟာ မြန်မာပြည်တွင်းရှိ စပါးထုတ်လုပ်မှုကို  ပြည်ပတင်ပို့ရာ၌ စပါးကုန်ကြမ်းအဖြစ်မှ ဆန်ကုန်ချောအဖြစ်ပြောင်းလဲ ထုတ်လုပ်ပြီး အတော်များများတင်ပို့နိုင်ခဲ့တာကိုး.....။

     သို့သော် ဆန်ကုန်ချောတွေကို  များများပြည်ပတင်ပို့တာတွေ လုပ်ဆောင်လာနိုင်ခြင်းသည် တောင်သူကြီးမှစ၍ တောင်သူငယ်၊ လုပ်ကွက်ငယ်တောင်သူတွေအထိ မျက်ဝါးထင်ထင် တိုးတက်ပြောင်းလဲခြင်းကို မမြင်တွေ့ရသေးတာကတော့.... အမှန်ဖြစ်မယ်ထင်ပါတယ်။ 

ဒါနဲ့ ဘယ်သူတွေ အကျိုးအမြတ်ရရှိနေတာလဲ...?

    လက်ရှိ ဝန်းကျင်မှာမြင်တွေ့နေရတဲ့ တရုတ်ဆန်စက်တွေရဲ့ အကျိုးသက်ရောက်မှုမှာဖြင့်.... တရုတ်စက်တွေ များများပေါ်လာပြီကတည်းက ဗမာဆန်စက်ဟူသော ဆန်စက်အသေးစားလေးတွေ တဖြည်းဖြည်းပိတ်သိမ်းကုန်တာပါပဲ...

    ဒါက တောင်သူငယ်/လုပ်ကွက်ငယ်တောင်သူများအတွက် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ တောင်သူများဟာ ဟိုးအရင်က မိမိလယ်မှထွက်တဲ့စပါးကို ဆန်စက်လေးတွေမှာကြိတ်ပြီး စားဖို့ သိုလှောင်ထားတတ်ကြပါတယ်။

    ဒါကို စေ့စပ်သေချာပြီး ငွေကြေးကို စနစ်တကျ တွက်ချက်သုံးစွဲမှရတဲ့အခြေအနေနဲ့တောင်သူငယ်များအတွက် သက်ရောက်မှုတစ်ခုပါပဲ။

    ဗမာဆန်စက်များမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်းမှာ တစ်မြို့နယ်ကို ၁၀ စက် နီးပါးထိရှိခဲ့ပေမယ့် ယခုမှာတော့ တစ်မြို့နယ်ကို ၁-၂ စက်မျှသာရှိပါတော့တယ်။ ဒါမြို့တိုင်းမဟုတ်ပါဘူး။ တချို့မြို့နယ်တွေမှာလုံးဝမရှိတော့ပါဘူး။

ခုထက်ထိ ဗမာဆန်စက်လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးကို မေးမြန်းကြည့်တဲ့အခါ....

ဗမာဆန်စပ်လုပ်ကိုင်တာ အရင်လိုစီးပွားမဖြစ်တော့ဘူး။ ဒါ့ကြောင့် တခြားဗမာဆန်စက်လုပ်ငန်းတွေ အကုန်ပိတ်ကုန်တာ။ ဒါပေမယ့် ကျွန်တော်က ခုထိမပိတ်သေးတာက မိဘလက်လုပ်လက်ရင်းမို့ ဆက်လုပ်ကိုင်တာကတစ်ကြောင်း၊ စပါးကောက်သင်းကောက် စုဆောင်းပြီး ခုထိ ကြိတ်စားရတဲ့လူတချို့ရှိနေသေးတာတစ်ကြောင်း၊ တောင်သူငယ်တွေက ကိုယ်တိုင်စိုက်တဲ့စပါးကို ကိုယ်တိုင်ကြိတ်စားနေတာတွေ ရှိသေးတာတစ်ကြောင်း၊ တချို့ တိရစ္ဆာန်စာအဖြစ် စပါးအနည်းငယ်ကိုကြိတ်ခွဲတာ ရှိနေသေးတာတစ်ကြောင်း ဒါတွေကြောင့် ကျွန်တော့်ဆန်စက်လေးကိုမပိတ်ပဲ ဆက်လုပ်ကိုင်နေတာ။ စီးပွားလုံးဝမဖြစ်ဘူး။ ဒါမပေမယ့် သူတို့လို လူတစ်စုကို တွေးပေး ပူပေးတဲ့သူတွေမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော်လယ်ယာလုပ်ကိုင်ရင်း တဖက်က ဆန်စက်လေးကို ဆက်လည်ပတ်ပေးနေတာ

ဒါနဲ့ တိုးတက်ပြောင်းလဲလာမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနစ်နာနေခဲ့လဲ..? ဘယ်လိုဆုံးရှုံးမှုတွေရှိနေတတ်လဲ ....?

    ဆုံးရှုံးမှုတစ်ခုအဖြစ် ခေါင်းစဉ်တပ်ပြီး ပြောရရင်ဖြင့်......အဆီအနှစ်ပြည့်ဝတဲ့ဆန်ကိုချက်ပြုတ်စားသုံးရတဲ့ ထမင်းရဲ့ အာဟာရတန်ဖိုးကို သိစေချင်မိတယ်။

    ဒီအာဟာရတန်ဖို့ကို တရုတ်ဆန်စက်နဲ့ ကြိတ်ခွဲပြီးရတဲ့ဆန်တွေမှာ ရရှိမှာမဟုတ်ဘူး။ 

    လူတွေရဲ့ ထမင်းဖြူဖြူလေးမှကြိုက်တဲ့အလိုကိုလိုက်နိုင်တဲ့ တရုတ်ဆန်စက်တွေမှာကြိတ်ခွဲတဲ့ ဆန်ဖြူများမှာတော့ အာဟာရဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို ဆန်လုံးညိုများထက် ပိုလျော့သွားစေပါတယ်။

    ဗမာဆန်စက်များမှာတော့ ဆန်လုံးညိုအဖြစ် ကြိတ်ခွဲစားသုံးနိုင်ပြီး ဆန်လုံးညိုစားသုံးခြင်း၏အကျိုးမှာ 

- ကိုလက်စထရောကို လျော့ကျစေတယ်

- ဦးနှောက်သွေးမလျှောက်၍ လေဖြတ်ခြင်းအန္တရာယ်မှ လျော့နည်းစေတယ်

-  နှလုံးရောဂါဖြစ်မှုကို လျော့နည်းစေတယ်

- ဆီးချို အမျိုးအစား ၂ ဖြစ်မှုကို လျော့နည်းစေတယ် စတဲ့အကျိုးတွေကို ရရှိစေမှာပါ။

    ဒါလေး ထောက်ပြတာနဲ့ တိုးတက်ပြောင်းလဲလာမှုတွေက အပြစ်ဖြစ်သွားပြီလားလို့..မဆိုလိုချင်ပါဘူး။

    သို့သော် တိုးတက်ပြောင်းလဲလာမှုရဲ့ ခေါင်းစဉ်အောက်မှာ နစ်နာနေရတဲ့လူတစ်စု၊ အခြေအနေတစ်ရပ်တို့ကို.... မမေ့လျော့ဖို့၊ သတိပြုမိဖို့ ထောက်ပြပေးချင်တဲ့ ဆန္ဒတစ်ရပ်ပါ။

လေးစားစွာဖြင့်...

သိင်္ဂီလှိုင်(B.Agr.Sc)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်