သင်္ဘောပင်ပေါ်ကပိုးစေးနှဲကို ဘယ်လိုကာကွယ်မလဲ

19/08/2021 14:00 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    သင်္ဘောပင်စိုက်ပျိုးတဲ့ တောင်သူများနေဖြင့် မိမိတို့သင်္ဘောခင်းမှာ အဖြူရောင်ပိုးစေးနဲလေးတွေ ကျရောက်တာသတိပြုမိမှာပါ။ ပိုးစေးနှဲတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အဖြူရောင်ဖယောင်းလွှာတွေနဲ့ ဖုံးအုပ်ထားရှိပြီး အပင်ရည်ကို စုပ်ယူစားသောက်တဲ့ သေးငယ်တဲ့အင်းဆက်ပိုးတစ်မျိုး ဖြစ်ပါတယ်။ ပိုးစေးနှဲတွေက လက်ခံပင်တော်တော်များများတွင် ကျရောက်နိုင်ပြီး အများအားဖြင့် အပူပိုင်းနှင့် အပူသမပိုင်းသီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အလှဆင်အပင်များတွင် ကျရောက်ပါတယ်။ သင်္ဘောပင်တွင် ကျရောက်မှုအမြင့်ဆုံးဖြစ်ပါတယ်။

    ပိုးစေးနှဲသည် ပင်ရည်များကိုစုပ်ယူ၍ အဆိပ်ပစ္စည်းများ ထိုးသွင်းခြင်း၊ ဗိုင်းရပ်စ်များ ပြန့်နှံ့စေခြင်း၊ အချိုရည်များစစ်ထုတ်၍ ကြပ်ခိုမှိုများဖြစ်စေခြင်းအပြင် အပင်သေသည်အထိ ဖြစ်စေပါတယ်။ ကြပ်ခိုးမှိုများသည် အပင်ကို ဖုံးအုပ်ထားသဖြင့် အစာချက်လုပ်မှုကို ဆိုးရွားစွာလျော့ကျစေပါတယ်။ ကျရောက်မှုများပါက အထွက်နှုန်းကျဆင်းခြင်း၊ အသီးအရည်အသွေးကျဆင်းခြင်းနှင့် အသီးများ ရောင်းတန်းမဝင်ခြင်း၊ ခါးခြင်းဖြစ်စေပါတယ်။ ပိုးစေးနှဲသည် အပင်၏ မြေပေါ်ပိုင်းအစိတ်အပိုင်းများတွင် ကျရောက်ပြီး ခန္ဓာကိုယ်ကို ဖယောင်းလွှာဖြင့် ဖုံးကာထားခြင်းကြောင့်  နှိမ်နှင်ရန်ခက်ခဲပြီး မနှိမ်နှင်းပါက အပင်သေစေပါတယ်။ ပိုးစေးနှဲမှ စစ်ထုတ်သော အချိုရည်များသည် ပုရွက်ဆိတ်များကို ဆွဲဆောင်သောကြောင့် ပိုးစေးနှဲကျရောက်လျှင် ပုရွက်ဆိတ်များကိုပါ တွေ့ရမှာဖြစ်ပါတယ်။ ပုရွက်ဆိတ်များသည် ပိုးစေးနှဲကို ၎င်း၏ရန်သူများဖြစ်သော လိပ်ခုံးကျိုင်း၊ ကပ်ပါးကောင်းများ၊ ဇာတောင်ပိုးများ အန္တရာယ်မှ ကာကွယ်ပေးပြီ အပြန်အလှန်အကျိုးပြုကြပါတယ်။

ဖျက်ဆီးမှုလက္ခဏာများ

    ပိုးစေးနှဲများသည် အပင်၏ မြေပေါ်ပိုင်းအစိတ်အပိုင်းများဖြစ်သော အရွက်အောက်မျက်နှာပြင်၊ ပင်စည်နှင့် အသီးများတွင် ဝါဂွမ်းပုံကဲ့သို့ အစုအဝေးလိုက် ကျရောက်ပါတယ်။ ပိုးစေးနှဲ၏ သားလောင်းနှင့် အရွယ်ရောက်ကောင်သည် အပင်အရည်များကိုစုပ်ယူပြီး အပင်ကို အားနည်းစေပါတယ်။ ပင်စည်တွင် ကျရောက်လျှင် အပင်ပုခြင်း၊ ပုံသဏ္ဍန်ပျက်ခြင်း၊ အပင်သေခြင်း ဖြစ်စေပါတယ်။ အရွက်များတွင်ကျရောက်ပါက အရွက်များဝါလာခြင်း၊ ပုံပျက်လာခြင်း၊ တွန့်လိပ်ခြင်း၊ အရွက်များ စောစောကြွေကျခြင်း ဖြစ်စေပါတယ်။ အသီးများသည် မာကြော၍ အရသာခါးစေပါတယ်။ အသီးတွင် ဆိုးရွားစွာကျရောက်ပါက အသီးပေါ်တွင် အဖြူရောင်ဖယောင်းလွှာ ထူထူဖုံးကာထားသောကြောင့် စားမရသည်အထိ ဖြစ်နိုင်ပါတယ်။

လက်ခံပင်များ

    ပိုးစေးနှဲသည် စီးပွားရေးအရအရေးပါတဲ့ လက်ခံပင်များဖြစ်သော သင်္ဘော၊ ထောပတ်၊ ရှောက်၊ သရက်၊ ခရမ်းချဉ်၊ ငရုတ်၊ ဝါ၊ ခရမ်းချိုသီး၊ ပဲမျိုးစုံ၊ ကန်စွန်းဥ အပါအဝင် လက်ခံပင်များစွာတွင် ကျရောက်နိုင်ပါတယ်။ 

ဘဝစက်ဝန်း

     သင်္ဘောပိုးစေးနှဲသည် ပူနွေးပြီး ခြောက်သွေ့သောရာသီဥတုတွင် ပို၍ ကျရောက်တတ်ပါတယ်။ အမများသည် အတောင်မရှိဘဲ တစ်နေရာမှတစ်နေရာသို့  တွားသွားခြင်း (သို့) လေဖြင့် ရွေ့လျားပါတယ်။ အမသည် ဥ ၁၀၀ မှ ၆၀၀ အထိ ဥနိုင်ပြီး စိမ်းဝါရောင်ရှိ၍ အဖြူရောင်ဖယောင်းလွှာဖြင့် ဖုံးကာထားပါတယ်။ ဥ ဥသောကာလသည် ၁ ပတ်မှ၂ ပတ်ကျော်ထိ ကြာပါတယ်။ ဥများက ၁၀ ရက်အကြာတွင် ပေါက်ပါတယ်။ အမသည် သားလောင်အဆင့် ၃ ဆင့်ရှိပြီး အဖိုသည် ၄ ဆင့်ရှိပါတယ်။ အဖို၏ ဘဝစက်ဝန်းသည် ၂၇ မှ ၃၀ ရက် ကြာပြီး အမသည် ၂၄ မှ၂၆ ရက် ကြာပါတယ်။ အရွယ်ရောက်အမသည် အဖိုကို လိင်ဖယ်ရိုမုန်းများထုတ်၍ ဆွဲဆောင်ပါတယ်။ အရွယ်ရောက်အမသည် အဝါရောင်အဆစ်များပါသော ပြားသောခန္ဓာကိုယ်ရှိပြီး ၂ မီလီမီတာရှည်လျား၍ ဖယောင်လွှားဖြင့် ဖုံးအုပ်ထားပါတယ်။ အရွယ်ရောက်အဖိုမှာ ပန်းရောင်ရှိ၍ တောင်ပံပါပြီး ၁ မီလီမီတာခန့် ရှိပါတယ်။   

ပျံ့နှံသောပုံစံ

    ဥမှပေါက်လာသော ပိုးစေးနှဲသားလောင်များသည် ပိုးကျခံရသောအပင်မှ အခြားအပင်များသို့ တွားသွားခြင်းဖြင့် ကျန်းမာသောအပင်များကို ကျရောက်ပါတယ်။ သေးငယ်သောသားလောင်းများသည် လေ၊ မိုးရေ၊ သွင်းရေ၊ ငှက်၊ ပုရွက်ဆိတ်၊ အဝတ်အစားများ၊ လယ်ယာသုံးစက်ကိရယာများမှတစ်ဆင့် အလွယ်တကူပျံနှံ့နိုင်ပါတယ်။ စိုက်ခင်းထဲသို့ လူများဝင်ရောက်သွားလာခြင်းဖြင့်လည်း ပိုးစေးနှဲကိုပျံ့နှံ့စေပါတယ်။ ပိုးစေးနှဲမှထုတ်သော အချိုရည်များသည် ပုရွက်ဆိတ်ကို ဆွဲဆောင်ပြီး ပုရွက်ဆိတ်များသည် ပိုးစေးနှဲကို တစ်ပင်မှတစ်ပင်သို့ သယ်ဆောင်ပါတယ်။ ထို့ပြင် ပုရွက်ဆိတ်သည် ပိုးစေးနှဲ၏ သဘာဝရန်သူများဖြစ်သော လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုး၊ ကပ်ပါးကောင်များရန်မှ ကာကွယ်ပေးပါတယ်။ ဥအိမ်နှင့် သားလောင်းတွင်ကပ်နေသော ဖယောင်းသည် လယ်ယာသုံးပစ္စည်းများ၊ လူများနှင့် ကပ်ငြိ၍ ပျံ့နှံ့နိုင်ပါတယ်။ ပိုးကျရောက်သော အသီးများ၊ အပင်အစိတ်အပိုင်းများကို အခြားစိုက်ခင်းများသို့ သယ်ရွှေ့ခြင်းဖြင့်လည်း ပျံ့နှံ့စေပါတယ်။

ကာကွယ်နှိမ်နင်းနည်း

- ပိုးစေးနှဲကျရောက်မှုကို ကင်းထောက်စစ်ဆေးပါ။

- ပိုးကျသောအကိုင်းအခက်များကို ခုတ်၍ မီးရှို့ဖျက်ဆီးပါ။

- သီးနှံအကြွင်းအကျန်များကို ဖယ်ရှား၍ မီးရှို့ပါ။

- ပိုးစေနှဲ၏ လက်ခံပင်များဖြစ်သော ပေါင်းများ၊ ခေါင်ရမ်းကဲ့သို့အပင်များကို စိုက်ခင်းအနီးအနားမှ ဖယ်ရှာပါ။

- ပိုးကျသောအခင်းမှ အပင်အစိတ်များကို တခြားအခင်းသို့ ရွှေ့ပြောင်းခြင်း ရှောင်ရှားပါ။

- ရေလွှမ်းခြင်းရှောင်ရှားပါ။

- ပိုးစေးနှဲကျရောက်မှုနည်းပါက ပိုးကျသောအကိုင်းအခက်များကို အရက်ပြန်ဆွတ်ထားသော ဝါဂွမ်းဖြင့် ပွတ်တိုက်ခြင်း၊ ရေပြင်းပြင်းဖြင့် ထိုးပေးခြင်း၊ ပိုးကျသောအပင်အစိတ်အပိုင်းများကို ဖယ်ရှားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

- ပိုးစေးနှဲ၏ သဘာဝရန်သူများဖြစ်သော လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုးများကို ကွင်းထဲတွင် ထိန်းသိမ်းပေးပါ။

- ပုရွက်ဆိတ်များမှ ပိုးစေးနှဲကို သယ်ဆောင်ခြင်းမှ ကာကွယ်ရန် ပုရွက်ဆိတ်များ ရွေ့လျားခြင်းကို ကာကွယ်ပါ။ ပုရွက်ဆိတ်အုံများကို ဖျက်ဆီးပါ။

- လယ်ယာသုံးကိရိယာများကို  အခြားသီးနှံခင်းများတွင် အသုံးမပြုခင် သေချာစွာသန့်ရှင်းပါ။ 

- ပုရွက်ဆိတ်နှင့် ပိုးစေနှဲသားလောင်းကောင်လေးများ ရွေ့လျားမှုကို ကာကွယ်ရန် ပင်စည်၊ အကိုင်းအခက်များပေါ်တွင် စေးကပ်စေသောပစ္စည်းများ၊ alkathene sheet များထားခြင်း၊ ကလိုပိုင်ရီဖော့စ် 20 EC ကို ဖျန်းပေးခြင်း ပြုလုပ်ပါ။

- သဘာဝပိုးသတ်ဆေးအနေဖြင့် တမာပိုးသတ်ဆေးကို အသုံးပြုနိုင်ပါတယ်။

- ဆိုးရွားစွာ ကျရောက်ပါက အဆီဖိတ်၊ ဒိုင်မီသိုအိတ်၊ ကလိုပိုင်ရီဖော့စ်၊ ပရိုပီနိုဖော့စ် ၊ အင်မီဒါကလိုပရစ် စသော အဆိပ်ပစ္စည်းများပါဝင်တဲ့ ပိုးသတ်ဆေးကို ဆေးထုပ်တွင်ပါသောအညွှန်းအတိုင်း တစ်လှည့်စီသုံးပေးပါ။

Reference

https://en.m.wikipedia.org/wiki/Paracoccus_marginatus

https://www.ir4project.org/fc/acetamiprid-papaya-2020/

https://icar.org.in/files/Papaya%20MealybugNCIPM.pdf

https://www.cabi.org/wp-content/uploads/papaya-mealybug-technical-brief-2-1.pdf


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်