စိုက်ခင်းထဲက ယင်ဖြူတွေကို ဘယ်လိုကာကွယ်နိုင်မလဲ

15/06/2020 11:30 AM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အားလုံးသိကြတဲ့အတိုင်းပဲ ယင်ဖြူတွေက ကျွန်မတို့ရဲ့ တန်ဖိုးရှိလှတဲ့အပင်တွေအတွက် အဆိုးဆုံးသော ရန်သူတွေပဲဖြစ်ပါတယ်။ ယင်ဖြူတွေဟာဆိုရင် အပင်တွေကို တိုက်ရိုက်အကျိုးသက်ရောက်မှု များများစားစားမရှိပေမယ့် သူကတစ်ဆင့် ဗိုင်းရပ်စ်တွေကို အပင်တွေဆီ သယ်ဆောင်နိုင်တာကြောင့် သူတို့ကျရောက်ပြီဆိုရင် ဗိုင်းရပ်စ်ရောဂါတွေ ဆိုးဆိုးရွားရွား ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိုက်ခင်းထဲ ယင်ဖြူကျရောက်ပြီဆိုရင် အမြန်ဆုံး နှိမ်နင်းထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မဖြစ်ခင် ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ထားဖို့ လိုအပ်ပါသေးတယ်။

ယင်ဖြူဆိုတာဘာလဲ။

    အားလုံးလည်း မြင်ဖူးကြမှာပါ။ ယင်ဖြူတွေက အရမ်းကို သေးငယ်ပြီးတော့ အဖြူရောင် အဆင်းရှိကြပါတယ်။ သူတို့က အပင်တော်တော်များများမှာ ကျရောက်နိုင်ပြီး ပင်ရည်တွေကို စုပ်ယူစားသောက်ကြတဲ့ စုပ်စားပိုးတွေပဲ ဖြစ်ကြပါတယ်။ သူတို့က အပူပိုင်းဒေသတွေနဲ့ ပူနွေးတဲ့ ရာသီဥတုတွေမှာ အများဆုံးကျရောက်ကြပါတယ်။ အထူးသဖြင့် ခရမ်းချဉ်၊ ခရမ်းသီး၊ ငရုတ်ကောင်း၊ ရုံးပတီ၊ ကန်စွန်းဥ နဲ့ ဂေါ်ဖီမျိုးနွယ်ဝင်အပင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဥတွေကို အရွက်ရဲ့အောက်မျက်နှာပြင်မှာ ဥကြပါတယ်။ သူတို့ရဲ့ ဘဝသံသရာဟာ အရမ်းကိုမြန်ဆန်ပြီး အချိန်ခဏလေးအတွင်းမှာကို အကောင်တွေ ဆပွား များသွားတတ်ပါတယ်။ ဒါကြောင့် သေချာထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။

ယင်ဖြူတွေကျမကျ ဘယ်လိုသိနိုင်မလဲ။

    ယင်ဖြူတွေက ပင်ရည်တွေကိုစုပ်ပြီး “honeydew” လို့ခေါ်တဲ့ စေးကပ်တဲ့ အချိုရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ အဲ့အရည်တွေကြောင့် ဗိုင်းရပ်စ်ရောဂါတွေအပြင် မှိုရောဂါတွေကိုပါ ဖြစ်စေပြန်ပါတယ်။ တကယ်လို့သာ အရွက်တွေပေါ်မှာ အဲ့လိုစေးကပ်တဲ့အရည်တွေကို တွေ့ခဲ့မယ်ဆိုရင်တော့ မိမိအပင်မှာ ယင်ဖြူတွေ ရက်ကြာကြာကျနေပြီးပြီဆိုတာကို သိနိုင်ပါတယ်။ ဒါ့အပြင် အချိုဓာတ်ပါတဲ့ စေးကပ်တဲ့အရည်တွေက ပုရွက်ဆိတ်တွေကို လာအောင် ဆွဲဆောင်နိုင်တဲ့အတွက် အပင်တွေနားမှာ ပုရွက်ဆိတ်တွေကိုတွေ့ခဲ့ရင် ယင်ဖြူကျနိုင်ကြောင်း သတိထားနိုင်ပါတယ်။ 

ယင်ဖြူကျရင် ဘယ်လိုလက္ခဏာတွေ ပေါ်တတ်လဲ။

    • အပင်တွေက အလျင်အမြန်ပဲ အားနည်းလာမယ်။ 

    • အပင်အစာချက်တဲ့ ဖြစ်စဉ်တွေကို သွားထိခိုက်တဲ့အတွက် အပင်တွေက ညှိုးကျလာမယ်။

    • အရောင်တွေ ဖျော့လာပြီး၊ အဝါရောင်ပြောင်းလာမယ်။

    • ကြီးထွားမှုတွေ ရပ်တန့်နှောင့်နှေးလာမယ်။ 

    • အဆိုးဆုံး အခြေအနေမှာတော့ သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ဒီလက္ခဏာတွေက အပင်ကိုစုပ်စားခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာတွေသာဖြစ်ပြီး ဗိုင်းရပ်စ်တွေ မှိုတွေသာ တွဲကျမယ်ဆိုရင်တော့ အခုထက်ပိုဆိုးတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ယင်ဖြူတွေကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုနှိမ်နင်းမလဲ။

    ယင်ဖြူတွေကို ကာကွယ်နှိမ်နင်းဖို့ဆိုရင် မိမိကိုယ်တိုင်ကလည်း စိုက်ခင်းကို အမြဲပုံမှန် စစ်ဆေးပေးနေဖို့ လိုအပ်ပါတယ်။ မနက်နဲ့ ညနေပိုင်းအချိန်တွေမှာ ကိုယ့်စိုက်ခင်းကို လှည့်လည် ကြည့်ရှုပေးနေရမယ်။ အထူးသဖြင့် အရွက်ရဲ့အောက်မျက်နှာပြင်မှာ ဥတွေရှိမရှိ အကောင်တွေရှိမရှိ စစ်ဆေးကြည့်ရပါမယ်။ တွေ့ခဲ့ရင်တော့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

    ၁) ပထမဦးဆုံး နည်းလမ်းကတော့ ရေပိုက်နဲ့ထိုးဖျန်းပေးခြင်းပါ။ ဒီနည်းလမ်းက အရိုးရှင်းဆုံးဖြစ်ပြီး ယင်ဖြူတွေကို ကြောက်လန့် ထွက်ပြေးသွားစေနိုင်ပါတယ်။ 

    ၂) ပြီးတော့ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာရည်နဲ့ အရွက်တွေကို ဖျန်းပေးရပါမယ်။ အဓိက ဖျန်းပေးရမှာကတော့ အရွက်ရဲ့အောက်မျက်နှာပြင်ကိုပဲ ဖြစ်ပါတယ်။ အခုလိုဖျန်းပေးခြင်းက အရွက်ကို အလွှာတစ်ခုအနေနဲ့ ဖုံးထားပေးတဲ့အတွက် ယင်ဖြူနှိမ်နင်းရာမှာ အရမ်းကို ထိရောက်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ၂ ကြိမ်ကနေ ၃ ကြိမ် ဖျန်းပေးနိုင်ပါတယ်။ (ပြုလုပ်နည်း-ပုံမှန် အသုံးပြုနေကျ ပန်းကန်ဆေးဆပ်ပြာဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဟင်းသီးဟင်းရွက်ဆီ တစ်ခွက်နှင့် ရောနှော၍ ပုလင်းထဲထည့်ပြီး လှုပ်ပေးပါ။ ၎င်းအရော တစ်ဇွန်းနှင့် တစ်ဝက်ကို ရေတစ်ဖန်ခွက်နှင့်ရောနှောပြီး သေချာစွာလှုပ်ပေးပါ၊ ဆီနဲ့ရေက မရောသွားတတ်သည့်အတွက် ဖျန်းမည်ဆိုပါက သေချာစွာလှုပ်ပေးရန် လိုအပ်ပါတယ်။) ၎င်းကို မနက်အစောပိုင်းနှင့် ညနေပိုင်းကဲ့သို့သော အေးမြတဲ့ အချိန်မျိုးတွင်သာ ဖျန်းပေးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အပူများသည့်အချိန်တွင်ဖျန်းခြင်းသည် မိမိတို့၏ အပင်များကို ဆိုးရွားသောဓာတ်ပြုခြင်း ဖြစ်စေသောကြောင့် ဖြစ်ပါသည်။ အကယ်၍ ဆေးဖျန်းပြီး မိုးရွာခဲ့ပါက ပြန်၍ ဖျန်းပေးသင့်ပါတယ်။

    ၃) သဘာဝတမာပိုးသတ်ဆေးကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ တမာဆီ ၁ အောင်စကို ရေ ၁ ဂါလံနှင့်ရောနှော၍  အရွက်ကိုဖျန်းပေးပါ။ အထူးသဖြင့် အရွက်၏အောက်မျက်နှာပြင်ကို ဖျန်းပေးပါ။ ဒါမှ ကပ်နေတဲ့ ဥတွေ၊ သားလောင်းတွေ၊ ဖလံတွေကို သေစေမှာ ဖြစ်ပါတယ်။

    ၄) နောက်ဆုံးအဆင့်အနေနဲ့ ယင်ဖြူအရေအတွက် အရမ်းများပြားလာတယ်ဆိုရင်တော့ အဆိပ်အတောက်အနည်းဆုံးသော သက်တမ်းတိုသည့် အော်ဂဲနစ် ပိုးသတ်ဆေးများကို သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် အပင်အစိတ်အပိုင်းများမှ ထုတ်လုပ်ထားတဲ့ Botanical insecticides (ဥပမာ ဂန္တမာပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး) များကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ ၎င်းပိုးသတ်ဆေးများဟာ အခြားဓာတုပိုးသတ်ဆေးများထက် အန္တရာယ်ဖြစ်မှု နည်းသည့်အတွက် ယင်ဖြူအဆိုးဆုံးကျသည့်အချိန်တွင် အသုံးပြုပေးနိုင်ပါသည်။

ယင်ဖြူမကျခင် ကာကွယ်နည်းများ

    • ကွင်းအတွင်းမှာရှိတဲ့ အကျိုးပြုပိုးတွေကို ထိန်းထားပေးပါ။

ဥပမာ လိပ်ခုံးကျိုင်းတွေ၊ ပိုးတောင်မာတွေ၊ ပင့်ကူတွေ၊ ဇာတောင်ပိုးတွေ၊ ပုစဉ်းကြီးတွေ ဖြစ်ပါတယ်။ 

(တောင်သူတော်တော်များများက တစ်ခုခုဖြစ်တာနဲ့ ဓာတုဆေးဖျန်းဖို့ကိုသာ သတိရကြပါတယ်။ တကယ်တော့ အဲ့ဒီဆေးတွေက ဖျက်ပိုးထက် အကျိုးပြုပိုးတွေကိုသာ ပိုသေစေနိုင်တဲ့အတွက် တတ်နိုင်သလောက် လျှော့သုံးသင့်ပါတယ်။ တစ်ခါတစ်လေ ကွင်းထဲမှာ ဖျက်ပိုးတွေ အစုလိုက်အပြုံလိုက် ကျရောက်တယ်ဆိုတာဟာ ဆေးတွေ အလွန်အကျွံသုံးခြင်းကြောင့် အကျိုးပြုပိုးနဲ့ ဖျက်ပိုးအချိုး မမျှတတော့တာပဲ ဖြစ်ပါတယ်။)

    • စိုက်ဘောင်မှာ အရောင်ပြန်နိုင်တဲ့ဖုံးအုပ်စတွေ (Aluminium Reflective Mulch) အုပ်ပြီး စိုက်ပေးပါ။

အထူးသဖြင့် ခရမ်းချဉ်ပင်နဲ့ ငရုတ်ပင်တွေမှာ သုံးလာကြပါတယ်။ အဲ့ဒီအစတွေ သုံးတာက ယင်ဖြူတွေကို သူတို့ရဲ့ အစာ လက်ခံပင်ရှာတဲ့အချိန်မှာ အခက်အခဲ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ပုံမှန်အသုံးပြုနေကျ အစအမဲတွေအစား ရောင်ပြန်အစတွေကို ပြောင်းသုံးပေးဖို့ အကြံပြုချင်ပါတယ်။

    • အင်းဆက်ထောင်တဲ့ အဝါရောင်ကဒ်တွေ အသုံးပြုပေးပါ။

    သူ့ကိုလည်း ခရမ်းချဉ်ပင်တွေ ငရုတ်ပင်တွေ ကန်စွန်းဥပင်တွေနဲ့ ဂေါ်ဖီပင်တွေမှာ အသုံးများလာကြပါပြီ။ အကုန်အကျမများတဲ့ ဒီကဒ်တွေကို တောင်သူတွေအနေနဲ့ အလွယ်တကူ ပြုလုပ်နိုင်နေပါပြီ။ ယနေ့ခေတ် အလှအပမှာ အသုံးများလာကြတဲ့ Vaseline gel တွေကို အဝါရောင်ကဒ်တွေ ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်နေပါပြီ။ Vaseline gel နဲ့ ပန်းကန်ဆေးဆပ်ပြာဆီတို့ကို တစ်ဝက်စီရောနှောပြီး အဝါရောင်ကဒ်ထူစပေါ်မှာ နှံ့အောင် သုတ်လိမ်းပေးပါ။ သူတို့ဟာ ကော်တွေလို အလွယ်တကူမခြောက်သွေ့နိုင်တဲ့အပြင် ယင်ဖြူတွေနဲ့ အခြားဖျက်ပိုး အသေးလေးတွေကိုဖမ်းရန် လုံလောက်သည့် စေးကပ်မှုရှိတဲ့အတွက် ထောင်ချောက်ကဒ်ပြုလုပ်ဖို့ အဆင်ပြေပါတယ်။

(အင်းဆက်ထောင်ဖို့ အဝါရောင်ကို အသုံးပြုရတဲ့ အကြောင်းကတော့ အဝါရောင်ဟာဆိုရင် အင်းဆက်တွေကို ဆွဲဆောင်နိုင်တဲ့အပြင် အင်းဆက်တွေက အဲ့အရောင်ရှိတဲ့ အရာတွေကို သူတို့ရဲ့အစာအဖြစ် မှတ်ယူတဲ့အတွက် အဝါရောင်ရှိရာဆီ အလွယ်တကူ လာရောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်)

အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကတော့ ဦးကြီးတို့အနေနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေဖြစ်တာမလို့ လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေရှင့်။ ဓာတုဆေးဝါးတွေကို မသုံးထားတဲ့အတွက်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတော့ပါဘူး။ ဒါ့အပြင် စားသုံးသူတွေအတွက်လည်း ဓာတ်ကြွင်းအာနိသင်ကို မခံစားရအောင် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ပေးပါတယ်။ ဦးကြီးတို့အနေနဲ့လည်း ဓာတုဆေး မသုံးတာတောင်မှ အထွက်နှုန်းကို မလျော့ကျစေတဲ့အတွက် စီးပွားရေးအရ တွက်ချေကိုက်ပါတယ်။ ဒါ့ကြောင့် ဓာတုဆေးဝါးတွေ အသုံးမပြုဘဲ စိုက်ခင်းထဲမှာ ဒုက္ခပေးနေတဲ့ ယင်ဖြူတွေကို အထက်ဖော်ပြပါနည်းလမ်းတွေအတိုင်း အသုံးပြုပြီး ကာကွယ်နှိမ်နင်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။

 

Refrence; https://www.almanac.com

https://homeguides.sfgate.com

https://www.planetnatural.com

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်