မြေဆွေးဘယ်လိုလုပ်ကြမလဲ..

20/08/2019 19:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   တကယ်တမ်း အကျိုးရှိတယ် ရလာဒ်ကောင်းတယ်ဆိုတာမျိုးလိုချင်ရင်တော့ ဒုက္ခနည်းနည်းတော့ ခံရတာပေါ့လေ။ ခုပြောမှာက မြေဆွေးပုံတဲ့ အကြောင်းလေးကိုပြောပြမှာ။ အဲ့လိုပြောပြလိုက်ရင်တော့ ကိုယ့်မြေဆွေးပုံ အနေအထား ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို ထိုက်သင့်သလောက် နားလည်မယ်လို့ ရည်ရွယ်ပြီးတော့ တင်ပြထားပါတယ်နော်။ ဖတ်ကြည့်ကြပါဦး။

မြေဆွေးဆိုတာဘာလဲ၊ ဘယ်လိုသုံးရတာလဲ???

   ဆိုတော့ကာ မြေဆွေးဆိုမှတော့ ဆွေးနေတဲ့မြေပေါ့။ ဟုတ်ပါတယ်။ အပင်ထွက် တိရိစ္ဆာန်ထွက် အကြွင်းအကျန်တွေကို ဘက်တီးရီးယားနဲ့ တစ်ခြားသောသက်ရှိတွေနဲ့ ပုပ်သိုးနေအောင်လုပ်ထားတဲ့  အော်ဂဲနစ်ပစ္စည်းတွေကို မြေဆွေးလို့ခေါ်ပါတယ်။ ပုပ်တယ်ဆိုတိုင်း အနံ့ထွက်နေတာကို မဆိုလိုပါဘူးနော်။ အနံ့တော့ နည်းနည်းရှိတာပေါ့။ ကွာတာပဲရှိတာပါ။ အဲ့လို ပုပ်ဖို့ဆိုတာလည်း အချိန်တစ်ခုတော့ လိုအပ်တာပေါ့။  အပင်ကနေဆို အရွက်တွေ၊ ကောက်ရိုးတွေ၊ အသီးတွေ၊ အရွက်တွေ၊ အခွံတွေ စတာတွေအကုန်လုံးနဲ့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက်ကုန်ကတော့ ကိုယ်လုပ်တဲ့ ပစ္စည်းတွေပေါ်မှာမူတည်ပြီး ကွာခြားသွားပါတယ်။ မြေဆွေးလုပ်တာက ဈေးပေါတယ်၊ လုပ်ရတာလွယ်တယ်၊ ပြီးတော့ မြေကြီးကို ဘေးမဖြစ်စေပဲနဲ့ ကောင်းကျိုးများစေတာကြောင့် သုံးသင့်တဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ 

   မြေဆွေးကိုလုပ်ပြီးသုံးရင် မြေကြီးထဲမှာ လေဝင်လေထွက်ကောင်းစေတယ်။ မြေသားတိုက်စားခံရမှုကိုကာကွယ်ပေးတယ်။ ပြီးတော့ ရေကို ထိန်းထားပေးတယ်။ မြေသားတည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေပြီးတော့ အပင်တွေကို အာဟာရဓာတ် စုပ်ယူနိုင်အားကို ကောင်းစေတယ်။ အဲ့တော့ အထွက်ကိုလည်း ကောင်းစေတာပေါ့။ ပြီးတော့ မြေကြီးထဲက မြေဆောင်ရောဂါတွေလိုမျိုး ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့်မို့ အပင်တွေက အာဟာရဓာတ်ကောင်းကောင်းရပြီး ကောင်းကောင်းသန်မာလို့ … ဒေါင်ဒေါင်ဒင်ဒင်တွေဖြစ်စေတယ်။ 

   အဲ့တော့ ဓာတုမြေသြဇာတွေကို သုံးမဲ့အစား စရိတ်စကလည်းသက်သာပြီးတော့ ကောင်းကျိုးလည်းများစေမဲ့ မြေဆွေးတွေကိုလုပ်ပြီး သုံးပေးတာက ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ကိုသွားနေတာပါပဲ။ ဓာတုမြေသြဇာတွေလို အငွေ့လွယ်လွယ်မပျံဘူး၊ ရေနဲ့ မျောမပါသွားဘူး၊ မြေကြီး အောက်ထဲကို စိမ့်မဝင်သွားဘူး၊ အပင်တွေသန်တာကသန်တာပဲ ဒါပေမဲ့ ဓာတုတွေ သုံးထားသလိုမျိုး ရောဂါတော့ဝင်မလွယ်ဘူး။ ကြီးတာက ပုံမှန်ကြီးတယ်။ ဓာတုတွေလို ကျွေးတုန်းခဏ ထိုးတက်လာပြီး ပြန်ကျသွားတာမျိုးမဟုတ်ဘူး။ ဆိုတော့ကာ….

မြေသြဇာ လုပ်တော့မယ်ဆိုရင်

တစ်နိုင်တစ်ပိုင်လုပ်မယ်ဆိုရင် အိမ်ကထွက်တဲ့ ပစ္စည်းတွေကိုသုံးပေ့ါ။ မြန်မာစကားရှိတယ်လေ အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတာ။ ပြီးတော့ ငွေယို..စားဖိုက ဆိုတာလည်းရှိတော့ မီးဖိုချောင်ထွက်ပစ္စည်းတွေကို အကျိုးရှိရှိ အိမ်နောက်ဖေးမှာပဲ ပြန်ပြီးတော့ သုံးနိုင်တယ်ဆိုရင် ယိုသမျှ အဲ့လေ ကုန်သမျှက တစ်ခြားအဖတ်တင်တာပေါ့။ မီးဖိုချောင်ကထွက်တဲ့ ပစ္စည်းတွေကလည်း မြေဆွေးလုပ်လို့ရတယ်။ ပြီးတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်နေတယ်ဆိုလည်း အဲ့ကနေ ကိုယ်မသုံးတဲ့ ပစ္စည်းတွေထွက်လာတယ်။ ကန်သင်းကိုရှင်းလိုက်လို့ ထွက်လာတဲ့မြက်တွေ၊ မြွှေတွေ့လို့ ရိုက်လိုက်တာတွေတောင်ပါသေး… ကောက်ရိုးတွေ၊ အကုန်ပေါ့။ 

မြက်တွေ ဒီတိုင်းပစ်ထားလိုက်တာကလည်း မြေဆွေးလုပ်နေတာပါပဲ။ မြက်တွေကို တစ်နေရာမှာ ပုံလိုက်တာကလည်း မြေဆွေးလုပ်တာပါပဲ။ ဘာကွာလဲဆိုတော့ ဒီတိုင်းပစ်ထားလိုက်တဲ့ ဟာက မြေဆွေးဖြစ်ဖို့ ကြာပြီးတော့ ပေးစွမ်းနိုင်တဲ့အာဟာရက နည်းနည်းပျောက်ဆုံးသွားပါတယ်။ သေချာလေးပုံထားတဲ့ မြေဆွေးပုံဆိုရင်တော့ မြန်လည်းမြန်သွားမယ်။ ပြီးတော့ အာဟာရလည်း ပိုပြီးတော့ များပါတယ်။ ရောဂါတွေလည်း ပါဝင်ဖို့ နည်းကိုနည်းပါတယ်။

မြေဆွေးဖြစ်လာပုံ အဆင့်ဆင့်

   မြေဆွေးပုံ ပုံလိုက်တယ်။ အဲ့လိုဆိုရင် (၂)မျိုးရှိပါတယ်။ တစ်ခုကတော့ Aerobic decomposition ဖြစ်ပါတယ်။ လေရှိဆွေးမြေ့ခြင်း ဖြစ်ပါတယ်။ အောက်စီဂျင်ကိုသုံးတဲ့ အဏုဇီဝသက်ရှိလေးတွေကနေ ကူညီပြီးတော့ ဆွေးမြေ့ပေးတာဖြစ်ပါတယ်။ အဲ့တော့ အပူချိန်တက်တာလေးတွေတော့ နည်းနည်းရှိတယ်။ ၅၀ ကနေ ၆၀ ဒီဂရီ ဆဲလ်စီးယပ် က ပုံမှန်ရှိတယ်။ အများဆုံးကတော့ ၇၀ ဒီဂရီ ဆဲလ်စီးယပ်လောက်ထိ ဖြစ်နိုင်ပါတယ်။ အဲ့လို လေရှိ ဆွေးမြေ့ခြင်းက အရည်အသွေးကောင်းတဲ့ မြေဆွေးကိုရစေပါတယ်။ 

   နောက်တစ်မျိုးကတော့ လေမဲ့ဆွေးမြေ့ခြင်းပါပဲ။ Anaerobic Decomposition ပေါ့။ အဲ့လို လေမဲ့ မြေဆွေးခြင်းဖြစ်စဉ်မှာတော့ အပူချိန်ဟာ ပုံမှန်အတိုင်းပဲ သွားပါတယ်။ ၄၅ ဒီဂရီဆဲလ်စီးယပ် ထက်မကျော်တဲ့ အပူချိန်အတိုင်းပဲ သွားပြီးတော့ လေရှိဆွေးမြေ့ခြင်းနဲ့ ဘာကွာသွားလဲဆိုတော့ သူက နိုက်ထရိုဂျင်ကို ရှူပြီးတော့ အလုပ်လုပ်တာကြောင့်မို့လို့ အော်ဂဲနစ်နိုက်ထရိုဂျင်တော့ နည်းသွားပါလိမ့်မယ်။ ကာဗွန်လည်း မီသိန်းဓာတ်ငွေ့အနေနဲ့ ထွက်သွားတော့ ကာဗွန်လေးလည်း နည်းနည်းတော့ နည်းသွားတာပေ့ါ။ မြေဆွေးဆို ဆွေးမှထည့်ပါဆိုပြီးပြောလို့ သတိထားရမှာမျိုးက ဒီလို လေမဲ့ဆွေးမြေ့ခြင်းကနေ ဖြစ်တတ်တာပါ။ ကောင်းကောင်းမဆွေးသေးရင် သူကနေပြီးတော့ ဓာတ်ငွေ့နဲ့ လက်တစ်အက်ဆစ်နဲ့ ဗြူတရစ်အက်ဆစ်တို့က ထွက်နေတုန်းဆိုတော့ အပင်တွေကို အားနည်းစေပြီး အမြစ်ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။ အပူချိန်ကလည်း နည်းတာကြောင့် ရောဂါဖြစ်ပွားစေတဲ့ သက်ရှိတွေလည်း ပါဝင်နေနိုင်ပါတယ်။ မြေဆွေးတိုင်း ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမဆွေးသေးရင်တော့ ပြဿနာပါပဲ။ 

   နောက်ဆုံးထွက်တဲ့ပစ္စည်းကတော့ Humus (မြေဆွေး) ပါပဲနော်။ အရောင်က အညိုကနေ အနက်ရောင်ဖြစ်ပြီးတော့ ကာဗွန်တွေ အများကြီးပါဝင်ပါတယ်။ နောက် နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ် နဲ့ ဆာလဖာကတော့ နည်းနည်းပါပါတယ်။ အဲ့လို မြေဆွေးကြောင့် မြေသားကိုကောင်းစေတဲ့ မြေဆွေးကို ရရှိမှာဖြစ်ပါတယ်။ ထွက်လာတဲ့ မြေဆွေးမှာလည်း (၂)ခုရှိပါတယ်။ မချဉ်မငန် ပုံမှန် (Neutral) လေးနဲ့ နည်းနည်းချဉ်တဲ့ အက်ဆစ်တစ် (acidic) ဆိုပြီးတော့ဖြစ်ပါတယ်။ Neutral ကတော့ လေရှိဆွေးမြေတဲ့ဖြစ်စဉ်ကနေ ဖြစ်လာတာဖြစ်ပြီးတော့ Acidic ကတော့ လေမဲ့ဆွေးမြေ့ခြင်းဖြစ်စဉ်ကနေ ဖြစ်လာတာဖြစ်ပါတယ်။ Neutral ကတော့ ဘာမှ ပြောစရာမလိုအောင် ကောင်းပြီးတော့ acidic ကတော့ မြေကိုနည်းနည်းချဉ်စေပါတယ်။ 

ကဲ နောက်တစ်ပတ်မှာ မြေဆွေးထဲမှာ ပါဝင်ကူညီတဲ့ အကောင်တွေအကြောင်းကို ပြောကြစို့ရဲ့....

ထွန်းဝင်းကျော်

References: “Compost Making Made Easy”  by ADDA – VNFU Organic Project.

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်