ငှက်ပျောရိတ်သိမ်းပြီးနောက်ပိုင်း တာရှည်ခံအောင်ထားနည်း

26/08/2021 12:30 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

ကြိုတင်အအေးခံခြင်း 

    သီးနှံရိတ်သိမ်းချိန် ကွင်းအတွင်းအပူချိန်များခြင်းကြောင့် သီးနှံတွင် အပူလွန်ကဲခြင်း ဖြစ်စေနိုင်သည်။ ဤသို့ဖြစ်လျှင် သီးနှံမှ တစ်သျှူးထိခိုက်ခြင်းနှင့် ဇီဝဓာတုပြောင်းလဲခြင်း လုပ်ဆောင်ချက်များ ထိခိုက်ခြင်းများဖြစ်ပြီး ပုပ်သိုးလွယ်စေနိုင်သည်။ ရေဖြင့်အအေးခံခြင်း၊ လေဖြင့်မှုတ်၍အအေးခံခြင်း၊ လေဟာနယ်ဖြင့် အအေးခံခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂတ်စ် အရည်ဖြင့် အအေးခံခြင်းကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ တစ်နည်းတည်း သော်လည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း၊ ဥယျာဉ်ခြံသီးနှံများအတွက် အပူချိန်ထိန်းညှိပေးရန် အသုံးပြုကြသည်။ ရေဖြင့်အအေးခံခြင်းကို ငှက်ပျောခိုင်ကို ရေအေးဖြင့်စိမ်ခြင်း၊ နှစ်ခြင်းဖျန်းခြင်းများပြုလုပ်၍ ကွင်းတွင်အပူကို ဖယ်ရှားရာတွင် အသုံးပြုသည်။ လေဖြင့်မှုတ်၍ အအေးခံရာတွင် ငှက်ပျောခိုင်ကို လေဖြင့် အပေါက်ကျဉ်းမှထည့်စေ၍ မှုတ်ပေးပြီး အအေးခံကြသည်။ လေဟာနယ်ဖြင့် အအေးခံရာတွင် ငှက်ပျောခိုင်များကို လေဟာနယ်ထဲတွင် မိနစ် အနည်းငယ်ထားပေးခြင်းဖြင့် အအေးခံကြသည်။ ဖြန့်ဖြူးတင်ပို့ရာတွင် အရည်အသွေးကောင်း မွန်စေရန် သန့်ရှင်းပေးခြင်းနှင့် ပိုးမွှားရောဂါ ကင်းစင်စေခြင်းတို့ကို လုပ်ဆောင်ကြသည်။

ရင့်မှည့်ခြင်းနှင့် သိုလှောင်ခြင်း

    ငှက်ပျောသီးများသည် မိခင်အပင်တွင် ရှိနေစဉ်တွင် ကစီဓာတ်များကို အသီးစ,ဖြစ်စတွင် စုဆောင်းပြီး ကြီးထွားလာပါသည်။ ပန်းပွင့်ပြီး ရက်ပေါင်း ၈၀-၉၀ အကြာတွင် အသီးသည် ရှည်လျားမှုရပ်တန့်ကာ လုံးဝကျယ်ပြန့်လာပါသည်။ အသီးတောင့်များ ၄ ပုံ ၃ ပုံ လုံးဝန်းလာချိန်တွင် အစိမ်းအတိုင်း ရိတ်သိမ်းရပါသည်။ ရိတ်သိမ်းပြီးသော ငှက်ပျောသီးများသည် ဇီဝကမ္မအဆင့် (၃) ဆင့်ကို ဖြတ်သန်းရပါသည်။ ၎င်းတို့မှာ အစိမ်းရောင်အဆင့်၊ ရင့်လာသော အဆင့်နှင့် ကောင်းမွန်စွာရင့်မှည့်လာသောအဆင့်တို့ဖြစ်ပါသည်။ ငှက်ပျောသီးခိုင်များမှဖြတ်၍ ရရှိလာသော ငှက်ပျောဖီးများကို သန့်ရှင်းသောရေဖြင့် ဖုန်များ အညစ်အကြေးများနှင့် ဖြတ်ထားသော နေရာမှထွက်သော အစေးများကို သန့်စင်ပေးရမည်။ ၎င်းလုပ်ငန်းစဉ်ကို ရေနွေးဖြင့် လုပ်ဆောင်ပေးခြင်းဖြင့်လည်း အစေးဖယ်ခြင်းအပြင် အညှာပုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ရေနွေးဖြင့်သန့်စင်ရာတွင် အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်ထက်ပိုလျှင် ဆိုးရွားသော အပူလောင်ခြင်းကို ဖြစ်စေနိုင်ပြီး ငှက်ပျောသီးတွင် ၅၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၀ ဒီဂရီစင်တီဂရိတ်ကြားတွင် သန့်စင်ပေးခြင်းဖြင့် အညှာပုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ ရေနွေးဖြင့်သန့်စင်ပေးခြင်းသည် သန့်စင်ခြင်းနှင့် ရောဂါကင်းစေရုံသာမက အအေးခန်းထဲထိန်းသိမ်းရာတွင် ငှက်ပျောခွံမဲခြင်းကိုလည်း ကာကွယ်ပြီး ဖြစ်စေပါသည်။ 

    မမှည့်သေးသော ငှက်ပျောသီးများသည် Ethylene level နှိမ့်ပြီး သာမန် အပင်ဟော်မုန်းများ အဖြစ်ရှိ၍  အသီးကြီးထွားမှုကို ဖြစ်စေပါသည်။ ရင့်မှည့်လာသော အဆင့်တွင် Ethylene ထုတ်လုပ်မှုမြင့်လာပြီး ကစီဓာတ်မှ သကြားဓာတ်သို့ ပြောင်းလဲသော ဓာတ်ပြုနှုန်း ကလိုရိုဖီးလ် ပျက်ပျယ်မှုနှင့် Carotenoids လျော့ကျမှုနှုန်းမြင့်မားပြီး အစိမ်းရောင်မှ အဝါရောင်နှင့် အနက်ရောင်သို့ ပြောင်းလဲလာပါသည်။ Polyphenol ပါဝင်မှု ကျဆင်းခြင်း၊ polyphenol oxidase လုပ်ဆောင်မှုတိုးတက်ခြင်း၊ အခွံအညိုရောင် ပြောင်းခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ ပျော့ပြောင်းခြင်းနှင့် အစိုဓာတ်ပါဝင်မှု မြင့်တက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ Ethylene အသုံးပြုခြင်းသည် polyphenol oxidase လုပ်ဆောင်မှုနှင့် အသက်ရှုနှုန်းကို မြင့်တင်နိုင်ပါသည်။ ဒေသတွင်းစားသုံးရန်အတွက် အသီးများကို ethylene (သို့) ethephon ပေးပါက မြန်မြန်မှည့်စေပြီး အရောင်ညီညာစေပါသည်။  သို့သော် ဝေးလံသောဒေသများသို့ သယ်ယူပို့ဆောင်ရာတွင် ကြာရှည်ခံသိုလှောင်မှု၊ ပတ်ဝန်းကျင် ထိန်းချုပ်မှုနှင့် အမျိုးမျိုးသော နည်းစနစ်များကို အသုံးပြု၍ ရင့်မှည့်မှုကို ကြန့်ကြာအောင် ပြုလုပ်နိုင်ပါသည်။ 

အပူချိန်နှင့် စိုထိုင်းဆ 

    အပူချိန်သည် အသက်ရှူခြင်းနှုန်းကို ထိန်းချုပ်နိုင်၍ အရေးကြီးသော parameter တစ်ခုဖြစ်ပါသည်။ အပူချိန် (၅-၁၀)°C တိုးတိုင်း အသက်ရှူနှုန်းသည် ၂ ဆ (သို့မဟုတ်) ၃ဆထိတိုးနိုင်ပြီး ကြာရှည်ခံမှုသက်တမ်းကို လျော့ကျနိုင်ပါသည်။ သင့်လျော်သောအပူချိန်ကို ထိန်းသိမ်းခြင်းသည် အစားအစာ၏သက်တမ်းကို ကြာရှည်ခံအောင်လုပ်နိုင်သော အဓိကအချက်ဖြစ်ပါသည်။ ရင့်မှည်ခြင်း၊ အသက်ရှုခြင်းနှင့် ပိုးမွှားကြီးထွားမှုကို ထိန်းသိမ်းရန် သင့်လျော်သောအပူချိန်ကို လိုအပ်ပါသည်။ အအေးခန်းထဲတွင်ထားခြင်းဖြင့် ငှက်ပျောသီး၏ရင့်မှည့်မှုကို ကြန့်ကြာအောင် ပြုလုပ်နိုင်ပါသည်။ သို့သော်ငှက်ပျောသီးသည် နိမ့်ကျသောအပူချိန်တွင် အလွန်ထိခိုက်လွယ်ပါသည်။ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင် ဆားငန်ရေ၊ အအေးခန်းတွင် သိုလှောင်ခြင်း (သို့မဟုတ်) ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုအသုံးပြု၍ သင့်လျော်သော အပူချိန်တွင်ထားရန် လိုအပ်ပါသည်။ အပူချိန် ၁၀°Cအောက်ရောက်လျှင် အေးခဲသောဒဏ်ကိုခံစားရပြီး အခွံတွင် အညိုရောင်အစက်များ ဖြစ်ပေါ်လာပါသည်။ ၎င်းသည် dopamine ဓာတ်တိုးခြင်းကို ဖြစ်ပေါ်စေပါသည်။ အပူချိန် ၁၃°C တွင်  ethylene မထွက်နိုင်သောကြောင့် ငှက်ပျောသီးများသည် အစိမ်းရောင်အတိုင်း ရှိနေပါသည်။ ထို့အပြင် chlorophyll လျော့ကျခြင်းလည်း ဖြစ်နိုင်ပါသည်။ အကောင်းဆုံးသိုလှောင်အပူချိန်မှာ (၁၃-၁၄)°C ဖြစ်ပါသည်။ Ethylene အသုံးပြုပြီး အပူချိန်၂၀ °C တွင်မှည့်သော ငှက်ပျောသီးသည် အရသာပို၍ကောင်းပါသည်။ ထို့ကြောင့် ငှက်ပျောသီးကို သယ်ယူပို့ဆောင်ရာတွင် အပူချိန် (၁၃-၁၄)°Cတွင် သိုလှောင်ခြင်းဖြင့် ရင့်မှည့်မှုကိုကြန့်ကြာစေပြီး ethylene အသုံးပြု၍ အရည်အသွေးပိုကောင်းသော ငှက်ပျောသီးများ ထုတ်လုပ်နိုင်ရန် အကြံ ပြုထားပါသည်။ ငှက်ပျောစိမ်းခိုင်များထားရာ အခန်းသည် ၅၆ ဒီဂရီဖာရင်ဟိုက် (၁၃.၃ ဒီဂရီ စင်တီဂရိတ်) တွင် ထားပြီး တင်ပို့ရောင်းချကြသည်။ ရောင်းချမည့်နိုင်ငံရောက်သောအခါ အပူပေး၍လည်းကောင်း အီသလင်းပေး၍လည်းကောင်း မှည့်အောင်ပြုလုပ်၍ ရောင်းချကြပါသည်။ Sydney Postharvest Laboratory Information Sheet အရ ငှက်ပျောသီးကို ၁၅-၂၁ ဒီဂရီ စင်တီဂရိတ်တွင် အီသလင်း ၁၀ ppm ထည့်၍ ၂၄ နာရီထားလျှင် လိုအပ်သည့် ရင့်မှည့်မှုကိုရရှိပြီး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါသည်။ 

    မြင့်မားသောစိုထိုင်းဆ (၉၅%)သည် အခွံပေါ်တွင် အညိုရောင်အစက်များကို ကာကွယ်ခြင်းဖြင့် ရင့်မှည့်မှုဖြစ်စဉ်ကို ပိုမိုထိရောက်စေပါသည်။ အသီးအခွံအက်ကွဲမှုဖြစ်စေပြီး အသီးအရေအသွေး လျော့ကျနိုင်ပါသည်။ စိုထိုင်းဆမြင့်သောအချိန်တွင် သကြားဓာတ်လျော့ကျခြင်းနှင့် အခွံကွဲခြင်းကို ဖြစ်ပေါ်စေပါသည်။ အစိမ်းရောင်အဆင့်တွင် ရေဖျန်းပေးခြင်း၊ အပူချိန်နိမ့်ခြင်းသည် ethylene ထုတ်မှုနှင့် အသက်ရှုခြင်းကို အကျိုးသက်ရောက်မှုရှိပါသည်။ သိုလှောင်အပူချိန် ၁၄°C တွင် သင့်လျော်သောစိုထိုင်းဆသည် ၈၀% ဖြစ်ပါသည်။

ယခုဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။