အပူချိန်က ရေခဲမှတ်အောက် - အနုတ် (၃) လောက်ထိ ရောက်တဲ့ ဒေသမှာ ခရမ်းချဉ်ကို အကြီးအကျယ်စိုက်ပြီးတော့ အောင်မြင်ဖြစ်ထွန်းတဲ့ စီးပွားရေးကို ဘယ်လိုလုပ်နေကြသလဲဆိုပြီး စဉ်းစားဖူးကြပါသလား။
ခရမ်းချဉ်စိုက်ကြမယ်ဆိုရင်ဖြင့် ခရမ်းချဉ်သီးဟာ လူမျိုး ဘာသာမရွေး စားသုံးမှုများတဲ့ အသီးပါ။ ဒါပေမဲ့ ခရမ်းချဉ်ပင် ဟာ နေရောင် တိုက်ရိုက်ကျချိန် အနည်းဆုံး (၆) နာရီလိုပါတယ်။ ဒါမှ အရွက်ကြီး၊ အပင်သန် ပြီး ထုတ်လုပ်မှု အားကောင်းမှာပါ။ (၈) နာရီကနေ (၁၀) နာရီအထက် ရတာက အကောင်းဆုံးဖြစ်ပါတယ်။
အပူချိန်ကရော ၁၅ ဒီဂရီ ဆဲလ်စီးယပ် (ညအပူချိန်အနိမ့်ဆုံး) ကနေ ၂၉ ဒီဂရီဆဲလ်စီးယပ် (နေ့အပူချိန် အမြင့်ဆုံး) လိုအပ်ပါတယ်။
တကယ်လို့များ အပူချိန်က ၁၃ ဒီဂရီ ဆဲလ်စီးယပ်အောက်ကိုကျသွားတယ်ဆိုရင် ခရမ်းချဉ်ပင်က ကြီးထွားမှု ရပ်သွားမယ်၊ ညဖက် အပူချိန်ထပ်ကျတယ်ဆိုရင် ဝတ်မှုန်တွေ ကန်းသွားမယ်၊ အသီးမတင်တော့ဘူး၊ မြူနှင်းလေးများပါ ကျလိုက်ရင်တော့ အပင်ပါသေနိုင်ပါတယ်။
အရမ်းပူရင်ရော
နေ့အပူချိန်က ၃၂ ဒီဂရီအထက်၊ ညဖက်လည်း ၂၄ ဒီဂရီဆဲလ်စီးယပ် လောက်အထိ ဆက်ပူနေမယ်ဆိုရင် ဝတ်မှုန်လေးတွေက မျိုးမအောင်တော့ဘူး စေးကပ်လာမယ်၊ အပင်တွေက အဲ့ကျတော့ ရှင်သန်ရေးကိုပဲ အဓိက ထားပြီးတော့ အသီးသီးဖို့ကို စွန့်လွှတ်လိုက်ကြပါပြီ။
ရေခဲပြင်ဒေသမှာ စိုက်ပျိုးမယ်ဆိုရင်ရော ဘယ်လိုရှိလဲ
Reykholt ဆိုတာ အနောက်ဖက်စွန်း ရေခဲပြင်ဒေသမှာရှိတဲ့ ရွာကြီးတစ်ရွာပါ။ အပူချိန် အမြင့်ဆုံးဖြစ်တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ တောင် အမြင့်ဆုံး နေ့အပူချိန်က ၁၆ ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ပါတယ်။ အအေးဆုံးလတွေမှာ ရေခဲမှတ်အောက်ဖြစ်တဲ့ -၃ ဒီဂရီဆဲလ်စီးယပ် ကိုရောက်ပါတယ်။ ဆိုတော့ တော်တော်လေးကို အေးတဲ့ ဒေသထဲမှာပါပါတယ်။ ဟင်းသီးဟင်းရွက် တွေစိုက်ဖို့ဆိုရင် အပူချိန်က ၁၈ ဒီဂရီဆဲလ်စီးယပ်ကနေ ၂၇ ဒီဂရီဆဲလ်စီးယပ်ကြား အပူချိန် ရဖို့ လိုပါတယ်။ ခရမ်းချဉ်ပင်ဆိုရင်တော့ ၁၅ နဲ့ ၂၉ ကြားကို မဖြစ်မနေ ရကိုရမှ စိုက်လို့ရမှာပါ၊ အလင်းကလည်း (၁၀) နာရီဝန်းကျင်လောက်ကို ရဖို့ လိုမှာပါ။

ဒါဆိုရင် သူတို့ ဘယ်လိုစိုက်နေကြလဲ
Friðheimar က မှန်နဲ့ဆောက်တဲ့ ဖန်လုံအိမ်ကြီး ဖန်တီးပြီးတော့ ခရမ်းချဉ်ပင်တွေစိုက်ပျိုးပြလိုက်ပါတယ်။
တစ်ရက် တစ်ရက်ကို ခရမ်းချဉ်သီး တစ်တန်ကျော်အထိ ထုတ်လုပ်နိုင်ပါတယ်။ စိုက်ထားတဲ့ အပင်တစ်ပင်ချင်းစီက (၉) လ အတွင်းမှာ (၂၅) ကီလို (၁၅ ပိဿာခွဲ) လောက် ရနေပါပြီ။
ဒါတောင် သူက Iceland မှာ ဒုတိယနေရာမှာပဲရှိတဲ့ ဖန်လုံအိမ်နဲ့ စိုက်ပျိုးထုတ်လုပ်သူပါ။
ရေခဲပြင်ဒေသဆိုတော့ ရေရှားမှာပေါ့ဆိုတော့ ရေရှားပါတယ်။ စိုက်ပျိုးရေးအတွက် သုံးဖို့ စိုက်ပျိုးရေဆိုရင်လည်း ပေ(၆၀၀) က ဝေးတဲ့ ရေပူစမ်းကို အားကိုးရပါတယ်။ ပေက (၆၀၀) လောက်ပဲဝေးတာဆိုတော့ သူတို့ ဆင်ထားတဲ့ ပိုက်တွေထဲ ရေပူလိုက်အတိုင်း သယ်လာပါတယ်။ ပြီးတော့ ရေပူပိုက်တွေကို ဖန်လုံအိမ်ထဲမှာပဲ ပတ်ပြီးတော့ ဆင်ထားလိုက်တယ်။ အပြင်လောကနဲ့လည်း ဖန် ကာထားတာမို့လို့ ဖန်လုံအိမ်ထဲကို ဝင်လိုက်ရင် ပြင်ပအပူချိန်နဲ့ မတူပဲနဲ့ ဖန်လုံအိမ်ထဲမှာ နွေးထွေးမှုကို ခံစားရမှာပါ။
ရေပူနဲ့နီးလို့သာ အပူပေးစက်တွေကို လျော့ချလို့ရနိုင်တဲ့ အားသာချက်ရှိတာပါ။ တကယ်လို့များ မနီးခဲ့ဘူးဆိုရင် ရေပိုက်ထဲမှာ ရေသွယ်တာက အစ ပြဿနာတွေ တက်လာနိုင်ပါတယ်။

ရေကိစ္စတော့ နီးလို့ အဆင်ပြေပါရဲ့
အလင်းရောင်ကရော
အပင်တွေမှာက အလင်းမှီစု အစာချက်လုပ်ခြင်းဆိုတာကို လုပ်နိုင်တဲ့ ကလိုရိုဖီလ်းတွေ ပါဝင်ပါတယ်။ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ နေရဲ့ အလင်းစွမ်းအင်နဲ့ အစာတွေချက်လုပ်တယ်။ အပူချိန်ကို သူစုပ်ယူတာ မဟုတ်ပါဘူး။ ပြီးတော့ အလင်းရောင်ဖြစ်တိုင်း မပြီးပါဘူး၊ ငယ်ငယ်က ဖန်တုံးနဲ့ နေအလင်းကို ဖြတ်လိုက်ရင် အရောင် (၇)ရောင်ထွက်လာတဲ့အထဲကမှ အပြာရောင်အလင်းတန်းနဲ့ အနီရောင်အလင်းတန်း၊ တစ်ခါတစ်လေမှာ အစိမ်းရောင်အလင်း တွေကို စုပ်ယူပြီးတော့မှ အစာချက်တာပါ။
ဒါကြောင့်မို့ အပင်တစ်ပင်ဖြစ်ထွန်းဖို့ နေ လိုအပ်သလားဆိုတော့ လိုပါတယ်။ မလိုဘူးကွာ ဆိုလည်း မလိုပါဘူး။ အလင်းရောင် လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အပင်တွေလိုချင်တဲ့ လှိုင်းအလျားအတိုင်း အလင်းရောင်ကို ပေးနိုင်ရင် အပင်တွေက ကောင်းကောင်း အစာချက်နိုင်ပါတယ်။
ခရမ်းချဉ်ပင်ဟာ နေရောင်ခြည် ဒါမှမဟုတ် အလင်းကို တစ်ရက်ကို အနည်းဆုံး (၁၀) နာရီ ရဖို့ လိုပါတယ်။
နေရဲ့ အလင်း ကို ရေခဲပြင်ဒေသဟာ ရနိုင်ပါ့မလား။ လတ္တီကျု့ အမြင့်ကြီးဖြစ်ပြီးတော့ အာတိတ်ဒေသမှာဆိုတော့။ စကြဝဠာထဲမှာ မြင်လိုက်ရင် နေရယ် လရယ် ကြားထဲမှာ ကမ္ဘာက စောင်းစောင်းလေး လည်နေတာဆိုတော့ ထိပ်ဖက်၂ ဖက်က နေရောင်ကို ရပါတယ်။ ဒါပေမဲ့ စောင်းစောင်းလေး လည်တာဖြစ်တဲ့အတွက်မို့ နေရောင် ရရှိမှုက အချိန်တိုင်းမှာ မတူနေပါဘူး။ မတ်လ နဲ့ စက်တင်ဘာလ တွေလိုမျိုးမှာ ကမ္ဘာကြီးရဲ့ အခြားနေရာနဲ့ တူတူအတိုင်း နေ့ ၁၂နာရီ ည ၁၂ နာရီ ရှိပါတယ်။ ဇွန်လနောက်ပိုင်းလို ကာလတွေမှာကျတော့ ၂၁ နာရီလောက်အထိကို နေရောင်ရပြီးတော့ ဒီဇင်ဘာလောက်ကျရင် ၄ နာရီကနေ ၅ နာရီလောက်ထိပဲ နေရောင်ရပါတော့တယ်။
Reykholt မှာရှိတဲ့ ဖန်လုံအိမ်-Friðheimar ကတော့ သူ့ရဲ့ ဖန်လုံအိမ်ထဲမှာ အလင်းရောင် ကို (၁၇) နာရီဝန်းကျင်လောက်အထိ ဖွင့်ထားပြီးတော့ ခရမ်းချဉ်ပင်တွေအတွက် အလင်းရောင်ကို ဖန်တီးပေးပြီး ဖြေရှင်းထားပါတယ်။
အခြားသော စိုက်ပျိုးရေး အလေ့အထတွေအနေနဲ့ ပိုးမွှားရောဂါတွေအတွက် ဓာတုပိုးသတ်ဆေးတွေကို Friðheimar မှာ မသုံးပါဘူး။ သဘာဝအတိုင်းပဲဖြေရှင်းပါတယ်၊ နောက်တစ်ခုက ဟော်လန်နိုင်ငံကနေ ပျားတွေကို မှာယူပြီးတော့ ဖန်လုံအိမ်ထဲမှာ လွှတ်ထားပေးပါတယ်။ ခရမ်းချဉ် ခင်းထဲမှာ ပျား ကောင်ရေ (၆၀၀) လောက် က ပျံဝဲပြီး ဝတ်မှုန်ကူးပေးနေကြပါတယ်။

နောက်ထပ် အပင်ချစ်သူတွေအတွက်
နေ့လည် ၁၁ ခွဲကနေ ညနေ ၄ နာရီအထိ စားဖိုဆောင်ဖွင့်ပါတယ်။ ခရမ်းချဉ်သီးဆိုင်လေးနဲ့ ဘားကောင်တာလည်း မနက် ၉ ကနေ ညနေ ၅ နာရီထိ ဖွင့်ပါတယ်။ Vínstofa Friðheima လို့ နာမည်ပေးထားတဲ့ ဝိုင်-ဘားကောင်တာနဲ့ စားသောက်ဆိုင်ကလည်း နေ့လည် ၁၂ ကနေ ည ၁၀ နာရီလောက်ထိကို ဖွင့်ပါတယ်။
အချိုပွဲတွေ၊ ချိစ့်ကိတ်တွေ နဲ့ အိမ်လုပ် ခရမ်းချဉ်သီးရေခဲမုန့် ကိုလည်း ဖန်တီးပေးထားပါသေးတယ်။ ခရမ်းချဉ်သီးရေခဲမုန့်က ၁၈ ဒေါ်လာကျော်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၇၅,၀၀၀ ဝန်းကျင် (ဒေါ်လာပေါက်ဈေး ၄၁၀၀ - ၄၂၀၀ ဈေးနဲ့ တွက်ထားတာပါ) ။ နောက်ထပ် သူတို့ ဖန်လုံအိမ်ထဲမှာပဲ စိုက်ထားတဲ့ အသီးအရွက်တွေနဲ့ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပေးတဲ့ သီးရွက်သုပ်တွေ၊ ခရမ်းချဉ်သီးကို အခြေခံရတဲ့ ပါစတာလို၊ စွပ်ပြုတ်လို အများကြီး ရောင်းပါတယ်။ စတော်ဘယ်ရီလို၊ ပင်စိမ်းနဲ့ ဘယ်ရီတွေ စတဲ့ သူတို့ ဖန်လုံအိမ်ထဲမှာပဲ စိုက်ပျိုးထားသေးတာပါ။ ဝိုင်တွေ၊ ယမကာတွေ၊ ဂျင်၊ ဗော့ကာ တွေလည်း ရပါတယ်။ အစားအသောက် ဈေးကတော့ မြန်မာဈေးနဲ့တွက်ရင် အနည်းဆုံး ၅ သောင်းဝန်းကျင်ကနေ ၂ သိန်းကျော် ဝန်းကျင်လောက်ထိ ရှိပါတယ်။
ခရမ်းချဉ်ကလည်း တစ်နေ့ကို တစ်တန်ကျော်ထွက်တယ်။ စားသောက်ဆိုင်နဲ့ ဘားကလည်း ဝင်ငွေရနေတယ်။ အောင်မြင်ဖြစ်ထွန်းတဲ့ စီးပွားရေးတစ်ခုပါပဲ။ ဖန်လုံအိမ်ထဲမှာ အလင်းနဲ့ အနွေးဓာတ်ရှိတယ်။ အပင်တွေရှိတယ်။ အေးအေးဆေးဆေး ကျယ်ကျယ်လွင့်လွင့် ထိုင်လို့ရတယ်ဆိုတော့ အဆင်ပြေတာပေါ့။

ကိုယ်တွေဆီမှာလည်း အော်ဂဲနစ်ခြံတွေထဲမှာ ဆိုင်လေးတွေလိုမျိုးလေးတွေ လုပ်နေကြပါပြီ။
လုပ်နေကြသူများလည်း ပိုမိုအောင်မြင်ကြပါစေ။ စလုပ်မဲ့သူများလည်း အဆင်ပြေကြပါစေ….
ကိုးကားလင့်ခ်
https://fridheimar.is/
https://www.theblissfulgardeners.com/an-icelandic-greenhouse/
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။