''အေးအေးချမ်းချမ်းနေချင်လို့ စိုက်ပျိုးရေးလုပ်မည်ဆိုလျှင် ဒီစာလေးအရင်ဖတ်ပါ''

16/09/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကျွန်တော်လွန်ခဲ့တဲ့ (၄)နှစ်လောက်ကစပြီး နှစ်စဉ် ဥယျာဉ်ခြံတည်ထောင်ခြင်းအလုပ်တွေကို ကန်ထရိုက်တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းရှင်များက ဥယျာဉ်ခြံတည်ထောင်လိုကြတဲ့အခါ ကျွန်တော်အနေနဲ့ ခြံတည်ထောင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို တာဝန်ယူဆောင်ရွက်ပေးတဲ့လုပ်ငန်းမို့ အောက်ခြေမှ အခြေအနေအားလုံးဟာ ကျွန်တော်နဲ့ ထိတွေ့ဆောင်ရွက်ရတာတွေချည်း ဖြစ်နေပါတယ်။ 

   ခြံစတည်ဖို့ မြေစဝယ်တာကနေစပြီး သီးနှံထုတ်ချိန်အထိ ဒေသခံပြည်သူများ ဒေသခံအုပ်ချုပ်သူလူတန်းစားများ နယ်နမိတ်ဆက်စပ်တောင်သူများ ဒေသခံအလုပ်သမားများအပြင် ဒေသခံအရူးများနဲ့ပါ ထိပ်တိုက်တွေ့နေရသည်က ခြံတည်ထောင်ဖူးတဲ့လုပ်ငန်းရှင်များသာ တိတိပပသိနိုင်မှာ ဖြစ်ပါတယ်။ 

   (၁) ခြံတည်ဖို့ မြေဝယ်တယ် ပုံစံ (၇) စာရွက်လေးနဲ့ မြေရောင်းလိုသူက ရောင်းမည့်မြေကိုလိုက်ပြရင်း ဒေသတော်တော်များများမှာ ပြောလေ့ရှိတဲ့စကားက ကျွန်တော့်မြေက ပုံစံ (၇) ထဲကထက် တစ်ဧကပိုတယ် နှစ်ဧကပိုတယ် လိုက်တိုင်းကြည့်ပါဆိုပြီး သူပြတဲ့ နယ်နမိတ်အတိုင်း လိုက်တိုင်းတော့ သူပြောသလို ပုံစံ ၇ ထဲကထက် ပိုတာကိုတွေ့ရတယ်။ ပိုတဲ့အတိုင်း ငွေချေပြီးလို့ သူပြတဲ့နယ်နမိတ်အတိုင်း ခြံစည်းရိုးခတ်ပြီးဆိုရင်တော့ တဖက်အကွက်က မြေပိုင်ရှင်နဲ့ စကားပြောရတာ အငြင်းပွားရတာ (၉၀) ရာခိုင်နှုန်းလောက်ရှိပါတယ်။ 

   (၂) ခြံလေးစတည်ဖို့ အလုပ်စပြီဟေ့ဆိုရင် ဒေသခံပြည်သူဆိုသူများက အလုပ်လေးမရှိဘူးလား ရှိရင်ခေါ်ခိုင်းပါအုံးပြောတယ်။ သူတို့ပေါက်ဈေးမေးပြီး အဆင်ပြေရင်ခေါ်ခိုင်းလိုက်တယ်။ ဒီအထိပြဿနာမရှိသေးပေမယ့် ခိုင်းရတာမကြိုက်လို့ အခြားအလုပ်သမားတွေပြောင်းခိုင်းရင် ကိုယ်တွေကပဲ သူတို့ဒေသလာပြီး ဗိုလ်ကျနေသလိုလို စကားသံလွှင့်၊ လူမိုက်တွေနဲ့ ရန်တိုက်ဖို့စီစဉ်တတ်တဲ့ ဒေသခံပြည်သူဆိုးတွေရဲ့ လုပ်ရပ်ဆိုးတွေက စလာတော့တာပါပဲ။ 

   (၃) ဒေသခံ အုပ်ချုပ်သူလူတန်းစားဆိုသူတွေကလည်း သစ်ပင်စိုက်ဖို့ ရင်းနှီးမြှုပ်နှံသူလာတာကို သူတို့ ဘီယာဖိုးပေးမယ့်သူလာသည့်အလား တစ်ခုခုဟေ့ဆို ပညာလေးပြဦးမှ ဆိုတဲ့ပုံစံနဲ့ ''လာတွေ့ပါ''တို့ စာတစ်တန်ပေတစ်တန်နဲ့ ဆင့်ခေါ်တာမျိုးတွေလည်း ကြုံရဖူးပါတယ်။ 

   (၄) ခြံစည်းရိုးခတ်ရင်း ပြဿနာမတက်ဖို့ မြေအရောင်းဝယ်လုပ်စဉ်က နယ်နိမိတ်ထိစပ်တောင်သူတွေကို အမြဲခေါ်ပြီး အသိသက်သေအဖြစ် လက်မှတ်ထိုးခိုင်းပေမယ့်လည်း တကယ်အလုပ်လုပ်ပြီးပြီဆိုရင်တော့ သူတို့မဟုတ်သလို ပြောင်ပြောင်တင်းတင်း ခေါင်းရှောင်ပြောဆိုတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ 

   (၅) ဒေသခံအရူးများကလည်း ခုလိုစိုက်ကွင်းလာလုပ်ပြီဆိုရင် သူတို့ ထမင်းအိုးတစ်လုံး တိုးလာသည့်အလား လမ်းကြုံတိုင်း ထမင်းကျန်သေးလားဝင်မေးပြီး ထမင်းတောင်းစားတဲ့အပြင် ထမင်းမကျန်လို့ မကျွေးလိုက်သည့်နေ့တွေမှာတော့ အပင်တွေကို ရန်ရှာတာလည်း ကြုံရတတ်ပါတယ်။ 

   ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းလေးလုပ်ပြီး အေးအေးချမ်းချမ်းနေရတယ်ဆိုတာ ခုလုပ်ခုရတာမျိုးမဟုတ်ပဲ ဒီလိုစာမေးပွဲအဆင့်ဆင့်ကျော်ဖြတ်ပြီးကာမှ တည်ငြိမ်အောင်မြင်တဲ့ ခြံတစ်ခုစတင်ဖို့ အုပ်ဖိနပ်ပြီးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ 

   နောက်အဆင့်တွေကတော့ စိုက်ပျိုးသစ်ပင်အောင်မြင်ရေးနဲ့ သီးနှံထွက်ကုန် အခိုးမခံရ၊ ဖျက်ဆီးမခံရပဲ ဈေးကွက်တင်ပို့ပြီး ငွေရရှိရေးဆိုတဲ့အပိုင်းတွေ ကျန်ပါသေးတယ်လို့ ပြောရင်း ''စိုက်ပျိုးရေးလုပ်ငန်းအတွက်  ခြံလာတည်သူများကို အလှူအတန်းလာလုပ်သလိုမြင်တတ်တဲ့ ဒေသများ နည်းနိုင်သမျှနည်းပါးပါစေ'' ဟု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါရစေ။ 

ဆောင်းပါးရှင် - ကျော်မျိုးထွန်း (လျှော်ဖြူ)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်