အတူတွန်းမှရွေ့နိုင်မယ့် စိုက်ပျိုးရေးကဏ္ဍအတွက် အနာဂါတ်စိုက်ပျိုးပညာရှင်လူငယ်များ၏သဘာထားများ ပိုမိုအရေးကြီးလာ

12/10/2020 20:45 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် လုပ်ဆောင်နေချိန်တွင် ပိုမိုကောင်းမွန်သောမူဝါဒများ ပြောင်းလဲကျင့်သုံးနေရုံဖြင့် မပြီးပြည့်စုံနိုင်ပါ။ ၎င်းမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရှင်များ၊ ဝန်ထမ်းကောင်းများ၊ တောင်သူများမှလည်း ခိုင်မာသော သဘောထားအမြင်တွေ၊ ဝေဖန်သုံးသပ်နိုင်သော ပညာရပ်တွေ၊ ပြောင်းလဲလိုစိတ်ရှိသော အမူအကျင့်တွေ၊ မှန်ကန်ရိုးသားသော စိတ်သဘောထားတွေ ပိုမိုလိုအပ်လာပါပြီ။ 

    တောင်သူများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာစေရန် ကဏ္ဍစုံမှ ကြိုးပမ်းနေသော စီမံကိန်းများရှိနေသော်လည်း သိသာသောအကျိုးရလဒ်ကတော့ ခုချိန်ထိ မမြင်သာသေးတာကတော့ အားမရဖွယ်ရာပါပဲ။

    စိုက်ပျိုးကဏ္ဍဖွံ့ဖြိုးရေးအတွက် ကန်ထရိုက်လယ်ယာစနစ်(contract farming) ကိုအားပေးလုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်နေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်ဝန်းကျင်ခန့်ရှိနေပါသော်လည်း ကန်ထရိုက်လယ်ယာစနစ်၏ မူဝါဒများ၊ ကောင်းကျိုး ဆိုးကျိုးများကို တောင်သူများမှ ခုထက်ထိတိုင်မသိရှိသေးပေ။ 

    ကန်ထရိုက်လယ်ယာလုပ်ကိုင်ရန် လုပ်ငန်းရှင်ကုမ္ပဏီများဘက်မှ တောင်သူများထံကွင်းဆင်း၍ အကျိုးတူလုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုရာတွင် ကောင်းကျိုးများသာချပြ၍ တိကျသောဈေးနှုန်းသတ်မှတ်ချက် မက်လုံးဖြစ်သာ ဆွဲဆောင်နေတယ်လိုမြင်မိပါတယ်။ကန်ထရိုက်လယ်ယာစနစ်၏ မူဝါဒများနှင့် မရင်းနှီးသေးသော တောင်သူများအတွက် ကောင်းကျိုးဆိုးပစ်နှင့် နောင်ဖြစ်လာမည့် အကျိုးဆက်တို့ကို စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကြိုတင်ပညာပေးလုပ်ဆောင်မှုများ လိုအပ်နေပေသည်။ 

    သို့ရာတွင် ကန်ထရိုက်လယ်ယာစနစ်ကိုလုပ်ကိုင်နေသော လုပ်ငန်းရှင်များဘက်မှ ဝန်ထမ်းအများစုမှာ စိုက်ပျိုးရေးပညာ သင်ယူထားသောသူများဖြစ်သော်လည်း ၎င်းတို့၏ လုပ်ငန်းအပေါ်တာဝန်ယူမှု အပြည့်အဝမရှိသလို၊  တောင်သူ့အကျိုးထက် ၎င်းလုပ်ငန်းရှင်၏အကျိုးကိုသာ ဇောင်းပေးလုပ်ဆောင်နေတာကို အတော်လေးစိတ်မကောင်းဖြစ်ရကြောင်း တောင်သူများထံမှ ပြန်လည်ကြားသိရတယ်။ ကိုယ်တိုင်အနေဖြင့်လည်း ကန်ထရိုက်လယ်ယာဝန်ထမ်းတစ်ဦး ထံမှ "တောင်သူတွေ စပါးဈေးအတော်လေးကျသွားစေချင်တယ် ဒါမှ ငါတို့ကုမ္ပဏီကပေးတဲ့ဈေးက ကောင်းတာကိုမြင်ပြီး လိုက်လုပ်ကြမှာ" လို့ ကြားလိုက်ရချိန် အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ဒီစကားဟာ သူ၏ စိတ်ရင်းမှန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်မတို့ စိုက်ပျိုးပညာသင်ကြားပေးမှုမှာ လိုအပ်ချက်တွေရှိနေပြီဟု ကျွန်မမြင်မိလာပါတယ်။

    ဒါဆို နိုင်ငံတော်ကခန့်အပ်ထားသော စိုက်ပျိုးရေးဝန်ထမ်းအများစုကရော တောင်သူတွေအတွက် အမှန်တကယ် ရပ်တည်လုပ်ဆောင်ပေးနေပါသလား...?

    အမှန်တကယ် တောင်သူအတွက် ရပ်တည်လုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်းကောင်းတွေရှိနေပါတယ်။ သို့သော် မြင်သာသောလုပ်ဆောင်မှုတို့၌သာ သရုပ်ပြနေသော လုပ်ရိုးလုပ်စဉ်တွေက ရှိနေပါသေးတယ်။ ဒါတွေကို အပြည့်အစုံထောက်ပြမယ်ဆို ရှေးခေတ်အဆက်ဆက်က လုပ်နည်းလုပ်စဉ်နဲ့ မှတ်တမ်းထဲ၌သာရှိသော မူဝါဒတွေကို တသီကြီးချပြရမှာမို့ အတော်ခက်ပါတယ်။

    ဒါ့ကြောင့် ကျွန်မတို့ စိုက်ပျိုးရေးမူဝါဒတွေ ပြောင်းလဲကျင့်သုံးနေပေမဲ့ လက်တွေ့လုပ်ဆောင်မည့် နိုင်ငံ့ဝန်ထမ်းတွေအတွက် အခြေခံအစ စိုက်ပျိုးပညာသင်ယူမှုတွေမှာ ခံယူချက်နှင့် သဘောထားအမြင်တွေအတွက် သင်ကြားမှုတွေလိုအပ်နေတယ်လို မြင်မိလာပါတယ်။ မည်သို့သော အဖွဲ့အစည်းကဖြစ်စေ တောင်သူတွေကို ငွေသာမြင်သောသူလို့ သမှုတ်တာတွေ မြင်တွေ့ကြားသိနေရတာ တကယ်ရင်နာစရာပါပဲ။

"အကျိုးတူလယ်ယာလုပ်ဖို့ကိုရှင်းပြတာ တောင်သူက ဘာမှနားမလည်ဘူး ဈေးကောင်းကောင်းပေးမယ်ဆိုတဲ့တစ်ခုတည်းနဲ့ မျှားပြောနေရတယ်" လို့ အကျိုးတူလယ်ယာလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

"တောင်သူက သီးနှံထွက်ချင်တာပဲသိတယ် ဓာတ်မြေသြဇာကျွေးဖို့ကျတော့ အတော်ကပ်စေးနှဲတယ်" လို့ စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"တောင်သူတွေက လက်ဆောင်တွေပေးတဲ့ စိုက်ပျိုးရေးဆေးကုမ္ပဏီတွေရဲ့ ဟောပြောပွဲပဲတက်တာ ငါတို့စိုက်ပျိုးရေးရုံးကလုပ်တဲ့ပွဲတွေကို မတက်ဘူး။ လက်ဆောင်ပဲ မက်နေကြတာ" လို့ အစိုးရစိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောဖူးပါတယ်။

    ဟုတ်ပါတယ် တစ်ဖက်ကကြည့်ရင် အားလုံးကမှန်နေပါလိမ့်မယ်။ နှစ်ဖက်လုံးကို မြင်ယောင်ကြည့်ရင်တော့ အကြောင်းရင်းမှန်တွေကို မြင်လာပါလိမ့်မယ်။ ကျွန်မတို့ မြင်အောင်ကြည့်တက်ဖို့တော့ လိုပါတယ်။ ငွေသာမြင်တယ်လို့ သမှုတ်ထားတဲ့လယ်သမားတွေ တောင်သူအလုပ်လုပ်လာတာ ဆယ်စုနှစ်များစွာချီနေပါပြီ။ သို့သော် တိုးတက်ချမ်းသာလာပါသလား? ငွေကိုမြင်၍လုပ်သော လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေသာ ဆယ်စုနှစ်နည်းနည်းအတွင်း တိုးတက်လာတာ၊ နေရာကောင်းရလာကြတာကတော့ မြင်သာပါတယ်။

    ဒါ့ကြောင့် ကျွန်မတို့ စိုက်ပျိုးရေးကဏ္ဍတိုးတက်လာအောင် လုပ်ဆောင်နေသော အဝန်းအဝိုင်းနယ်ပယ်မှ စိုက်ပျိုးရေးပညာရှင်လူငယ်တွေကို စိုက်ပျိုးရေးနည်းပညာတွေကိုသင်ကြားပေးရုံဖြင့် မလုံလောက်သေးပါဘူး။ စိုက်ပျိုးရေးအပေါ်သဘောထား၊ မြန်မာနိုင်ငံရှိတောင်သူတွေရဲ့ အခြေအနေမှန်ကို ပိုမိုမြင်သာစေသော၊ ကိုယ်ပိုင်သဘောထားအမြင်ဖြင့် ဝေဖန်သုံးသပ်နိုင်သော အတွေးအခေါ်များကို ပိုမိုထည့်ပေးနိုင်သောသင်ကြားမှုများ လိုအပ်သည်ဟု ကျွန်မအမြင်ဖြင့် သုံးသပ်ပါရစေ။

    ကျွန်မတို့အားလုံး အများအကျိုးအတွက်လုပ်ရမည်ဟု မဆိုလိုထားပါ။ သို့သော် ကျွန်မတို့ လုပ်ဆောင်နေတာဟာ အယောင်ဆောင်ကောင်းကျိုးလား၊ ဆိုးကျိုးတွေကို မရည်ရွယ်ပဲ ဖွက်ထားမိစေသလား မြင်သာအောင်ကြည့်တတ်ဖို့ လိုအပ်ပါတယ်။

    စိုက်ပျိုးပညာသင်ယူထားတဲ့ ကျွန်မတို့နယ်ပယ်ကသူတွေ၊ စိုက်ပျိုးရေးဖြင့်ဆက်နွယ်လုပ်ကိုင်နေတဲ့သူတွေမှ တောင်သူ့အတွက် စစ်မှန်တဲ့အင်အားမဖြစ်ပေးရင် တောင်သူတွေမှာ ဘယ်အင်အားရှိတော့မလဲ။

    ကျွန်မတို့ သဘောထားအမြင်တွေကို မည်သို့သောအဖွဲ့အစည်းရဲ့မှိုင်းတွေနဲ့မှ မမွမ်းမံမိပါစေနဲ့။ ဝေဖန်သုံးသပ်တတ်ပါစေ။

လေးစားစွာဖြင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်