မြေဆီလွှာကို ကျန်းမာကောင်းမွန်လာအောင် လုပ်ဆောင်ရမည့်အချက်များ

26/04/2024 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သီးနှံတွေကို တစ်ရာသီပြီး တစ်ရာသီ အမြဲစိုက်ပျိုးနေတဲ့ မြေဆီလွှာဟာ အပင်စိုက်ပျိုးတဲ့သူတိုင်းအတွက် သဘာဝ အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာတဲ့ မြေဆီလွှာမှာဆိုရင် သေးငယ်တဲ့ အဏုဇီဝသက်ရှိတွေ၊ များပြားတဲ့ အာဟာရဓာတ်တွေနဲ့ မျှတကောင်းမွန်တဲ့ ဖွဲ့စည်းတည်ဆောက်မှုရှိကြတာ ဖြစ်ပါတယ်။ မြေဆီလွှာ ကျန်းမာမှုမရှိတဲ့အခါ ထွက်ရှိလာတဲ့ သီးနှံတွေမှာလည်း အာဟာရပါဝင်မှုနည်းပြီး ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် မြေဆီလွှာရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ သေချာပေါက် လိုအပ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အဖိုးတန်မြေဆီလွှာကို တတ်နိုင်သမျှ အကောင်းဆုံးအခြေအနေမှာရှိနေဖို့ ထိန်းသိမ်းပြုပြင်နိုင်မယ့် နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ကျန်းမာတဲ့ မြေဆီလွှာဆိုတာ အာဟာရမျှတပြီး ကျန်းမာကောင်းမွန်တဲ့ မြေဆီလွှာဆိုတာ အော်ဂဲနစ်ပစ္စည်းတွေနဲ့ အဏုဇီဝသက်ရှိတွေ ပေါကြွယ်ဝနေတဲ့ မြေဆီလွှာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျန်းမာတဲ့ မြေဆီလွှာမှာဆိုရင် အကျိုးပြု အဏုဇီဝသက်ရှိတွေ ရှင်သန်ပေါက်ပွားနိုင်ပြီး အပင်တွေလည်း ကျန်းမာသန်စွမ်းစွာနဲ့ ကြီးထွားဖွံ့ဖြိုးကြမှာ ဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် မြေဆီဩဇာကြွယ်ဝတဲ့ မြေသားလက်ဖက်ရည်ဇွန်း ၁ ဇွန်းမှာ ပါဝင်တဲ့ အကျိုးပြုသက်ရှိလေးတွေရဲ့ ပမာဏဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအရေအတွက်ထက်ကို ပိုများတာ ဖြစ်ပါတယ်။ ၎င်းသက်ရှိလေးတွေဟာ သဘာဝ အော်ဂဲနစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ အပင်အကြွင်းအကျန်နဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေကို ပြိုကွဲသွားအောင် ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့်ပဲ မြေဆီလွှာမှာ မြေးဆွေးဓာတ်တွေ တိုးလာတာ ဖြစ်ပါတယ်။ မြေဆွေးကနေ ဆက်လက်ပြိုကွဲပြီး ကျွန်ုပ်တို့အပင်တွေ စားသုံးနိုင်တဲ့ အစာပုံစံကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အဏုဇီဝသက်ရှိတွေဟာ အော်ဂဲနစ်ဒြပ်စင်တွေကို ဖြိုခွဲလိုက်တာနဲ့တပြိုင်နက် အပင်ရဲ့အမြစ်ဆီကို ရေနဲ့လေ  လွယ်ကူစွာဝင်ရောက်နိုင်ဖို့အတွက်လည်း မြေဆီလွှာကိုပါ ဖြိုခွဲပေးနိုင်တာ ဖြစ်ပါတယ်။ 

ဓာတုမြေသြဇာ

အာဟာရဓာတ် မရှိတဲ့မြေမှာ အပင်တွေ ရှင်သန်ကြီးထွားနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ မြေဆီလွှာကောင်းမွန်စေဖို့ သဘာဝနည်းလမ်းတွေကို အသုံးပြုနေကြပေမယ့် အရေးတကြီးလိုအပ်လာတဲ့အခါ လျင်လျင်မြန်မြန်နဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ဓာတုမြေဩဇာတွေ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတုမြေဩဇာတွေ ထည့်သွင်းအသုံးပြုခြင်းဟာ မိမိရဲ့မြေဆီလွှာမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အတိအကျရရှိစေနိုင်တာ ဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ဓာတုမြေဩဇာတွေဟာ သယ်ယူအသုံးပြုရတာ လွယ်ကူတဲ့အပြင် ၎င်းတို့မှာ ပါဝင်တဲ့ ဓာတုပစ္စည်း ပမာဏ၊ အသုံးပြုပုံနည်းစနစ်၊ အသုံးပြုသင့်တဲ့ ပမာဏ စတာတွေကို တိတိကျကျသိရှိနိုင်တာ ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ ဆိုရင်တော့ ၎င်းတို့ဟာ ဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် အများအပြားအသုံးပြုတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပြီး ရေကို ညစ်ညမ်းစေပါတယ်။ ဒါ့အပြင် အဏုဇီဝသက်ရှိတွေ သေဆုံးတာ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးလာတာနဲ့ မြေဆီလွှာမှာ အက်စစ်ဓာတ်တွေ တိုးလာတာမျိုး ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။

 

ဆိုတော့ ကျန်းမာကောင်းမွန်တဲ့ မြေဆီလွှာရရှိအောင် ဘာတွေလုပ်ရမလဲ?

  • မြေဆွေးပြုလုပ်ခြင်း

မြေဆွေးပြုလုပ်ခြင်းဟာ အပင်စိုက်ပျိုးသူတိုင်း ပြုလုပ်အသုံးပြုသင့်တဲ့ သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြေဆွေးဟာ အာဟာရဓာတ်များစွာနဲ့ အဏုဇီဝသက်ရှိတွေကို တိုးပွားစေတဲ့အပြင် မြေဆီလွှာရဲ့ အရည်အသွေးနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ မြေဆွေးကို သီးနှံတွေမစိုက်ပျိုးခင် မြေပြင်ချိန်နဲ့ သီးနှံစိုက်ပျိုးပြီး ရာသီကုန်ဆုံးချိန်တွေမှာ အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွက် အကျိုးများစေမှာ ဖြစ်ပါတယ်။ မြေဆွေးကို တနိုင်တပိုင်ပြုလုပ်ပြီး မိမိစိုက်ခင်းတွေမှာ အသုံးပြုခြင်းဟာ ကုန်ကျစရိတ်လည်းသက်သာ၊ မြေဆီလွှာကိုလည်း ကောင်းမွန်စေပြီး၊ အပင်များအတွက်လည်း အကျိုးဖြစ်ထွန်းစေမှာ အမှန်ပါပဲ။ မြေဆွေးပြုလုပ်တဲ့အခါ မီးဖိုချောင်၊ ခြံဝန်းနဲ့ သီးနှံစိုက်ခင်းတွေထဲက ရနိုင်သမျှ သဘာဝပစ္စည်းတွေ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ မြေဆွေးပြုလုပ်ပြီးတဲ့အခါ ၁ နှစ်အတွင်း အသုံးပြုနိုင်ပါက အာနိသင်အကောင်းဆုံး ဖြစ်ပါတယ်။ သတိပြုရမယ့် အချက်တစ်ချက်ကတော့ မြေဆွေးပြုလုပ်တဲ့ အခါမှာ အသား၊ ဆီ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဆိုးဆိုးရွားရွား ရောဂါကျရောက်ခဲ့ဖူးတဲ့ စိုက်ခင်းက အပင်တွေကို မထည့်မိစေဖို့ အသိပေးလိုပါတယ်။ 

  • တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ အသုံးပြုခြင်း

တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဆိုတာ တောင်သူဦးကြီးတွေ စိုက်ခင်းတွေမှာ အများဆုံးအသုံးပြုကြတဲ့ သဘာဝပစ္စည်းဖြစ်ပြီး ယနေ့အချိန်မှာ ရှားပါးပစ္စည်းတောင် ဖြစ်နေကြပါပြီ။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဟာ မြေဆီလွှာကို ပြန်လည်အားဖြည့်နိုင်ဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတွေအနေနဲ့ ရှိနေတာကြောင့်  ယနေ့အချိန်အထိလည်း ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ၎င်းတို့မှာ အဏုဇီဝ သက်ရှိတွေ မျိုးစုံပါဝင်ပြီး မြေဆီလွှာအတွက် အာဟာရပြည့်ဝရုံသာမက အင်ဇိုင်းနဲ့ ဘက်တီးရီးယားတွေလည်း ပါဝင်နေတာကြောင့် မြေဆီလွှာရဲ့ ကြံ့ခိုင်တဲ့ဖွဲ့စည်းတည်ဆောက်မှု ဖြစ်ပေါ်စေဖို့အတွက် များစွာအထောက်အကူ ပြုစေနိုင်တာဖြစ်ပါတယ်။  တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို သူ့ချည်းသပ်သပ် အသုံးပြုနိုင်သလို သဘာဝမြေဆွေး ပြုလုပ်ရာမှာလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။ လတ်ဆတ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း မှာဆိုရင် များစွာသော သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို လတ်ဆတ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဟာ အပူဓာတ်ရှိနေတဲ့အတွက် တိုက်ရိုက် အသုံးပြုမယ်ဆိုရင် အပင်ကို (အထူးသဖြင့် အမြစ်) တွေကို အလွယ်တကူ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် မည်သည့်အပင်များမှာ မဆို လတ်လတ်ဆတ်ဆတ်ရှိနေတဲ့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို အသုံးမပြုသင့်ပါဘူး။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို မြေဆီလွှာနဲ့ အပင်အတွက် အသုံးပြုမယ်ဆိုရင် မြေဆွေးပြုလုပ်ပြီး အသုံးပြုတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ၎င်းမှာပါဝင်တဲ့ အပူဂုဏ်သတ္တိကနေ ပါဝင်ပစ္စည်းတွေကို လျင်မြန်စွာ ပြိုကွဲစေနိုင်မှာ ဖြစ်ပါတယ်။ 

  • သီးလှည့်စိုက်ပျိုးခြင်း 

သီးလှည့်စိုက်ပျိုးခြင်းဆိုတာ စိုက်ခင်းတစ်ခုထဲမှာ သီးနှံတစ်မျိုးတည်းကိုပဲ ရာသီမရွေး ဆက်တိုက်ကြာရှည်စွာ စိုက်ပျိုးခြင်း မဟုတ်ဘဲ အခြားသော သီးနှံများကိုလည်း အလှည့်ကျ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းကို ဘာကြောင့်ပြုလုပ်ရသလဲဆိုရင် သီးနှံတစ်မျိုးတည်းကိုပဲ တစ်နေရာထဲမှာ ဆက်တိုက်စိုက်ပျိုးခြင်းဟာ တူညီတဲ့ ပိုးမွှား၊ ရောဂါ နဲ့ မြေဆီလွှာ အာဟာရဆိုင်ရာ ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားတွေအတွက် အစာအရင်းအမြစ် အမြဲမပြတ် ထောက်ပံ့ပေးနေသကဲ့သို့ ရှိစေပြီး ၎င်းစိုက်ခင်းမှာ အခြားသီးနှံတစ်မျိုးကို ရွေးချယ်အစားထိုး စိုက်ပျိုးလိုက်မယ်ဆိုရင် အင်းဆက်ပိုးမွှားတွေရဲ့ အစာအရင်းအမြစ်ကို ထိခိုက်သွားမှာဖြစ်ပြီး ပိုးမွှား၊ ရောဂါတွေရဲ့ ပွားများမှုနဲ့ ဘဝစက်ဝန်းကိုလည်း ပြတ်တောက်သွားစေနိုင်တာကြောင့် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။  ပိုးမွှား ရောဂါတွေ ကျရောက်မှု လျော့နည်းသွားတဲ့အတွက် ဓာတု ပိုးသတ်ဆေး မှိုသတ်ဆေး သုံးစွဲမှုတွေကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာမှာရှိတဲ့ အာဟာရဓာတ်တွေကို မျှတအောင် ထိန်းညှိပေးနိုင်ပြီး လေဝင်လေထွက်ကိုလည်း ပိုမိုကောင်းစေပါတယ်။ ဒါ့ပြင် မြေကျပ်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး ရေစိမ့်ဝင်နိုင်မှုနဲ့ ရေထိန်းစွမ်းအားကိုလည်း ကောင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေဆီလွှာမှာလည်း အာဟာရဓာတ်တွေမျှတအောင်၊ ပြန်လည်ဖြည့်တင်းနိုင်အောင် ပြုလုပ်ပေးနိုင်တာကြောင့် ဓာတုမြေဩဇာတွေ အသုံးပြုရမှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတုဆေးဝါးတွေ အသုံးမပြုရတာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 

  • မြေဖုံးပေးခြင်း 

သီးနှံစိုက်ခင်းများတွင် ပြုလုပ်လေ့ရှိသော မြေဖုံးခြင်းအလေ့အထဟာ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်တဲ့ အလေ့အထဖြစ်ပါတယ်။ မိမိစိုက်ခင်းမှာ ပျိုးပေါင်တွေပြုလုပ်ဖို့၊ ပေါင်းပင်တွေနှိမ်နင်းဖို့နဲ့ မြေဆီလွှာကျန်းမာရေးကို ထောက်ပံ့နိုင်ဖို့ အတွက် မြေဖုံးခြင်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ မြေဖုံးတဲ့အခါ အော်ဂဲနစ်ပစ္စည်းတွေ အသုံးပြုတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။။ မြေဖုံးခြင်းကို အဓိကအားဖြင့် အမျိုးအစား ၂ မျိုးခွဲခြားထားပါတယ်။

  • အော်ဂဲနစ်

အော်ဂဲနစ်မှာဆိုရင် ကောက်ရိုး၊ သစ်ရွက်ခြောက်၊ သစ်သားအပိုင်းအစများ၊ လွှစာမှုန့်၊ မြက်ခြောက်များ စသည်ဖြင့် ပါဝင်ပါတယ်။

 

  • အင်အော်ဂဲနစ်

အော်ဂဲနစ်မဟုတ်တဲ့ ပစ္စည်းတွေထဲမှာဆိုရင်တော့ ကျောက်စရစ်ခဲတွေ၊ ကြေမွနေတဲ့ ကျောက်သားအပိုင်းအစတွေ၊ ပလပ်စတစ်တွေ၊ ရော်ဘာပြားတွေ၊ ရော်ဘာချပ်တွေ စသည်ဖြင့် ပါဝင်ပါတယ်။

သီးနှံစိုက်ခင်းတွေမှာ မြေဖုံးထားခြင်းဖြင့် မြေဆီလွှာဆီကိုရောက်ရှိနိုင်တဲ့ နေရောင်ခြည်ပမာဏကို ကန့်သတ်တားဆီးပေးတာကြောင့် ပေါင်းပင်တွေ မပေါက်လာအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။  ပေါင်းပင်တွေ ရှင်သန်ပေါက်ရောက်မှု နည်းသွားမှာ ဖြစ်တာကြောင့် ပေါင်းသတ်ခြင်း၊ ပေါင်းနုတ်ခြင်းများ အတွက်လည်း အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ မြေဖုံးထားတဲ့ သဘာဝပစ္စည်းတွေဟာ ရေကိုစုပ်ယူထားပြီး အပင်တွေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီလို ပူပြင်းတဲ့အချိန်မှာ မြေဖုံးထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းထားနိုင်တာကြောင့် အပင်များအတွက် ရေအသုံးချရမှုကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ မြေဖုံးခြင်းဟာ မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးနိုင်သလို မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေကို လေလွင့်ဆုံးရှုံးမှုမရှိအောင်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြေဖုံးပေးခြင်းဖြင့် နွေရာသီမှာဆိုရင် အပင်တွေရဲ့ အမြစ်များကို အေးမြစေမှာဖြစ်သလို ဆောင်းရာသီမှာဆိုရင်လည်း အပင်ရဲ့အမြစ်များကို အအေးဒဏ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်