အင်ဒိုနီးရှား မွေမြူးရေးသမားတွေကို ဒုက္ခပေးနေတဲ့ ခွာနာလျှာနာရောဂါ

25/07/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

နို့စားနွား မွေးမြူရေးသမား ဘာဂို့စ်ကာယိုဟာ သူ့နွားမတွေရဲ့ ပါးစပ်ကနေ တံတွေးတွေ အလွန်အကျွံ ကျနေတာ တွေ့လိုက်ကတည်းက ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။

ကာယို ရုတ်တရက် သံသယဝင်သွားတာကတော့ သူ့ရဲ့ သန်သန်စွမ်းစွမ်း Friesian Holstein မျိုး နို့စားနွားမ အကောင် ၇၀ ဟာ အင်ဒိုနီးရှားနိုင်ငံအတွင်း မေလကစပြီး ဖြစ်နေတဲ့ ကြောက်မက်ဖွယ်ရာ ခွာနာလျှာနာရောဂါ ကူးစက်ခံလိုက်ရပြီလားဆိုတာကိုပါ။

နောက်ထပ် ရက်ပိုင်းအတွင်း နွားမတွေရဲ့ ပါးစပ်နဲ့ နှာခေါင်းမှာ အနာတွေ ပေါက်လာတယ်။ တစ်ပတ်လောက်လည်း ကြာရော နွားမတွေ အကောင် ၇၀ လုံး ဖျားနာလာကြတယ်။

"နွားမတွေ ဖျားနေတော့ နို့ထွက်နှုန်း မတရား ကျဆင်းပြီး ၁၀ ရာခိုင်နှုန်းလောက်ပဲ ထွက်တော့တယ်" လို့ အရှေ့ဂျာဗားပြည်၊ မာလန်းမြို့မှာ အခြေစိုက်တဲ့ ကာယိုက အယ်ဂျာစီယာသတင်းဌာနကို ပြောပါတယ်။

ဖျားတဲ့အရှိန်ကြောင့် နွားတွေ အစာကောင်းကောင်း မစားနိုင်ဘဲ နေ့စဉ် ပုံမှန်နို့ထွက်နှုန်း တစ်ကောင် လေးဂါလံ မထွက်တော့ဘဲ ထွက်နှုန်း ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်လို့ ကာယိုက ပြောပါတယ်။

နို့ကောင်းကောင်း ထွက်ခဲ့ဦးတော့ နွားမတွေ အဖျားပျောက်အောင် ဆေးထိုးထားရတာကြောင့် ကာယိုအနေနဲ့ ထွက်တဲ့နို့ကို ရောင်းချလို့မရသေးပါဘူး။

အင်ဒိုနီးရှားဟာ ကျွဲနွား ခွာနာလျှာနာရောဂါ ကူးစက်ပြန့်ပွားမှုကို နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ရင်ဆိုင်နေရတာပါ။

အရှေ့တောင်အာရှနိုင်ငံဟာ ၁၉၈၆ ခုနှစ်မှာ အဲဒီရောဂါကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ခဲ့ပြီး ၁၉၉၀ မှာ ခွာနာလျှာနာကင်းစင်နိုင်ငံအဖြစ် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ ကြေညာခြင်း ခံခဲ့ရပါတယ်။ ဒီရောဂါက ခွာကွဲတိရစ္ဆာန်တွေ ဖြစ်တဲ့ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ သမင်တို့မှာ ဖြစ်ပြီး ကူးစက်မှု အလွန်မြန်ပါတယ်။

မေလကစလို့ ပြည်နယ် ၂၁ ခုမှာ ကူးစက်မှုဖြစ်စဉ် သုံးသိန်း ကျော်ခဲ့တာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တစ်ခု စတင်ခဲ့ရပါတယ်။

"ဒီရောဂါဟာ မွေမြူရေးလုပ်ငန်းအတွက်တော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ရောဂါပါ" လို့ အရှေ့ဂျာဗားပြည် တိ/မွေးကုအသင်း အကြီးအကဲ ဒက်ဒီ ကာနီယာဝမ်က ပြောပါတယ်။ "စီးပွားရေးအရရော လူမှုရေးအရပါ ထိခိုက်မှုမှာ ဒီဗိုင်းရပ်စ်လောက် ကြောက်စရာကောင်းတာ မရှိပါဘူး" လို့ သူက ပြောပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ကူးစက်မြန်ပြီး နှစ်ရက်ကနေ လေးရက်အတွင်း လက္ခဏာပြတယ်၊ တံတွေး၊ အရည်အစက်၊ မစင်၊ နို့နဲ့ အသားတို့ကနေ ရောဂါ သယ်ဆောင်တယ်။ အဲဒီအချက်တွေကြောင့် ဗိုင်းရပ်စ်ဟာ အင်မတန် ကြောက်စရာကောင်းတယ်လို့ ကာနီယာဝမ်က ပြောပါတယ်။

"ပိုးဖြန့်အားက အလွန်မြင့်တာကြောင့် တင်းကျပ်တဲ့ ဇီဝလုံခြုံရေးအစီအမံတွေ ချမှတ်မထားဘူးဆိုရင် ကူးစက်မှုကနေရှောင်လွှဲဖို့ အလွန်ခက်ခဲတယ်" လို့ သူက ပြောပါတယ်။

ဒီဗိုင်းရပ်စ်တစ္ဆေဟာ စူမားတြားကျွန်း၊ လန်ပန်းမြို့ရှိ ဂျိုကို အီရီရန်တိုနိုနဲ့ သူ မွေးမြူထားတဲ့ နွားမ ၇၀၀ ကိုလည်း ခြောက်လှန့်နေပါတယ်။ ဒါပေမဲ့ လက်ရှိအထိတော့ ရောဂါအကူးမခံရအောင် ရှောင်ကြဉ်ထားနိုင်ပါသေးတယ်။ 

အီရီရန်တိုနို ဟာ နှစ်နှစ်သား Brahman Cross  နွားမမျိုးတွေကို ဩစတြေးလျကနေ လစဉ်တင်သွင်းပြီး သူ့ခြံမှာ ရက်ပေါင်း ၁၂၀ လောက် ဝလင်အောင် မွေးမြူကာ အသားထုတ်ဖို့ ရောင်းချလေ့ရှိပါတယ်။

အင်ဒိုနီးရှားမှာ အသားစားနိုင်တဲ့ လူလတ်တန်းစားဦးရေ တိုးပွားလာတာကြောင့် အမဲသားစားသုံးအား နှစ်အလိုက် ခြောက်ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အီရီရန်တိုနိုက ပြောပါတယ်။

သူ့ခြံမှာ ခွာနာလျှာနာ ဖြစ်ခဲ့ရင် စီးပွားရေး အကြီးအကျယ် ထိခိုက်နိုင်တာကြောင့် ရောဂါမဝင်ရောက်အောင် မိမိငွေကြေးစိုက်ထုတ်ပြီး တင်းကျပ်တဲ့အစီအမံတွေ ချမှတ်နေရတယ်လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ပြီး နွားတွေကို ကာကွယ်ဆေး ထိုးထားရပါတယ်။ ဇီဝလုံခြုံရေးအစီအမံတွေကိုလည်း မြှင့်တင်ထားရပါတယ်" လို့ အီရီရန်တိုနို က ပြောပါတယ်။

အဲဒီအစီအမံတွေထဲမှာ ခြံထဲ ဝင်ရောက်မယ့် ယာဉ်ယန္တရားနဲ့ လူတွေကို ပိုးသတ်ဆေးဖြန်းတာ၊ နွားတွေကို ကိုင်တွယ်ထိ‌တွေ့မှု မပြုခင် အဝတ်အစားနဲ့ ဖိနပ်တို့ လဲစေတာတို့ ပါဝင်ပါတယ်။

ဂျာဗားနဲ့ အေ့စ်ပြည်နယ်‌တွေမှာ မေလအတွင်း ရောဂါ စတွေ့ခဲ့စဉ်ကတည်းက သုတ်သင်ရှင်းလင်းမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့မယ်ဆိုရင် ရောဂါကို ခုထက်ပို ထိန်းချုပ်နိုင်ခဲ့လောက်တယ်လို့ အီရီရန်တိုနို က ပြောပါတယ်။

ရောဂါဖြစ်တဲ့ နွားတွေကို သုတ်သင်ပစ်ခြင်းဟာ ခွာနာလျှာနာကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပါတယ်။ အင်ဒိုနီးရှားအစိုးရကတော့ တိရစ္ဆာန် ဆုံးရှုံးရတဲ့ မွေးမြူရေးသမားတွေကို ပေးလျော်စရာ ငွေကြေး အလုံအလောက် မရှိတာကြောင့် ရောဂါဝင်နွားတွေ သုတ်သင်မှုကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်ခဲ့ပါဘူး။

ဒါကြောင့် ဘာလီလို အင်ဒိုနီးရှား ဒေသအချို့မှာသာ ကောင်ရေ ၃၀၀၀ လောက် သုတ်သင်ခဲ့ပြီး အခြားပြည်နယ်များစွာမှာတော့ ကာကွယ်ဆေးထိုးတာနဲ့ ကုသတာတို့သာ ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဗိုင်းရပ်စ် ဘယ်လောက်ထိ ပြန့်နေပြီဆိုတာ သေချာ မသိရပါဘူး။

အင်ဒိုနီးရှားဟာ ပြည်တွင်းအမဲသားလိုအပ်ချက် ပြည့်မီအောင် မထုတ်နိုင်တာကြောင့် နှစ်စဉ် နွားကောင်ရေ ၁ ဒသမ ၂ သန်း တင်သွင်းပြီး အဲဒီကနေ အမဲသား တန်ချိန် သုံးသိန်းလောက် ထုတ်လုပ်နေပါတယ်။

အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ မွေးမြူရေးသမားတွေဟာ ခွာနာလျှာနာ ကင်းစင်တဲ့ ဩစတြေးလျ၊ နယူးဇီလန်တို့လို နိုင်ငံတွေကနေသာ ကျွဲနွား တင်သွင်းခွင့် ရရှိကြပါတယ်။

ဆစ်ဒနီမြို့ နည်းပညာတက္ကသိုလ်ရဲ့ စီးပွားရေးပညာရှင် တင်မ်ဟားကော့ ကတော့ အိမ်နီးချင်း ဩစတြေးလျဟာ အင်ဒိုနီးရှားလို အဖြစ်ဆိုးမျိုးကနေ ကင်းလွတ်နေသေးကြောင်း ပြောပါတယ်။

"ဩစတြေးလျဟာ ကမ္ဘာ့အဆင့်မီ ကွာရင်တင်းလုပ်ထုံးလုပ်နည်းတွေနဲ့ ခွာနာလျှာနာကူးစက်ရောဂါ မဝင်အောင် ထိန်းချုပ်ထားနိုင်ပါသေးတယ်။ ဩစတြေးလျပို့ကုန်ဟာ သန့်ရှင်းပြီး သဘာဝနဲ့ ကိုက်ညီတယ်။ တဖက်မှာ ရောဂါကျနေချိန် ဩစတြေးလျ ပို့ကုန် ပိုကောင်းလာမယ်။ အင်ဒိုနီးရှားရဲ့ တင်သွင်းမှုတွေအပေါ်တော့ ဆိုးဆိုးဝါးဝါး ထိခိုက်လိမ့်မယ်" လို့ ပြောပါတယ်။

မွေးမြူရေးသမားတွေအနေနဲ့ နွားတွေကို မဖြစ်မနေ သုတ်သင်ခိုင်းခံရသလို ရောဂါဖြစ်နေတဲ့ နွားကို ရောင်းမရတာကြောင့်လည်း အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။ စားသုံးသူတွေက ရောဂါကို ကြောက်ပြီး ဝယ်ယူဖို့ လက်တွန့်နေကြတယ်လို့လည်း အချို့က ပြောပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ ပြဿနာကတော့ ပြည်တွင်းမှာ ကူးစက်ရောဂါ ပြန့်နေချိန် တိရစ္ဆာန်ထုတ်ကုန်တွေ တင်ပို့မှု ရပ်နားထားရတာ ဖြစ်တယ်လို့ တိ/မွေးကုအသင်းအကြီးအကဲ ကာနီယာဝမ် က ပြောပါတယ်။ နိုင်ငံတွေအနေနဲ့ ရောဂါပါလာမှာ ကြောက်ပြီး အင်ဒိုနီးရှားကုန်စည်တွေ တင်သွင်းဖို့ကို ငြင်းဆိုနေကြမယ်ဆိုရင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံးအပေါ် ထိခိုက်လိမ့်မယ်လို့ သူက ပြောပါတယ်။

ရောဂါကူးစက်မှု ဖြစ်ပြီးနောက်ပိုင်း လယ်သမားတွေဟာ မွေးမြူရေးနဲ့ မဆိုင်တဲ့ သစ်လို ထုတ်ကုန်မျိုးကိုတောင် တင်ပို့ရခက်ခဲလာတယ်လို့ ကြားရကြောင်း ကာနီယာဝမ်က ပြောပါတယ်။

"ဒီရောဂါဟာ လယ်ယာကုန်စည်၊ အလုပ်သမား၊ ယာဉ်ယန္တရားနဲ့ သယ်ယူပို့ဆောင်ရေးတွေကတစ်ဆင့် ကူးစက်နိုင်တယ်။ ဒါဟာ ပို့ကုန်တွေအပေါ် သက်ရောက်နိုင်တာကြောင့် ဒီဗိုင်းရပ်စ် ပေးတဲ့ဒုက္ခဟာ အလွန်တရာ ကျယ်ပြန့်ပါတယ်" လို့ သူက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: ‘Most feared disease’: Indonesian farmers’ foot and mouth misery - Al Jazeera

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်