အမျိုးသမီးများနေ့နဲ့ စိုက်/မွေးနယ်ပယ်က အမျိုးသမီးများရဲ့အခွင့်အရေး

08/03/2023 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အမျိုးသမီးများရဲ့ အခွင့်အရေးအတွက် လှုပ်ရှားမှု၊ ကျားမတန်းတူ ညီမျှမှုရရှိရေး၊ မျိုးဆက်ပြန့်ပွားမှု အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းတို့ အပေါ် အာရုံစိုက်လာမိစေဖို့ ရည်ရွယ်ပြီး နှစ်စဉ် မတ်လ ၈ ရက်နေ့တိုင်းမှာ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ (IWD) ကို ကျင်းပကြပါတယ်။

၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်မှာ အထည်အလိပ်စက်ရုံအလုပ်သမား (အမျိုးသမီးတွေ) ဆန္ဒပြရာကနေ အမျိုးသမီးများနေ့ စတင်ဖြစ်ပေါ်လာတာလို့ ဆိုရမှာပါ။ အဲ့ဒီအချိန်တုန်းက တောင်းဆိုခဲ့တာတွေကတော့ အလုပ်ချိန်တွေကို လျှော့ချပေးဖို့၊ လုပ်ခလစာတွေ တိုးပေးဖို့၊ ကလေး တွေကို အလုပ်ခိုင်းစေတာ ရပ်တန့်ဖို့နဲ့ အမျိုးသမီးတွေ မဲပေးခွင့်ရဖို့ပါ။

အဲ့ဒီဆန္ဒပြမှုနဲ့ဆက်စပ်ပြီးနောက်ပိုင်း ၁၉၀၉ ခုနှစ် မတ်လ ၈ ရက်နေ့ကစလို့ အမေရိကန် ပြည် ထောင်စုမှာ အမျိုးသမီးများနေ့ဆိုပြီး စတင်ဖြစ်ပေါ်ကျင်းပခဲ့ကြတာပါ။ တခြားဥရောပနိုင်ငံတွေမှာ လည်း အမျိုးသမီးများနေ့အဖြစ်သတ်မှတ်ဖို့ဆိုပြီး အမေရိကန်က ဆန္ဒပြအမျိုးသမီးထုကြီးက တွန်းအား ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝန်းမှာ ဆန္ဒမဲပေးခွင့်ကစလို့ ကျား၊ မ တန်းတူအခွင့်အရေးတွေရဖို့ဆိုပြီး လှုပ်ရှားမှုတွေ ကျယ်ပြန့်နေပါပြီ။ ဒီအထဲမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍထဲက အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမြှင့်တင်ရေးဆိုတာကလည်း အရေးကြီးလာပါတယ်။

မိမိတို့လို နိုင်ငံမျိုးမှာတော့ ပိုလို့တောင်အရေးကြီးလာပါတယ်။ ဘာလို့လဲဆိုတော့ စိုက်ပျိုးမွေးမြူရေး ကို ဦးဆောင်လုပ်ကိုင်နိုင်မဲ့အမျိုးသားတွေဟာ စားဝတ်နေရေးဖြေရှင်းဖို့ ပြည်ပနိုင်ငံတွေကို ပိုထွက်သွား ကြတာကြောင့် ဒီနယ်ပယ်မှာ အမျိုးသမီးတွေ မဖြစ်မနေ ပိုမိုပါဝင်လာကြရလို့ပါ။

ဒါပေမဲ့ တစ်ဖက်မှာတော့ အမျိုးသမီးတွေအနေနဲ့ စိုက်/မွေးကဏ္ဍမှာ ထဲထဲဝင်ဝင် ပိုမိုပါဝင်လာခြင်း အားဖြင့် ဝင်ငွေနဲ့ အစားအသောက်တွေကို ကိုယ်တိုင်ဖန်တီးရယူနိုင်တဲ့အကျိုးကျေးဇူးလည်း ရရှိစေနိုင်လာပါတယ်။

အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်စိုက်ခင်းတွေ၊ ကိုယ်ပိုင်မွေးမြူရေးခြံတွေ ပိုင်ဆိုင်မယ်ဆိုရင် နည်းပညာပိုင်းတွေပိုမြင်လာမယ်၊ ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်လာနိုင်မယ်၊ အမှီအခိုကင်းကင်းနဲ့ မိသားစု တွေကို ကျွေးမွေးစောင့်ရှောက်လာနိုင်မယ်၊ ဆင်းရဲမွဲတေမှုကနေ ရုန်းထွက်နိုင်တဲ့အခွင့်အလမ်းတွေ ပိုရလာမယ် စသဖြင့် အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ ဒီလို မိသားစုတနိုင်တပိုင်ကနေ တဆင့် အဖွဲ့အစည်းကြီးတစ်ခုလုံးအထိ အကျိုးပြုမှုတွေက ကျယ်ပြန့်သွားနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာကောင်းတာက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် လုပ်ငန်း တစ်ခုကို စတင်ဖို့ဆို အရင်းအနှီးထုတ်ပေးမဲ့လူမရှိကြတာ၊ ရှိမယ်ဆိုရင်လည်း နည်းပါးတာ၊ လူမှုရေး စံနှုန်းတွေနဲ့ ခွဲခြားတာ၊ ရသင့်ရထိုက်တာထက် လစာကို နည်းနည်းပဲပေးကြတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်တဲ့။

ဒီလို ကျား/မ အခွင့်အရေး တန်းတူမရတာက အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းလမ်းကြောင်းများနဲ့ အခွင့်အရေးများအပေါ် ဆုံးဖြတ်ချက်ချမှုများကို ကန့်သတ်ထားတာမျိုးဖြစ်တာကြောင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနဲ့ ကျေးလက်နေပြည်သူတွေကို အတားအဆီးတွေဖြစ်ပေါ်စေနေတာလည်း ဖြစ်ပါတယ်။

 ဆင်းရဲတဲ့အခြေအနေနဲ့ နေထိုင်နေရသူ ၁.၃ ဘီလီယံရဲ့ ၇၀% က အမျိုးသမီးတွေပါလို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အချို့က ဆိုထားပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေကလည်း အမျိုးသား၊ အမျိုးသမီး အချိုးမညီမျှမှုတွေမှာ သက်ရောက်မှုရှိနေပြီး ဒီကိန်းဂဏန်းတွေက ပိုတိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဆိုတော့ အထွေထွေဆိုးကျိုးတွေရဲ့သက်ရောက်မှုကို အမျိုးသမီးတွေက ပိုခံနေရတယ်ဆို တဲ့သဘောမျိုးဖြစ်နေပါတယ်။

တကယ်တော့ စားနိပ်ရိက္ခာ ထုတ်လုပ်ခြင်း၊ ဖူလုံစေခြင်း၊ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းနဲ့ ရာသီဥတုကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ခြင်းစတဲ့ နေရာတော်တော်များများမှာ အမျိုးသမီးတွေ ပါဝင်နေရတာပါ။ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်တွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာဆိုရင် အမျိုးသမီးလုပ်သားကတောင် ပိုများနေတယ်လို့ အချက်အလက်တချို့က ဆိုပါတယ်။

ဒါပေမဲ့ ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲ၊ သွင်းအားစု၊ ဈေးကွက်၊ နည်းပညာ စတဲ့ အပျက်သဘော ဆောင်တဲ့ သတ်မှတ်ချက်တွေကြောင့် နိုင်ငံအများစုမှာ အမျိုးသမီးတွေဟာ မြေယာပိုင်ဆိုင်မှုနှုန်းရဲ့ ၁၀% အောက်ကိုသာ ပိုင်ဆိုင်ကြပါတယ်တဲ့။ ဆိုတော့ မမျှတတဲ့အခြေအနေတစ်ခုဖြစ်နေဆဲလို့ ဆိုနိုင်ပါတယ်။

ဆိုတော့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးမှာ တကယ့်ကိုအရေးပါတာဝန်ယူနေတဲ့ အမျိုးသမီးတွေကို ဒီနေ့ ကျရောက်တဲ့ အမျိုးသမီးများနေ့ကစပြီး အမျိုးသားတွေနဲ့တန်းတူ အခွင့်အရေးတွေပေးရင်း၊ နည်းပညာတွေတိုးတက်အောင် မြှင့်တင်ပေးခြင်းများဖြင့် စိုက်မွေးနယ်ပယ်က နိုင်သလောက်အားနဲ့ စွမ်း ဆောင်နေကြတဲ့ အမျိုးသမီးတွေကို ဖေးမကူညီကြဖို့ တိုက်တွန်းပါရစေရှင့်။ ဘယ်သူ အရင် စမလဲ...မေးမနေပါနဲ့။ ကိုယ်ကိုယ်တိုင်ကနေပဲ အရင်စလိုက်ကြရအောင်ပါ။

ပြီးတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ချစ်ရတဲ့အမျိုးသမီးတွေကို ချစ်ခင်ကြောင်း ပြသဖို့ အတွက် ပန်းလေးတွေ လက်ဆောင်ပေးဖို့လည်း မမေ့ပါနဲ့ဦးလို့ တိုက်တွန်းပါရစေနော်။

အမျိုးသမီးတွေကို ဂုဏ်ပြုနေတော့ အမျိုးသားများနေ့ရော မရှိဘူးလားလို့ မေးလာခဲ့ရင်.. ရှိပါတယ် နိုဝင်ဘာလ ၁၉ ရက်နေ့ပါရှင့်။

Ref: https://bountifield.org/international-womens-day-2022/

https://www.genevaenvironmentnetwork.org/resources/updates/gender-and-the-environment/

https://www.bbc.com/news/world-64723201

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်