ဂျယ်လီငါးမှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူး

23/05/2024 13:53 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေခူဟူ၍ လူသိများသော ဂျယ်လီငါးများကို ပင်လယ်သမုဒ္ဒရာရေပြင်တိုင်းတွင် တွေ့နိုင်ပါသည်။ အပူပိုင်းဒေသ ရေပြင်တွင်ဖြစ်စေ၊အာတိတ်ဒေသ ရေပြင်တွင်ဖြစ်စေ ဂျယ်လီငါးများသည် ရှင်သန်နိုင် ကြသည်။ ဂျယ်လီငါးများသည် ကျောရိုးမပါရှိကြသလို ဦးနှောက်၊အသဲနှလုံးနှင့် မျက်လုံးများလည်း မပါ ရှိကြပေ။ ထို့ကြောင့် ဂျယ်လီငါး(ခေါ်)ရေခူများသည် ပျော့ပျောင်းသောခန္ဓာကိုယ်ရှိသည့် ကျောရိုးမဲ့

ရေသတ္တဝါအုပ်စုဝင် zooplankton များဖြစ်ကြသည်။ zooplankton(အကောင်မျှောလှေး)ဖြစ်သော Jellyfish များမှာ ရေစီးကြောင်းနှင့် အတူမျောပါနေထိုင်ကြပြီး အနည်းငယ် ကူးခတ်သွားလာနိုင်စွမ်းလည်း ရှိကြပါသည်။ 

ဂျယ်လီငါး(ခေါ်)ရေခူများ၏ ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်းကို ရေများနှင့် ဖွဲ့စည်းထားပြီး ကျန်ရှိသည့် ၅ ရာခိုင်နှုန်းမှာ ပရိုတင်း၊ကြွက်သားနှင့် နာ့ဗ်ဆဲလ်များ ပါဝင်ပါသည်။ဂျယ်လီငါးဟု ဆိုသော်ငြား ငါးအမျိုး

အစားထဲတွင် မပါဝင်ပေ။ငါးများမှာ ကျောရိုးရှိသော သတ္တဝါများဖြစ်ပြီး ရေထဲတွင် ပါးဟက်နှင့် အသက်ရှူကြသည်။ဂျယ်လီငါးများမှာမူ ကျောရိုးမဲ့ရေသတ္တဝါများ ဖြစ်ကြပြီး နောက်ကျောရိုးမပါဘဲ အောက်ဆီဂျင်ကို အမြှေးပါးများမှတဆင့် စုပ်ယူပါသည်။

ဂျယ်လီငါးများသည် ၄င်းတို့၏အစာအဖြစ် ရေသတ္တဝါများကို စားသောက်တတ်ကြပါသည်။ အထူးသဖြင့် အပင်ငယ်လေးများ၊ပုစွန်ဆိတ်နှင့် ငါးများကို ဖမ်းယူစားသောက်လေ့ရှိကြသည်။ အချို့ဂျယ်လီငါးများသည် ကိုယ်ပိုင်အလင်းရောင် လွှတ်ထုတ်နိုင်ပါသည်။

မြန်မာ့ဒေသထွက် ရေခူ(သို့မဟုတ်)ဂျယ်လီငါး

ရေခူကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရေငန်ပိုင်းနှင့် ပင်လယ်ကျယ်များတွင် ရေပေါ်၌ ပေါ်လေ့ရှိ ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရေခူများကို မြိတ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတို့တွင် တွေ့ရများပါသည်။ ရခိုင်ကမ်းရိုးတန်းတွင် ဧပြီလမှ ဇူလိုင်လအထိ ပင်လယ်ပြင်အတွင်း ရေငန်ပါဝင်မှုနှုန်း မြင့်မားလေ့ရှိသဖြင့် ထိုကာလ၌ ပင်လယ်ရေခူပေါ်ချိန်ဖြစ်ကြောင်းသိရသည်။ ဒေသခံရေလုပ်ငန်းရှင်များမှာ ၎င်းရေခူများအား ဆယ်ယူကာ ၁၀ ပေခန့်ရှိသော ကန်များတွင် ထည့်စိမ်ပြီး အဆင့်ဆင့် အသင့်စားသုံးနိုင်သည်အထိ ပြုလုပ်ကြကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းနှင့်မြိတ်ဒေသမှ ထွက်ရှိသော ပင်လယ်ရေခူသည် မြန်မာ့ ဈေးကွက်တွင် သာမက နိုင်ငံခြား ဈေးကွက်ထိပါ မျက်နှာပန်းလှလျက်ရှိသော ရေထွက်ပစ္စည်းတစ်မျိုး ဖြစ်သည်။ ရေခူဖမ်းရာတွင် ချိတ် တစ်ချောင်း၊ လှေတစ်စင်းရှိရုံဖြင့် ဖမ်းဆီးနိုင်သည်ဖြစ်ရာ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များသောကြောင့် ရေခူဖမ်းဆီးမှုကို ရေလုပ်သားများ အလွန်သဘောကျကြသည်။

ရေခူအမျိုးအစားများ

မြန်မာနိုင်ငံတွင် ဒေသအခေါ်အရ ရေခူအမျိုးအစားများစွာ ရှိကြသည်။ရေခူတွင် စားခူ ၊ခူနီ၊ ခူဝက်ခေါက်၊ ခူမီး(ခ)ခူမီးတောက်များ အမျိုးမျိုးရှိပြီး လူတို့စားသုံးရသောရေခူသည် စားခူဖြစ်ကြောင်း သိရှိရသည်။ ခူနီ၊ ခူဝက်ခေါက်တို့သည် လူတို့အတွက် အသုံးမဝင်ဘဲ ခူမီး(ခ)ခူမီးတောက်များကို လက်ဖြင့်ကိုင်တွယ်မိပါက မီးကဲ့သို့ ပူလောင်ခြင်း၊ယားယံခြင်းများ ဖြစ်စေနိုင်ပြီး အန္တရာယ်ရှိကြောင်း ခူလုပ်သားတစ်ဦးထံမှ သိရသည်။ စားခူကို ဖေဖော်ဝါရီ၊မတ်နှင့် ဧပြီလများတွင် အများဆုံးရရှိကြပြီး ၄င်းရေခူများသည် ရေပေါ်တွင် ပေါလောမျောနေချိန်တွင် သံချိတ်ဖြင့် ချိတ်ယူဖမ်းဆီးရသည်။ရေခူကို ရေဆုတ်ပတ်တွင် အများဆုံး ဖမ်းယူရရှိပြီး စားခူတစ်ကောင်လျှင် ၄ ပိဿာမှ ၅ပိဿာခန့်ရှိပြီးခြေ၊လက်များဖြတ်တောက်၍ ကိုယ်ထည်ပိုင်းကို ဆားကြမ်း၊ဆိုဒါမှုန့်၊ ကျောက်မှုန့်များ အချိုးကျရောစပ်ကာ ပထမတန်းတွင် ၃ရက်ခန့် စိမ်ထားရသည်။၃ရက်ပြည့်လျှင့် ပြန်ဆယ်ယူပြီး ရေငန်နှင့် ဆေးကြော၍ ဒုတိယတန်းတွင် ဆားကြမ်း ဖြင့် ၃ရက်ခန့်ပြန်လည်စိမ်ထားရာမှ တတိယတန်းသို့ ပြောင်းလဲရေစစ်ရပြီး နောက်ဆုံးရောင်းတန်းဝင် အဆင့်ထိ ထားရှိရကြောင်းသိရှိရသည်။

စားခူ ၁ပိဿာလျှင် ယခင်က ကျပ် ၃၅၀၀ မှ ၄၀၀၀ အထိရှိပြီး ယခုကာလတွင် ၁ပိဿာကို ကျပ် ၆၅၀၀ အထိ စျေးမြင့်နေပြီး ရေခူကို ကြက်သွန်ကြော်၊ခရမ်းချဥ်သီး၊မြေပဲဆံ၊နံနံပင်များထည့်ကာ သုပ်စားရသော ကမ်းရိုးတန်းဒေသထွက်ဟင်းတမယ်ဖြစ်ကြောင်း သိရှိရသည်။ 

မြိတ်ကျွန်းစုနှင့်ရခိုင်ကမ်းရိုးတန်းတစ်ဝိုက်တွင် တွေ့ရှိရသော ရေခူအမျိုးအစားမှာလည်း များပြားလှသည်။ ရေနွေးဖျောရုံနှင့် တို့စရာအဖြစ် စားသုံးရသော စိမ်းစားခူခေါ် ခူဖန်ခွက်၊ တရုတ်ကာကွေးမုန့်နှင့် အလွန်တူသော ခူကာကွေး၊ အညိုရောင်ခေါင်းတွင် ရောင်စုံ အစက်အပြောက်များ ပါရှိသော ခူညို၊ ၎င်းကဲ့သို့ အနီရောင်ခေါင်းနှင့် ခူနီ၊ မုန့်ဖလောင်း (မုန့်လက်ဆောင်း) ကောင်လေးများနှင့် အလွန်တူသော ခူဖလောင်း၊ ခူမျှော့၊ ခေါင်းပိုင်း ပျော့တွဲတွဲနှင့် အမြီးရှည်လျား စေးပျစ်ပြီး ပိုက်တန်းများကို ဝင်တိုးမိလျှင် ရှင်းထုတ်၍ မကုန်နိုင်လောက်အောင် စေးကပ်လှသောကြောင့် ရေလုပ်သားများ အလွန်စိတ်ညစ်ကြရသည့် ခူထမင်းပြုတ် စသည်ဖြင့် အမျိုးအမည် များပြား လှသည်။

အန္တရာယ်ပေးနိုင်သော ရေခူများ

အမျိုးအမည်များပြားလှသော ရေခူများထဲတွင် ရေလုပ်သားများအား အန္တရာယ်ပေးနိုင်သော အဆိပ်အတောက် ပြင်းသည့် ရေခူနှစ်မျိုးမှာ ခူထောင်း နှင့် ခူမီး ခေါ် ခူမီးတောက် တို့ဖြစ်သည်။ ခူထောင်း ၏ ခေါင်းပိုင်းသည် ပန်ကန်းလုံးကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရှည်လျားသည့် အမြီးတန်း ပါရှိသည်။ အကြီးဆုံး အရွယ်အစားမှာ လက်သီးဆုပ်ခန့်ရှိ၍ အမြီးမှာ နှစ်တောင်မှ သုံးတောင်ခန့် အထိ ရှိသည်။ ထိုခူထောင်း၏ ခေါင်းပိုင်းနှင့် ထိ၍ မည်သို့မျှ မဖြစ်သော်လည်း အဆိပ်ရှိသည့် အပြီးပိုင်းနှင့် ထိလျှင်မူ မခံမရပ်နိုင်လောက်အောင် ဆိုးဝါးသော ယားယံမှုကို ခံစားရသည်။

အချိန်မီ မကုသလျှင် သုံးနာရီမှ ခြောက်နာရီလောက် အထိ ယားယံနေတတ်ပြီး နှစ်ရက်အကြာ ထိုနေရာမှ အနာများ ပေါက်လာတတ်သည်။ ထိုအနာများအား ကုသရန် ခက်ခဲ၍ ပျောက်ကင်းသွား သည့်တိုင် အမာရွတ်နေရာများသည် မူလ အရေပြားအတိုင်း ပြန်လည် မချောမွေ့တော့ပါ။

ခူထောင်း၏ အမြီး၊ သို့မဟုတ် အမြီးမျှ ထွက်သော အရည်သည် မျက်လုံးထဲသို့ဝင်ပါက အလွန်ဆိုးဝါးသည့် ဝေဒနာကို ခံစားရမည် ဖြစ်ပြီး မိနစ်သုံးဆယ်အတွင် ကြံရည်ဖြင့် မျက်လုံးကို မဆေးကြောလျှင် မျက်လုံးကန်မည် ဖြစ်သည်။

ခူထောင်းထက် ပိုအန္တရာယ်ကြီးသည်မှာ ခူမီး ခေါ် ခူမီးတောက် ဖြစ်သည်။ ခူမီး၏ ဦးခေါင်းသည် ရှစ်မြောက် ဖန်ခွက်ပုံသဏ္ဍန် ရှိတတ်သလို ဘောလုံးကဲ့သို့ လုံးဝန်သော ပုံသဏ္ဌာန်လည်း ရှိသည်။ အရွယ်အစားမှာ အထက်ဖော်ပြပါ ခူထောင်းခန့်သာ ရှိသော်လည်း အမြီးတန်းမှာ တစ်လံကျော်သည်အထိ ရှည်လျား တတ်သည်။ ခူမီးသည် ရှစ်မြောက်ခွက်ပုံ ကြည်လင်သော ဦးခေါင်း၊ ငါးမြီးခွပုံခြေနှင့် ထိုမှထွက်သော ပန်းနုရောင် အမြီးတန်း ရှစ်ပင်ဖြင့် လွန်စွာလှပပေသည်။ ထိုကဲ့သို့ လှပသလောက် အန္တရာယ်လည်း အလွန်များသည်။

ခူမီး၏ အမြီးတန်းနှင့် ရစ်ပတ်ခြင်း ခံရပါက ယားယံခြင်းအပြင် ဆိုးဝါးသော ပူလောင်မှုကိုပါ ခံစားရမည် ဖြစ်သည်။ ထိုနောက် မီးလောင်သကဲ့သို့ အဖုအပိန့်များ ပေါက်၍ ထိုမှ တဆင့် အနာဖြစ်ကာ ယင်းအနာမှ တဆင့် ကြွက်သားများ ပျက်စီးခြင်း၊ အကြောများ ရှုံတွ၍ လက်ချောင်း ခြေချောင်းများ ကွေးကောက်ခြင်း စသည်ဖြင့် ခံစားရမည် ဖြစ်သည်။ 

အဆိပ်အပြင်းဆုံးရေခူမှာ ဆံပင်ချည်များကဲ့သို့ အမျှင်ငယ်လေးများစွာ သွယ်တန်းလျက်ရှိပြီး ရေပြင်တွင် အလွယ်တကူ မမြင်နိုင်သည့်အတွက် ခန္ဓာကိုယ်၏ မွေးညင်းပေါက်ရှိသည့်နေရာတွင် ထိမိသည်ဆိုရုံမျှဖြင့် အဆိပ်တက်တော့၏။ သေလုမတတ် အခံရခက်၏။ ရေခူများ၏ စိမ်းလဲ့လဲ့

အရောင်ရှိသော အဆိပ်မှာ ကျောက်ချဥ်နှင့် စိမ်လျှင် ပျောက်၏။ တံငါဆေးမြီးတိုအနေဖြင့် ရေခူထိလျှင် အုန်းစိမ်းရေသောက်၊ စအိုဝမီးမြိုက်လျှင် လက်တွေ့သက်သာသည် ဟုဆို၏။ထို့ပြင် ရေခူများ၏လက်တံများနှင့် ရစ်ပတ်မိ၍ အဆိပ်မိသောအခါ ဒဏ်ရာဖြစ်သည့်နေရာကို ကျင်ငယ်ရေဖြန်းပေးရလျှင် အနာသက်သာသည်ဆိုပြီး ယူဆကြပါသည်။ ထိုအယူအဆများသည် လုံးဝ မဟုတ်ကြပေ။အဓိကလုပ် ရမည်မှာ အသားထဲနစ်ဝင်နေသော ရေခူများ၏ လက်တံများကို ဇာဂနာနှင့် ဂရုတစိုက်ဖယ်ရှားပြီး အနာ ကို ရေနွေးနွေးထဲတွင် စိမ်ပေးရမည်ဖြစ်သည်။အကယ်၍ အခြေအနေဆိုးမည်ဆိုလျှင် နီးစပ်ရာဆေးရုံ ဆေးခန်းများဆီသို့ အမြန်ဆုံးသွားရောက်ပြသသင့်သည်ဟု ဆိုသည်။

ရေခူများသည် ကျောက်ဆောင်များတွင်လည်း တွယ်ကပ်နေလေ့ ရှိကြသည်။ရေခူ(ခေါ်)ဂျယ်လီငါးမျိုးစိတ်များတွင် သြစတေးလျနှင့် အင်ဒို-ပစိဖတ်ဒေသတစ်လွှားတွင် တွေ့ရတတ်သော box Jellyfish သည် အလွန်အဆိပ်ပြင်းပါသည်။ Box Jellyfish များ၏ လက်တံများသည် အဆိပ်များနှင့် ပြည့်နေသောမြှားများနှင့် တူပါသည်။ ၄င်းဂျယ်လီငါး၏ အဆိပ်မိခဲ့လျှင် ချက်ချင်း နှလုံးရပ်ခြင်း(သို့မဟုတ်) မိနစ်ပိုင်းအတွင်း သေဆုံးခြင်းမျိုး ဖြစ်နိုင်ပါသည်။ 

ထာဝရမသေဘဲ ရှင်သန်နိုင်သောရေခူ

ကမ္ဘာပေါ်တွင် ရေခူ (Jellyfish) မျိုးစိတ်ပေါင်း (၃) သိန်းကျော်ခန့်ရှိသည်ဟု သိရပါသည်။ရေခူအမျိုးအစားများစွာရှိသည့်အနက် မျိုးစိတ်တစ်မျိုးမှာ မသေဆုံးနိုင်ဘူးဟု သိရပါသည်။ Turritopsis Dohrnii ဟုအမည်ရသည့် ရေခူသည် အသက်ကြီးလာသောအခါ ပင်လယ်ကြမ်းပြင်ဆီသို့ အခြေချပြီး မှိုနှင့် အလားသဏ္ဍာန်တူသော တစ်ရှူးအသားစလေးများအဖြစ် ပြောင်းလဲသွားပါသည်။တဖန် အဆိုပါ တစ်ရှူးအသားစလေးများမှ ဂျယ်လီငါး(ခေါ်)ရေခူ ပြန်ဖြစ်လာခြင်းဖြစ်သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် အဆိုပါဖြစ်စဥ်ကို  လုံးဝမသေဘဲ ထာဝရအသက်ရှင်နိုင်သည်ဟု ယူဆခဲ့ကြပါသည်။

ရေခူစားဖွယ်စုံ

ရေခူ(Jellyfish)မျိုးစိတ်(၂၅)မျိုးခန့်မှာ စား၍ရသော ပင်လယ်စာများဖြစ်ပြီး ရေခူအချိုသုပ်၊ အစပ်သုပ် သုပ်စားကြပါသည်။ အများအားဖြင့် အစိုထက် အခြောက်ကို သုပ်စားခြင်းဖြင့် အထူးနှစ်သက်ကြပေသည်။ ဒေသတွင်လည်း ငါးဖန်ခွက်ဟု လူသိများလှသော ရေခူမျိုးမှာ အဆိပ်ရှိသော်လည်း အလွန်စားကောင်းလှပေသည်။ ရေခူသုပ်မှာစားရတာ ထုတ်ထုတ်အိအိလေးနှင့် အရသာရှိလှပါသည်။ ထမင်းဖြင့်စားစား၊ ဒီတိုင်းစားစား အဆင်ပြေစေသည့် စားစရာဖြစ်သည်။ ရေခူများမှာ ဈေးလည်းသင့်ပါသည်။

ထားဝယ်၊မောင်းမကန်ကမ်းခြေတွင်စားခဲ့ဖူးသည့် ရေခူသုပ်မှာ ရေခူ၊ ကြက်သွန်ဖြူ / နီ၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ပုစွန်ခြောက်၊ သံပုရာရည်၊ ဟင်းခတ်မှုန့်၊ ရှောက်ရွက်၊ ဆီအနည်းငယ်ဖြင့် သုပ်ထားသည့် ထားဝယ်ရေခူသုပ်မှာစား၍ အလွန်အရသာရှိပြီး ခံတွင်းတွေ့လှပါသည်။ ရေခူကို ရိုးရိုးရေဖြင့်စိမ်ထားပြီးလျှင် အငန်ဓါတ်များ ထွက်သွားအောင်ပွတ်ဆေးရပြီး ရေကြည်သွားလျှင် ဒယ်အိုးထဲ အပူပေးရပါသည်။ ပြီးမှ သုပ်စားကြပါသည်။

ရေခူစားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

အာရှနိုင်ငံအချို့တွင် ရေခူစားသုံးခြင်းဖြင့် သွေးတိုးခြင်း၊အဆစ်အမြစ်ရောင်ခြင်း၊အရိုးနာကျင်ခြင်း၊ အနာနှင့် အစာခြေပြဿနာများကို ကုသရာတွင် ကူညီပေးခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။ရေခူခြောက်တစ်ခွက်(၅၈)ဂရမ်ခန့်တွင်-

• ကယ်လိုရီ - ၂၁ ယူနစ်

• ပရိုတင်း - ၃ ဂရမ်

• အဆီ- ၁ ဂရမ်

• ဆီလီနီယမ်- တစ်နေ့တာလိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်း

• ကိုလင်း(Choline)-တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း

• သံ(Iron)-တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်းတို့ ပါဝင်သည်။

ရေခူစားသုံးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။

၁။ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ရေခူတွင် အဆီပါဝင်မှုနည်းသော်လည်း ၄င်းတွင်ရှိသော အဆီတစ်ဝက်ခန့်သည် အစားအသောက်များတွင် မရှိမဖြစ်လိုအပ်သော အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်များအပါအဝင် polyunsaturated fatty acids(PUFAs) မှ ရရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။အထူးသဖြင့် PUFAs နှင့် Omega-3 fatty acid များသည် ပြည့်ဝဆီများအစား စားသုံးသောအခါတွင် နှလုံးသွေးကြောဆိုင်ရာဖြစ်နိုင်ခြေကို လျော့ကျစေခြင်းနှင့် ဆက်စပ်မှုရှိသည်။

၂။ နာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

စားသုံးနိုင်သောရေခူအမျိုးအစားများစွာတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဒြပ်ပေါင်းများ ဖြစ်သည့် polyphenols မြင့်မားစွာပါဝင်ကြောင်း လေ့လာမှုများက ဖော်ပြခဲ့သည်။ပိုလီဖီနောကြွယ်ဝ သောအစားအစာများကို ပုံမှန်စားသုံးခြင်းသည် ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး နှလုံးရောဂါ၊ အမျိုးအစား-၂ ဆီးချိုရောဂါနှင့် ကင်ဆာအပါအဝင် နာတာရှည်ရောဂါများစွာကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။

၃။ ဆယ်လီနီယမ်ဓာတ် ကြွယ်ဝခြင်း

 jellyfish (ခေါ်) ရေခူသည် ဆယ်လီနီယမ်၏ အလွန်ကောင်းမွန်သော အရင်းအမြစ်ဖြစ်ပြီး ခန္ဓာကိုယ်တွင်းအရေးကြီးသောလုပ်ငန်းစဥ်များစွာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး မရှိမဖြစ် လိုအပ်သောသတ္တုဓာတ် ဖြစ်သည်။ ထို့ပြင် ရေခူတွင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ(Antioxidants)များ ပါဝင်ပြီး ခန္ဓာကိုယ်ရှိဆဲလ်များကို ဓာတ်တိုးမှုဖိအားမှ ကာကွယ်ပေးပါသည်။

 ထို့ကြောင့် ဆီလီနီယမ်ကို လုံလောက်စွာ စားသုံးခြင်းသည် နှလုံးရောဂါ၊အချို့သော ကင်ဆာပုံစံများနှင့် အယ်လ်ဇိုင်းမားရောဂါ အပါအဝင် ရောဂါများဖြစ်နိုင်ခြေ လျှော့ချခြင်းနှင့် ဆက်စပ်နေသည်။ ထို့ပြင် ဆီလီနီယမ်သည် ဇီဝဖြစ်ပျက်မှုနှင့် သိုင်းရွိုက်လုပ်ဆောင်ချက်အတွက် အရေးကြီးသည်။ ရေခူသည် ဤအရေးကြီးသောသတ္တုဓာတ်များ ကြွယ်ဝသော်လည်း ရေခူစားသုံးခြင်း၏ အကျိုးကျေးဇူးများ ကို သုတေသနပြုရန်လိုအပ်ပါသေးသည်။

၄။ ကိုလင်း(Choline)ပါဝင်မှု မြင့်မားခြင်း

 Choline သည်ခန္ဓာကိုယ်ကနေ မရှိမဖြစ်လိုအပ်သော အာဟာရတစ်မျိုးဖြစ်သည်။ရေခူခြော က် ၁၀ခွက် (၁)ဂရမ်တွင် နေ့စဥ် choline တန်ဖိုး၏ ၅၈% ကို တွေ့ရှိသောကြောင့် ၄င်းသည် အရင်းအ မြစ်ကောင်းတစ်ခုဟု ယူဆပါသည်။

Choline သည် DNA ပေါင်းစပ်မှု၊အာရုံကြောစနစ်ကို ပံ့ပိုးမှု၊ဆဲလ်အမြှေးပါးအတွက် အဆီထုတ်လုပ်မှု၊ အဆီသယ်ယူပို့ဆောင်ရေးနှင့် ဇီဝဖြစ်ပျက်မှုအပါအဝင် ခန္ဓာကိုယ်တွင်း အရေးကြီးသော လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်ပေးသည်။

ပိုမိုကောင်းမွန်သော မှတ်ဉာဏ်နှင့်လုပ်ဆောင်ခြင်းအပါအဝင် ပိုမိုကောင်းမွန်သော ဦးနှောက်လုပ်ဆောင်ချက်နှင့်လည်း ဆက်စပ်မှုရှိသည်။စိုးရိမ်ပူပန်မှု လက္ခဏာများကိုပါ လျှော့ချပေးနိုင်ပါသည်။

၅။ ကော်လဂျင်ဓာတ် ကြွယ်ဝခြင်း

ရေခူတွင် ကုထုံးဆိုင်ရာအကျိုးကျေးဇူးကို ဖြစ်စေသော colllagen ဓာတ် ကြွယ်ဝစွာပါရှိသည်။ Collagen ကို အမျှင်တစ်ရှူးများဖြစ်သော အရေပြား၊ အရွတ်နှင့် အရိုးများ၊ သွေးကြောများ၊ မျက်ကြည်လွှာနှင့် အူထဲတွင် တွေ့ရတတ်ပါသည်။

Collagen သည် သွေးကြောများသန်မာစေရေး၊သွေးဖိအားကို လျော့ကျစေခြင်း၊ အရေပြားကျုံ့နိုင်စွမ်းအားရှိစေရေးနှင့် အားအင်ပြည့်စေရန်အတွက် အရေးကြီးပါသည်။ Collagen နည်းပါးခြင်းသည် အရေးအကြောင်းများ ဖြစ်ပွားစေသည့်အပြင် အခြားအရေပြားပြဿနာများကိုလည်း ဖြစ်စေတတ်ပါသည်။ထို့ကြောင့် Collagen သည် အသက်ကြီးသောလူများတွင် ၄င်းတို့၏အရေပြားကို ကုသပေးသောဂုဏ်သတ္တိကြောင့် ထင်ရှားသော ဖြည့်စွက်သုံးပစ္စည်းတစ်ခုဖြစ်ပါသည်။

တိရစ္ဆာန်များ၏ နောက်ထပ်လေ့လာမှုများအရ ရေခူကော်လဂျင်သည် အရေပြားဆဲလ်များကို နေရောင်မထိခိုက်စေရန်၊ ဒဏ်ရာများကို ပိုမိုကောင်းမွန်စေပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကုသရာ တွင် ကူညီပေးကြောင်း ပြသခဲ့သည်။ သို့သော် ဤအကျိုးသက်ရောက်မှုများကို လူသားများတွင် လေ့လာမှု မပြုလုပ်ရသေးပါ။

ဂျယ်လီငါး(ခေါ်)ရေခူများသည် ကယ်လိုရီနည်းပါးသော်လည်း ပရိုတင်း၊ဓာတ်တိုးဆန့်ကျင် ပစ္စည်းနှင့် သတ္တုဓာတ်များစွာ အထူးသဖြင့် choline နှင့် ဆီလီနီယမ်တို့ မြင့်မားသည်။တိရစ္ဆာန်များကို လေ့လာမှုများအရ ရေခူကော်လဂျင်သည် သွေးဖိအားကို လျှော့ချခြင်း အပါအဝင် ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သည်ဟု အကြံပြုသော်လည်း လူသားများကိုလေ့လာမှုမှာ အားနည်းနေပါ​သေးသည်။

ဖြစ်နိုင်​ခြေရှိသော ကျန်းမာရေးအန္တရာယ်များ            

ရေခူမျိုးစိတ်အနည်းငယ်သာ လူတို့စားသုံးရန် ဘေးကင်းကြောင်း အသိအမှတ်ပြုထားသည်။ သို့သော် စားသုံးရန်သင့်တော်သော ရေခူမျိုးစိတ်အနည်းငယ်သည် လူအများစုအတွက် ဘေးကင်းသော် လည်း  အချို့လူများမှာ ချက်ပြုတ်ထားသော ရေခူကို စားပြီးနောက် ခန္ဓာငါးပါးဓာတ်မတည့်မှုကို ခံစား ရပြီးနောက် ပင်လယ်စာရေခူနှင့် ဓာတ်မတည့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ဘက်တီးရီးယား(သို့မဟုတ်) အခြားအန္တရာယ်ရှိသော ရောဂါပိုးများမှ အစာအဆိပ်သင့်နိုင်ခြေကို လျှော့ချရန် ရေခူကိုချက်ပြုတ်ရာတွင် သန့်ရှင်းမှုကို အထူးဂရုစိုက်၍ ကိုင်တွယ်ချက်ပြုတ်ရမည်။ 

အချုပ်အားဖြင့် ဆိုရသော်-

 ရေခူဟုလူသိများသော ပျော့ပျောင်းသောခန္ဓာကိုယ်ရှိသည့် ကျောရိုးမဲ့ရေသတ္တဝါ ဂျယ်လီငါး (Jellyfish) များမှာ ထူးခြားသော သဘာဝတရားများနှင့် ပြည့်နှက်နေသည့်ရေသတ္တဝါဖြစ်ပြီး ကျန်းမာရေးအတွက်စားပေးသင့်သော ပင်လယ်စာများတွင် ပါဝင်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်