အရသာထူးတဲ့….ကဘီလူး

05/09/2021 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးကြီးငါးကောင်းများဖြစ်ကြသော ကသမျှင်၊ ကသပါင်း၊ ကက်ကူရံ စသည့် ‘ကကြီး’ (၁၁) မျိုးငါးများတွင် "ကဘီလူးငါး" သည်လည်း တစ်မျိုးအပါအဝင် ဖြစ်ပေသည်။

     ကဘီလူးငါးမှာ ခေါင်းသေး၍ မျက်လုံးပြူးကာ နှုတ်ခမ်းပါးလွှာသော အကြေးခွံပါ ရေချိုရေငန်စပ် ငါးတစ်မျိုးဖြစ်သည်။ ရေစပ်တွင်နေ၍ မြစ်ကိုဆန်တက်သော ငါးမျိုးစိတ်လည်းဖြစ်သည်။

     ကဘီလူးငါးမှာ ငါးဇင်ငါးနှင့်မျိုးနွယ်တူဖြစ်ပြီး ရေပေါ်ကူး၊ ရေပေါ်ရေလွှာနေ (pelagic fish) များဖြစ်ကြပြီး အကြေးခွံမှာ ငွေမှင်ရောင်တောက်ပကြသည်။ ကမ္ဘာအနှံ့အပြားရှိ အပူပိုင်းနှင့် အပူပိုင်းလျော့ပိုင်းဒေသရှိ ကမ်းရိုးတန်းရေပြင်တို့တွင် တွေ့ရှိရပါသည်။

    ကဘီလူးငါး၏ခန္ဓာကိုယ်အရွယ်အစားမှာ ပုံမှန်အားဖြင့် (30-35) cmရှိကြသည်။ အမြင့်ဆုံးအလျှားမှာ (100) cmခန့်ရှိပြီး အလေးချိန်အားဖြင့် (8) kg ထိရှိကြသည်။

    ကဘီလူးကို ရခိုင်လို “ငါးကင်ကျိုင်း (သို့) ငါးကန်သား”ဟု ခေါ်ဆိုကြပါသည်။ အမေရိကန်ငါးလုပ်ငန်းအသင်းအခေါ်အဝေါ်မှာ ”Flathead Mullet”၊ “Striped Mullet “ဟု သိရပြီး အခြားနိုင်ငံအခေါ်အဝေါ်များမှာ” black mullet,bully mullet, commonmullet, grey mullet, sea mullet and mullet ဟူ၍စသဖြင့် ခေါ်ဝေါ်ကြပါသည်။

     မြန်မာလို ခေါ်ဝေါ်သုံးစွဲနေကြသော “ကဘီလူး”မှာ မွန်ဝေါဟာရဖြစ်ပြီး မွန်ဘာသာစကားအရ 'က' ဆိုသည်မှာ “ငါး”ဟု အဓိပါယ်ရပြီး မြန်မာဝေါဟာရ“ဘီလူး”နှင့်ပေါင်းစပ်ကာ “ကဘီလူး” ဟု ခေါ်ဆိုကြကြောင်း မွန်စာပေများတွင် ဖတ်မှတ်ခဲ့ရဖူးပါသည်။ 

     ကဘီလူးငါးမှာ ရေငန်နှုန်းအတက် အကျကို ခံနိုင်ရည်ရှိသောငါးဖြစ်ပြီး အခြားငါးမျိုးစိတ်များကဲ့သို့ ရေအောက်တွင် ကြာရှည်မနေကြဘဲ ရေပြင်ထက်သို့ ခေါင်းဖော်၍ ကူးခတ်သွားလာတတ်ကြသည်။ ပင်လယ်ဒီရေတက်လာချိန်၌ ဒီရေနှင့်အတူ မြစ်တွင်းသို့ အုပ်သင်းဖွဲ့၍ ဝင်ရောက်လာတတ်ကြပြီး ပင်လယ်ပိုင်းတွင် မျိုးပွားသားပေါက်ကြသည်။ ပင်လယ်မှာပေါက်ဖွားကြပြီး မြစ်တွင်းသို့ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လာကြပါသည်။

     ကဘီလူးငါးများမှာ အစုံစား (Omnivorous) များဖြစ်ကြပြီး အကောင်မျှောလှေး (zooplankton)၊ ရေညှိရေမှော် (algae)၊ အခွံမာရေသတ္တဝါငယ်လေး (small crustaceans)၊ ခြင်သားလောင်း (mosquito larvae) စသည်တို့ကို သူတို့၏အစာအဖြစ် စားလေ့ရှိကြသည်။ 

     ကဘီလူးငါးမှာ အသားနူးညံ့ပြီး ဆူဖြိုးသောငါးဖြစ်သဖြင့် အရသာထူးခြားကောင်းမွန်လှပါသည်။ ဒေသခံများမှာ ကဘီလူးငါးကို ဆီပြန်ဟင်း၊ ကြော်စား၊ သောက်ဆမ်း၊ ခရမ်းချဥ်သီး (သို့) မုန်လာဥဖြူဖြင့် ဆီကျန်ရေကျန်အစပ်ဟင်း ချက်စားခြင်းအပြင် ကဘီလူးငါးကို အခြောက်လှန်း၍ ကဘီလူးခြောက်လည်း ပြုလုပ်စားသုံးကြပါသည်။

    ကဘီလူးငါးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် (Scientific Classification) မှာ အောက်ပါအတိုင်းဖြစ်သည်။

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Mugiliformes

Family (မျိုးရင်း) - Mugilidae

Genus (မျိုးစု) -Mugil

Species(မျိုးစိတ်) -M.cephalus ဟူ၍ဖြစ်ကြပါသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်