လူသိနည်းတဲ့ ကသစ်ပင်အကြောင်း

28/08/2020 12:30 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

    ကသစ်ပင်ကို ကသစ်လို့ပဲ အများအားဖြင့် သိကြတာပါ။ ပဲမျိုးနွယ်ဝင်အပင်ဆိုတာကို သိတဲ့သူ နည်းလှပါတယ်။ တကယ်တော့ ကသစ်ပင်က ပေါက်၊ ပိတောက်တို့လို ပဲပင်အကြီးစားဖြစ်ပါတယ်။ သိပ္ပံအမည်ကတော့ Erythrina spp ဖြစ်ပါတယ်။ ကသစ်ပင်က မျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိပါတယ်။ နှစ်ရှည်ခံသစ်မာပင်ကြီးဖြစ်ပြီး ရာသီအလိုက်ကြွေသော deciduous tree ဖြစ်ပါတယ်။ 

    ပင်စည်ကိုင်းတွေမှာ ဆူးတွေရှိပြီး မီးခိုးရောင်အခေါက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ပင်စည်မှာ အနက်ရောင်ဆူးမွှားတွေလည်းရှိပါတယ်။ အရွက်တွေကတော့ သုံးရွက်မွှာငှက်မွှေးရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်ကြတဲ့ပုံစံပါ။ ရွက်စွယ်ပါပေမဲ့ အကြွေစောပါတယ်။ ရွက်မွှာသုံးခုမှာ အလယ်ရွက်ကတော့ အကြီးဆုံးပါဘဲ။ ကသစ်ပင်က နွေရာသီမှာ အရွက်ကြွေလေ့ရှိပြီး မတ်-ဧပြီလမှာ နီရဲသောအပွင့်များပွင့်ကြပါတယ်။ ဇွန်-ဇူလိုင်လများမှာ အစေ့ပါသော သီးတောင့်များသီးကြပါတယ်။ ၁၉၆၇ ခုနှစ် Okinawa Prefecture မှာ official flower အနေနဲ့ ကသစ်ပန်းကို အသုံးပြုခဲ့ကြတယ်။ ဉရု‌ဂွေးနိုင်ငံရဲ့အမျိုးသားပန်းကလည်း ကသစ်ပန်းဘဲဖြစ်ပါတယ်။

    ကသစ်ကို မြန်မာတို့က ရေကသစ်၊ ကုန်းကသစ်၊ တောင်ကသစ်၊ အင်းကသစ်၊ ပင်လယ်ကသစ်၊ ကသစ်ခါးအမျိုးမျိုးခေါ် ကြပေမဲ့ ဆေးကျမ်းထဲမှာတော့ ကသစ်ရိုးရိုးနဲ့ပင်လယ်ကသစ်ကိုသာ အဓိကခွဲခြားထားတယ်။ ပင်လယ်ကသစ်က သစ်ကြီးခုနှစ်ပင် တွင်ပါဝင်၍ တာဝတိံသာနတ်ပြည်၏ အထိမ်းအမှတ်အဖြစ် ထင်ရှားသောအပင်ဖြစ်သည်။ ပင်လယ်ကသစ်သည် ၅ မီတာခန့်မြင့်သည်။ ရိုးရိုးကသစ်က ပန်းပွင့်လျှင့် အရွက်များရှိမနေတတ်ပါဘူး။ တစ်ပင်လုံးပန်းပွင့်အနီ‌ရောင်တွေနဲ့ ပြည့်နေတတ်ပါသည်။ အဖြူရောင်ပွင့်တဲ့ ကသစ်ဖြူလည်းရှိပါသည်။ ကသစ်ဖြူကို အများအားဖြင့် အလှစိုက်ကြပြီး မြန်မာနိုင်ငံမှာဆို ချင်းပြည်နယ်မှာ တွေ့နိုင်ပါတယ်။

    ကသစ်ပင်၏အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အဖူး အားလုံးတို့သည် ပစ်ရက်စရာမရှိအောင် ပဉ္စငါးပါးလုံးအသုံးဝင်ပါသည်။ ကသစ်အရသာသည် ပူစပ်ခါး၏။ ကြေကျက်သောအခါစပ်၏ ဟု ဆိုထားပါသည်။ ပြုတ်၍ တို့စားပါက နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက်စေသည်။ သည်းခြေကိုပယ်သည်။ ပိုးရောဂါ၊ ဖောရောင်နာ ရောဂါ၊ သည်းခြေကြောင့်ဖြစ်သော ရောဂါကို ပျောက်စေသည်။ ဆီးချိုရောဂါကိုတောင်နိုင်တယ်ဟု ဆေးကျမ်းထဲတွင် ဆိုထားပါသည်။

  • ကသစ် အပွင့်၊ အမြစ်ကိုထောင်းပြီး နွားနို့အေးတွင် စိမ်သောက်ပါက ကာမအားကိုတိုးစေသည်။
  • ကသစ်ဆူးဖုကို သွေးကာလိမ်းသော် ဝက်ခြံပျောက်သည်။
  • အရွက်ကိုထောင်းပြီး ရလာသောအရည်ကို ရေနွေးနှင့်ရောပြီးငုံလျှင် သွားကိုက် ပျောက်စေသည်။
  • ကသစ်မြစ်သည် အစားမှား၍ အဆိပ်ဖြစ်ခြင်း၊ ကင်းကိုက်၊ မွေးကိုက်၊ ခွေးရူးကိုက်၊ တောက်တဲ့နက်ကိုက် စသောအဆိပ်မှန်သမျှလည်းနိုင်သည်။

    ကသစ်ရွက်ကို ကြော်စား၊ ပြုတ်စားနိုင်သည့်အပြင် ဟင်းချိုပြုလုပ် သောက်သုံး၍လည်း ရသည်။ ကသစ်ရွက်ကို ပုံမှန်စားသုံးခြင်းဖြင့် (၁) ကိုလက်စ်ထရောကိုကျစေခြင်း၊ (၂) အစာခြေစနစ်ကိုလည်း ကောင်းမွန်စေခြင်း၊ (၃) သန်ကောင်၊ တုတ်ကောင်ကိုကျစေခြင်း၊(၄) ရောင်ရမ်းနာကျင်ခြင်း ကိုသက်သာစေခြင်း၊(၅) ခံတွင်းပျက်ခြင်းမှကာကွယ်ခြင်း၊ (၅) အဖျားရောဂါကို သက်သာစေခြင်း၊ (၆) အဝလွန်ခြင်းကို တိုက်ထုတ်ခြင်း၊ (၇) အသည်းပျက်စီးခြင်းကို သက်သာစေခြင်း၊ (၈) ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း၊ (၉) အမျိုးသမီးရောဂါကို ကုသနိုင်ခြင်း၊ (၁၀) ရောဂါပိုးတွေကို သေစေနိုင်သော အစွမ်းသတ္တိရှိသည်။

    တောင်သူဦးကြီးများရှင့် ဤကဲ့သို့ဆေးဖတ်ဝင်လှသော ကသစ်ပင်၏ မူရင်း‌ဒေသမှာ တောင်အာဖရိကနှင့် တောင်အမေရိကဖြစ်ပြီး မြန်မာနိုင်ငံတွင် အထက်ပိုင်းနှင့် အောက်ပိုင်းမိုးပါးသော သစ်တောများ၊ တောင်ငူနယ်နှင့် ပင်လယ်ကမ်းခြေတစ်လျှောက်၊ ပဲခူးရိုးမတောင်တန်းများတွင် ပေါက်ရောက်ကြောင်းသိရှိရသည်ကို တင်ပြရင်းနိဂုံးချုပ်အပ်ပါသည်။

Reference: ဉီးလှခင်(ဆန်းညွှန့်ဉီး)ပြုစုသောမီးဖိုချောင်မှဆေးစွမ်းကောင်းများ

By:BonnieL,Grant,Certified Urban Agriculturist

https://www.healthbenefitstimes.com 

Wikipedia

ဆုမြတ်နိုး(BPE)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်