ဥတုရာသီတောကိုမှီဟူသော မြန်မာဆိုရိုးစကားသည် အလွန်မှန်ကန်သော ဆိုးရိုးစကား ဖြစ်ပါသည်။ သစ်တောသစ်ပင်ရှိသော ဒေသများနှင့် မရှိသောဒေသများ အလွန်ကွာခြားပါသည်။ ယနေ့ခေတ်တွင် သစ်တောပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်နေသော ဆိုးကျိုးများ နေရာအနှံ့၌ ခံစားနေရသည်ကို တွေ့မြင်နေရပါသည်။
သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူသားများအတွက် အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါသည်။ တိုးတက်လာသော ခေတ်နှင့်အညီ မော်တော်ကားများ၊ ဆိုင်ကယ်များနှင့် စက်ရုံများမှ ထွက်ရှိလာသော ဓာတ်ငွေ့များကို စုပ်ယူရန် သစ်တောသစ်ပင် များ လုံလောက်စွာမရှိခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာပါသည်။ ထိုသို့ အပူချိန်များ တစ်နှစ်ထက်တစ်နှစ် ပိုများလာသောကြောင့် ရေခဲတောင်များ အရည်ပျော်လာခြင်းများ၊ ရေများရှားပါးလာခြင်း၊ တောမီးများလောင်ခြင်း၊ သက်ရှိအများစုတို့၏ ဇီဝဖြစ်ပျက်မှုများ မြန်ဆန်သွားပြီး သက်တမ်းတိုလာခြင်း စသည်တို့ဖြစ်ပါသည်။
သစ်ပင်များ၏ အမြစ်များသည် မြေကြီးများကို မြဲမြံစွာ စုပ်ကိုင်ထားနိုင်သည့်အပြင် ရွာချသောမိုးရေများကို မြေကြီးထဲသို့ စိမ့်ဝင်မှုကို ကူညီပေးပါသည်။ ယခုနောက်ပိုင်း မိုးများသည် တစ်ကြိမ်တည်းနဲ့ ပမာဏများစွာ ရွာသွန်းသောကြောင့် မြေကြီးထဲသို့ စိမ့်ဝင်ရန် အချိန်မရတော့ဘဲ ရေကြီးခြင်းများ ဖြစ်ပေါ်နေပါသည်။ သို့သော်လည်း အချို့ဒေသများတွင် ရေအလွန်ရှားပါးမှုပြသနာများ ကြုံတွေ့နေရပါသည်။ ထိုရေရှားပါးသော ဒေသများ တွင် သစ်တောသစ်ပင်များ အလွန်ရှားပါး၍ ခြောက်ကပ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မြေတိုက်စားခြင်းများ၊ မြေပြိုခြင်းများ၊ ရေကြီးခြင်းများ၊ တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းသွားခြင်း၊ ရေရှားပါးခြင်းများ စသည့်ပြသနာများဖြစ် ပေါ်နေပါသည်။
မြေတိုက်စားခြင်းဖြစ်ပေါ်သောအခါ ထိုတိုက်စားသော မြေကြီးများပေါ်သို့ မိုးရွာချသောအခါ မိုးရေနှင့်အတူ ပါသွားသောကြောင့် မြစ်များကောလာခြင်းများဖြစ်ကာ ရေကြီးခြင်းများ နှစ်စဥ်တွေ့မြင်နေရပါသည်။ ထို့ကြောင့် မြစ်ကမ်းနားများ ပြိုကျကာ နေအိမ်စည်းစိမ်များ ပျက်စီးရသည်ကိုလည်း နှစ်စဥ်ကြားနေရပါသည်။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ရောက်သော အချိန်ကာလတွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံမှ သစ်များ မြောက်များစွာ ထုတ်ယူခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် သစ်တောများမပြုန်တီးခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်တို့သည် သစ်တစ်ပင်ခုတ် လျှင် သစ်တစ်ပင်ရှင်သန်အောင် ပြန်လည်စိုက်ပျိုးပေးခဲ့သောကြောင့် ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံတွင် သစ်ပင်များကိုသာ ခုတ်ယူ၍ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း နည်းပါသည်။ သစ်ပင်စိုက်ပွဲတော်များ ကျင်းပကြသော်လည်း စိုက်ပျိုးပီးသားအပင်များကို ပစ်ထားကြပါသည်။ စိုက်ပျိုးရုံနှင့် မပြီးသေးပါ။ ထိုသစ်ပင်များ ရှင်သန်အောင် ပြုစုပေးဖို့လိုပါသေးသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် သစ်ပင်အမြောက်အများ စိုက်ပျိုးနေသော်လည်း ရှင်သန်အောင် ပြုစုပေးရန် မေ့နေကြပါသည်။ မြန်မာနိုင်ငံ၏ တောင်တန်းအများစုသည် တောင်ကတုံးများ ဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပါသည်။ သစ်တောများပြုန်းတီးလာသောကြောင့် ရာသီဥတုများဖောက်ပြန်လာကာ စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲများနှင့် ရင်ဆိုင်လာရပါသည်။ ကမ္ဘာကြီးပူနွေးလာမှုများ၊ ရာသီဥတုများဖောက်ပြန်လာမှုများ၊ ရေကြီးခြင်းများ၊ မြေပြိုခြင်းများ၊ တောရိုင်းတိရစ္ဆာန်များ ရှားပါးလာမှုများ စသည်တို့ကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ?။ အဓိကအချက်ကတော့ သစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးရပါမည်။ ထို့သို့စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးလိုက်သော အပင်များသည် တောင်သူများအတွက် ဝင်ငွေရရှိနိုင်ရန်လည်း အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် အသုံးပြုနေသော နှစ်ရှည်သီးနှံ အပင်ကြီးများကြားထဲတွင် တစ်ရာသီခံ သီးနှံအပင်များ ရော၍ စိုက်ပျိုးခြင်း (Agroforestry) ကို အသုံးပြုသင့်ပါသည်။
ထို့ကြောင့် ကမ္ဘာကြီးပြန်လည်စိမ်းလန်းလာစေဖို့ သစ်ပင်များ ရှင်သန်အောင်စိုက် ကြပါစို့လို့ နှိုးဆော် ပြောကြားလိုက်ရပါသည်။