“ မြန်မာရှင်ဘုရင်များ၏ မြေယာမူဝါဒ ”

Photo - land-law

ဆရာဉာဏ်။ ။ အခုမျက်မှောက်ခေတ်မှာ မြေယာမူဝါဒဆိုတာ သိပ်ခေတ်စားလာတော့ သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်မှာ မြန်မာဘုရင်တွေက မြေယာတွေကို ဘယ်လိုစီမံခန့်ခွဲခဲ့တယ်ဆိုတာ ကျွန်တော်လေ့လာကြည့်မိတယ်။ ဘုရင်တွေအဓိကအခြေခံတာကတော့ မင်းကျင့်တရား(၁၀)ပါးကိုအခြေခံပြီး ပြည်သူတွေအတွက် မြေယာတွေကိုစီမံခန့်ခွဲခဲ့ကြတယ်ဆိုတာ တွေ့ရတယ်ဗျ။ ဘုရင်ပိုင်အရာတော်မြေ (Royal Land) ကလွဲလို့ ကျန်မြေတွေကို လွတ်လွတ်လပ်လပ်စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိတာကို တွေ့ရပါ တယ်။ ပြည်သူပြည်သားတွေဟာ ရွာစား၊ မြို့စား၊ နယ်စားတွေကိုခွင့်တောင်းပြီး တောရိုင်းမြေတွေကို တောတိုးခုတ်ယူစိုက်ပျိုးလုပ်ကိုင်ခွင့် ရှိကြပါတယ်။ ဘုရင်ပိုင်အရာတော်မြေတွေကတော့ အခုခေတ်လိုပဲ သီးစားချထားတာ တွေ့ရပါတယ်။

ကိုအောင်။ ။ ပဒေသရာဇ်ခေတ်က လယ်ယာစိုက်ပျိုးရေးကို စီးပွားရေးပုံစံကျကျစိုက်ပျိုးပြီး ရောင်းဝယ်ဖေါက်ကားခဲ့တာတွေ ရော ရှိသလားဆရာ။

ဆရာညဏ်။ ။ စီးပွားရေးအတွက်စိုက်ပျိုးလုပ်ကိုင်မှု (Commercial Agriculture) မရှိခဲ့ပါဘူး။ အိမ်တွင်းစားသုံးမှုအတွက် စိုက်ပျိုးရေး (Domestic Agriculture) လို့ခေါ်တဲ့ ဝမ်းစာဖူလုံမှုစိုက်ပျိုးရေး (Subsistence Agriculture) အတွက်ပဲ စိုက်ပျိုးခဲ့ ကြပါတယ်။ ဘုရင်တွေခေတ်က လမ်းပန်းဆက်သွယ်ရေးကလဲ မကောင်းသေးဘူး။ လှေ၊ လှည်းလောက်ပဲအသုံးပြုနိုင်တာဆိုတော့ သီးနှံရောင်းဝယ်ဖေါက်ကားမှုတွေလည်း မတွင်ကျယ်ခဲ့ပါဘူး။ သီးနှံဖလှယ်ကြဖို့နဲ့ စစ်ဖြစ်တဲ့အခါ ရိက္ခာဖူလုံရေးအတွက် ရည်ရွယ် စိုက်ပျိုးခဲ့ကြတာပဲ ရှိပါတယ်။

ကိုအောင်။ ။ မျက်မှောက်ခေတ်မြေယာမူဝါဒမှာတော့ မြေအမျိုးအစားတွေကို စိုက်ပျိုးမြေ၊ သစ်တောမြေ၊ အခြားမြေဆိုပြီး (၃)မျိုးခွဲထားတာတွေ့ရပါတယ်။ မြေအသုံးချမှုဇုံတွေကိုတော့ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးရေးဇုံ၊ စိုက်ပျိုးရေးဇုံ၊ မွေးမြူရေးနှင့်ရေလုပ် ငန်းဇုံ၊ အမျိုးသားကာကွယ်ရေးနယ်မြေဇုံ၊ ကူးသန်းရောင်းဝယ်ရေးဇုံ (စက်မှုလက်မှုဇုံ၊ သတ္တူတွင်းမြေဇုံ)၊ စားကျက်မြေဇုံ၊ သစ် တောဇုံ ဆိုပြီး (၇) မျိုးခွဲထားတာတွေ့ရပါတယ်။ ပဒေသရာဇ်ခေတ်မှာ မြေအမျိုးအစား ဘယ်နှစ်မျိုးခွဲထားသလဲ သိချင်ပါတယ် ဆရာ။

ဆရာဉာဏ်။ ။ မြန်မာရှင်ဘုရင်တွေခေတ်မှာ မြေအမျိုးအစား(၅) မျိုးခွဲထားပါတယ်။ အဲဒါတွေက အရာတော်မြေ၊ အရာတော်မြေနှင့် စပ်ယှက်ဆက်သွယ်သောမြေ၊ ဘိုးဘပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့်စပ်ယှက်ဆက်သွယ်သောမြေ၊ ဝတ္တူကံမြေ တို့ဖြစ်ပါတယ်။ အရာတော်မြေကို (၄) မျိုးပြန်ခွဲပါတယ်။ နန်းစဉ်ရှင်ဘုရင်အဆက်ဆက်ပိုင်မြဲမြေ၊ စုံသေအမွေဖြတ်မြေ၊ သိမ်းစုအရာတော်မြေ၊ ယွန်းပေါင်ပါအရာတော်မြေလို့ ခွဲထားပါတယ်။ ဘုရင်ပိုင်မြေတွေကတော့ အဓိပ္ပါယ်ရှင်းပါတယ်။ စုံသေအမွေဖြတ်မြေဆိုတာက မြေပိုင်ရှင်ကွယ်လွန်တဲ့အခါ အမွေခံမယ့်သူမရှိရင် ဒီမြေကို ဘုရင်ကသိမ်းပိုက်ရလို့ခေါ်တာဖြစ်ပါတယ်။ မင်းပြစ်မင်းဒဏ်သင့်တဲ့သူတွေရဲ့ ပစ္စည်းဥစ္စာတွေကိုသိမ်းယူတဲ့အထဲမှာ မြေပါလာရင် အဲဒီမြေကို သိမ်းစုအရာတော်မြေလို့ ခေါ်ပါတယ်။ နန်းမတော်မိဖုရားကြီးကို လက်ဖွဲ့တာမှာပါတဲ့မြေက ယွန်းပေါင်ပုရပိုက်မှာ မှတ်တမ်းတင်တာမို့ ယွန်းပေါင်ပါအရာတော်မြေလို့ ခေါ်ပါတယ်။ အရာတော်မြေနဲ့ စပ်ယှက်သောမြေတွေကို (၃) မျိုးခွဲထားပြန်ပါတယ်။ အမှုထမ်းအရာထမ်းတွေကို လစာရိက္ခာအနေနဲ့ပေးတဲ့မြေကို အစားပေးမြေ လို့ခေါ်ပါတယ်။ မြို့စားရွာစားတွေ ရာထူးနဲ့အတူပါလာတဲ့မြေတွေကို အကိုင်စားမြေလို့ ခေါ်ပါတယ်။ မြို့သူကြီး၊ ရွာသူကြီးတွေ ရာထူးရှိနေတုန်း လုပ်ကိုင်စိုက်ပျိုးနိုင်တဲ့မြေကို အကြီးစားမြေလို့ ခေါ်ပါတယ်။

ကိုအောင်။ ။ စိတ်ဝင်စားဖို့ကောင်းလိုက်တာဆရာရယ်။ ဘိုးဘပိုင်မြေတွေအကြောင်း ဆက်ပါဦးဆရာ။ ၂၀၁၂ခုနှစ်လယ်ယာ မြေဥပဒေမှာ မိဘဘိုးဘွားအစဉ်အဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြတဲ့ ဓါးမဦးချလယ်ယာမြေတွေကို ဥပဒေကအသိအမှတ်ပြုထားတာ မတွေ့ရပါဘူး။ မြန်မာဘုရင်တွေက ဓါးမဦးချလယ်ယာမြေတွေကို အသိအမှတ်ပြုခဲ့သလား သိချင်ပါတယ်။

ဆရာညဏ်။ ။ ဘိုးဘပိုင်မြေကို ဓါးမဦးချမြေ၊ မင်းပေးမြေ၊ ငွေဝယ်ငွေပေါင်မြေ ဆိုပြီး(၃)မျိုးခွဲတာကိုကြည့်ရင် ဘုရင်ခေတ်က ဓါးမဦးချမြေတွေကို အသိအမှတ်ပြုထားတာ တွေ့ရပါလိမ့်မယ်။ ဘိုးဘပိုင်မြေနဲ့ဆက်စပ်တဲ့မြေကို (၄) မျိုးခွဲထားပါတယ်။ သုံ့ပန်းတွေကို ဘုရင်ကချထားပေးတဲ့မြေကို နေမြေစားမြေလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ်ခံယူတဲ့ နိုင်ငံခြားသားတွေကို ချထားပေးတဲ့မြေတွေကို စားမြေလို့ခေါ်ပါတယ်။ တပ်မတော်သားရဲမက်တွေ လုပ်တဲ့မြေတွေကို သူရဲမိုး၊ သူရဲမြေလို့ခေါ်ပါတယ်။ အခုခေတ်မှာ ဘုံမြေ (Collective Farm) ခေါ်တဲ့မြေတွေကို ဘုရင်ခေတ်က အသည်မြေလို့ခေါ်ခဲ့ကြပါတယ်။

ကိုအောင်။ ။ ဝတ္တူကံမြေဆိုတာ ကျွန်တော်တို့မကွေးတိုင်းထဲက ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်း တွေပိုင်တဲ့ လယ်မြေမျိုးတွေကို ခေါ်တာများလား။

ဆရာဉာဏ်။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီမြေကိုလည်း ဘုရားမြေ၊ ကျောင်းမြေ၊ ပိဋကတ်တိုက်မြေဆိုပြီး (၃)မျိုးခွဲထားပါ တယ်။ ဒီမြေတွေကို မင်းမျိုးကလဲ မင်းမျိုးအလိုက် ဆင်းရဲသားကလဲ ဆင်းရဲသားများအလိုက် အမွေခံထိုက်တယ်ဆိုပါတယ်။ ပဒေသရာဇ်ခေတ်မှာ ဘုရင်က ရေမြေ့သနင်းပြည့်ရှင်မင်းဘွဲ့ ခံထားတာဆိုတော့ မြေယာအားလုံးကို ဘုရင်ကပိုင်ပါတယ်။ ဓါးမဦးချမြေတွေကလွဲလို့ ကျန်မြေတွေကတော့ ဘုရင့်အမိန့်နဲ့ ပြည်သူလူထုက ရယူထားတဲ့မြေတွေလို့ ဆိုရပါမယ်။ ပဒေသရာဇ်ခေတ် မြန်မာ့လယ်ယာစိုက်ပျိုးရေးက အနောက်နိုင်ငံမြေပိုင်ရှင်စနစ်လို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခဲ့တာမဟုတ်ပေမယ့် ပြည်တွင်းရိက္ခာဖူလုံမှု ရှိခဲ့တာကိုတော့ တွေ့ရပါတယ်။

ကိုအောင်။ ။ မြန်မာဘုရင်များခေတ်မှာ မြေခွန်တော်ကို ဘယ်လိုကောက်ခံခဲ့သလဲဗျ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ မြေခွန်တော် အပါအဝင် အခွန်အရပ်ရပ်ကကြီးမြင့်လွန်းတော့ နောက်ဆုံး ဆရာစံဦးဆောင်တဲ့ လယ်သမားသူပုန်ထတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဗိုလ်နေဝင်းရဲ့မဆလခေတ်ကျပြန်တော့ မြေခွန်ကို အလွန်အမင်း လျှော့ပေါ့ကောက်ခံတော့ မြေခွန်ပြေစာတွေကို တောင်သူလယ်သမားတွေက သေသေချာချာမြေခွန်ဆောင်ပြီး ရယူသိမ်းဆည်းခြင်းမရှိတဲ့ပြဿနာ ဖြစ်ရပြန်တယ်။

ဆရာဉာဏ်။ ။ ဘုရင်ခေတ်မှာ မြေခွန်တော်ကို ထွက်တဲ့သီးနှံရဲ့ ဆယ်ပုံတစ်ပုံထက်မပိုသော အခွန်တော်ကို ကောက်ခံပါတယ်။ မြေခွန်အပါအဝင် အခွန်တော်အရပ်ရပ်ကိစ္စတွေဟာ ပြည်သူလူထုကိုတိုက်ရိုက်သက်ရောက်စေတာမို့ ဘိုးတော်ဘုရား (၁၇၈၂-၁၈ ၁၉) လက်ထက်မှာ တစ်အိမ်ထောင်ကို(၁၀ /-) သဿမေဓခွန်ကောက်တယ်။ အခုခေတ်ဆိုရင် မတရားလုပ်အားပေးလို့ပြောလို့ရတဲ့ တာတူးတာတွေ ခိုင်းတဲ့အတွက် အထက်မြန်မာပြည်ကနေ အောက်မြန်မာပြည်ကို အိမ်ခြေ(၇)သောင်းကျော်ကနေ (၃)သောင်းလောက် ပြောင်းရွှေ့သွားကြပါတယ်။ 

ကိုအောင်။ ။ အခုခေတ်မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေမှာ မြေရိုင်းတွေလျှောက်ထားရင် လုပ်ကိုင်သူကို မြေခွန်(၄) နှစ်ကင်း လွတ်ခွင့်ပြုတဲ့ ဥပဒေပြဌာန်းချက်ရှိပါတယ်။ ဘုရင့်ခေတ်တွေမှာ မြေခွန်တော် ကင်းလွတ်ခွင့်ပေးခဲ့တာမျိုးတွေရောရှိလား။

ဆရာဉာဏ်။ ။ ဘိုးဘပိုင် ဓါးမဦးချမြေ၊ ငွေဝယ်ငွေပေါင်မြေတွေကလွဲလို့ အရာတော်မြေတွေနဲ့ဆက်စပ်နေတဲ့ မြေလွတ်မြေလပ်တွေရှိရင် ဘယ်သူကိုမဆို တိုးချဲ့ခုတ်ထွင်ခွင့်ပြုထားပါတယ်။ မြေခွန်တော်ကင်းလွတ်ခွင့်တွေက ရာသီသီးနှံအတွက်တောခုတ်တဲ့ မြေအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်ခွင့်နှစ်တွေ ခွဲခြားထားပါတယ်။ မြက်ပင်တို(၅)နှစ်အတွင်းမလုပ်၊ မြေလွတ်ဆိုရင် (၃)နှစ်၊ မြက်ပင်ရှည်(၅) နှစ်အတွင်းမလုပ်၊ မြေလွတ်ဆိုရင် (၄)နှစ်၊ အရင်က လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျုကိုင်း၊ ချုံငယ်မြေဆိုရင် (၅)နှစ်၊ မြေမှအမြင့်(၂) တောင် လုံးပတ်(၂) တောင်ထက်မပိုသော သစ်ပင်ငယ်မြေဆိုရင် (၆)နှစ်၊ မြေမှအမြင့်(၂) တောင် လုံးပတ်(၂) တောင်ထက်ပိုသော သစ်ပင်ကြီးမြေဆိုရင် (၇)နှစ်အထိ မြေခွန်တော်ကင်းလွတ်ခွင့်ပေးထားပါတယ်။ ဥယာဉ်ခြံမြေတွေ အတွက်ဆိုရင်တော့ စိုက်ပျိုးတဲ့အပင်အမျိုးအစားအလိုက် မြေခွန်တော်ကင်းလွတ်ခွင့်ကို ခွဲခြားပြဌာန်းထားပါတယ်။ အုန်း၊ ထန်း၊ ပေ၊ ကွမ်းသီးပင် တွေစိုက်မယ်ဆိုရင် (၁၂) နှစ်၊ သရက်၊ ပိန္နဲ၊ သြဇာ၊ မာလကာ၊ ရှောက်၊ သံပုရာပင်တွေ စိုက်မယ်ဆိုရင် (၈) နှစ်၊ ငှက်ပျော၊ ကွမ်း၊ နီပါးဆေး၊ နနွင်းပင်တွေ စိုက်မယ်ဆိုရင်တော့ (၃)နှစ် မြေခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။ မြေလွတ်မြေလပ် မြေရိုင်းလျှောက်ထားပြီဆိုရင် ကန့်ကွက်ချင်သူရှိက ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာကို (၂) လအချိန်ပေးပြီး မြေအနီးအနား တစ်ဝိုက်မှာ စာချိတ်ဆွဲထားရမယ် ဆိုပါတယ်။

ကိုအောင်။ ။ သူ့ခေတ်သူ့အခါအရ ခေတ်မှီတဲ့ဥပဒေတွေလို့ ပြောလို့ရပါလိမ့်မယ်။ နောက်တစ်ခုမေးချင်တာက လယ်ယာမြေကို အမွေပေးလို့ရလား။ ရောင်းချခြင်း၊ ပေါင်နှံခြင်းတွေကို အဲဒီခေတ်တုန်းက လုပ်လို့ရပါသလား။ ဖဆပလခေတ်၊ မဆလခေတ်၊ နဝတခေတ်တွေမှာတော့ လယ်ယာမြေကို ရောင်း၊ပေါင်၊ ငှား၊ လဲ၊ ပေး လုံးဝလုပ်ခွင့်မပေးခဲ့ပါဘူး။ ဦးသိန်းစိန်ခေတ်ရောက်တော့မှ ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေအရ လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး အခွင့်အရေးတွေ ခွင့်ပြုလာပါတယ်။

ဆရာဉာဏ်။ ။ ပဒေသရာဇ်ခေတ်မှာ လယ်ယာမြေတွေကို သားစဉ်မြေးဆက် အမွေပေးပိုင်ခွင့်ရှိပါတယ် ။ ရောင်းချခြင်း၊ ပေါင်နှံ ခြင်းတွေကိုတော့ ဘိုးတော်ဘုရားမင်းလက်ထက် မတိုင်ခင်ကအထိ ခွင့်ပြုခဲ့ပါတယ်။ ပြည်သူတွေက လယ်ယာမြေတွေရောင်းချပြီး အောက်မြန်မာပြည်ကို ပြောင်းရွှေ့သွားကြတာ များပြားလာတဲ့အတွက် လယ်ယာမြေတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုလုပ်ရလို့ ဘိုးတော်ဘုရားက အမိန့်ထုတ်တားမြစ်ခဲ့ပါတယ်။ သာယာဝတီမင်း လက်ထက်မှာတော့ နိုင်ငံခြားသားများကို မြေမရောင်းချရဆိုတဲ့ မူဝါဒကျင့်သုံးခဲ့ပါတယ်။ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာတာတွေ များလာတဲ့အတွက် မင်းတုန်းမင်း၊ သီပေါမင်း လက်ထက်အထိ မြေရောင်းတာ မြေပေါင်တာ နိုင်ငံခြားသားကို မြေရောင်းခွင့်မပြုတဲ့ မူဝါဒတွေ အမျှော်အမြင်ရှိရှိ ဆက်လက်ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ မြေယာအငြင်းပွားမှုတွေကိုလဲ တရားဓမ္မသတ်များအရ စစ်ဆေးရှင်းလင်း ပြီးပြတ်စေရမည်လို့ ပြဌာန်းခဲ့ပါ တယ်။

ကိုအောင်။ ။ ဘယ်လိုပဲဖြစ်ဖြစ် လယ်ယာစိုက်ပျိုးရေးကို နိုင်ငံစီးပွားရေးအထိဖေါ်ဆောင်နိုင်တဲ့ မူဝါဒ မချမှတ်မကျင့်သုံးနိုင်ခဲ့ဘူးဆိုပေမယ့် အတတ်နိုင်ဆုံး တရားမျှတမှုကို ဖေါ်ဆောင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာရှင်ဘုရင်များရဲ့ ပဒေသရာဇ်ခေတ်မြေယာမူဝါဒ ဖြစ်ပါပေတယ်လို့ ဆိုလိုက်ပါရစေ ဆရာဉာဏ်ရေ။

ကိုအောင်ကျော်ကျော်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မျိုးကောင်းမှ ပျိုးကောင်းမည်"