ဧရာမ အစိမ်းရောင်ရေကန်ကြီးက ဘာလို့ သွေးနီရောင် အဖြစ်သို့ ပြောင်းလဲသွားရတာလဲ?

17/01/2018 17:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အီရန်နိုင်ငံမှာရှိတဲ့ အာမီးယားအစိမ်းရောင်ဆားငံရေကန်ကြီးဟာ မကြာသေးခင်ကပဲ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ ရေကန်အတွင်းမှာ ရှိနေတဲ့ ရေညှိတွေနဲ့ ဘက်တီးရီးယားပေါက်ပွားမှု တိုးမြှင့်လာတာကြောင့်လို့ ထင်မြင်ယူဆရပါတယ်။

အာရှအလယ်ပိုင်းဒေသတွေဖြစ်ကြတဲ့ ကာဇာစတန်နိုင်ငံနဲ့ ယူဘီကီစတန်နိုင်ငံကြားမှာ ရှိတဲ့ အာရယ်ပင်လယ်နဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆယ်လတန် ပင်လယ်တို့ကဲ့သို့ပင် အီရန်နိုင်ငံ အာမီးယားရေကန်ရဲ့ ဆားငံရေဧရိယာဟာ ဆယ်စုနှစ်အတောအတွင်း သိသိသာသာ ခြောက်သွေ့လာပြီး ပျောက်ကွယ်လုနီးပါး လျော့နည်းလာပါတယ်။ အရင်တုန်းက အရှေ့အလယ်ပိုင်းဒေသမှာ အကြီးဆုံးရေကန်တွေထဲ ပါဝင်ခဲ့တဲ့ ရေကန်ကြီး ကိုမြင်တွေ့ရတာဟာ အခုဆိုရင် ဆိုးရွားပြင်းထန်တဲ့ ရာဇဝတ်မှုတစ်ခုကို ကြည့်နေရသလိုပါပဲ။ သွေးနီရောင်တွေ လွှမ်းနေပါတော့တယ်။

ပြီးခဲ့တဲ့ ဧပြီလတွင် နာဆာရဲ့ဂြိုလ်တုမှ အာမီးယားရေကန်ရဲ့ အစိမ်းရောင်လွှမ်းနေတဲ့ ဓါတ်ပုံကိုရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျူလိုင်လလယ်မှာတော့ ရေကန်ကြီးဟာ ရေညှိတွေ၊ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတဲ့ အနီရောင်ရေကန်ကြီး အဖြစ်ကို ပြောင်းလဲသွားပြီ ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

ရေခမ်းခြောက်ခြင်း၊ အပူချိန်တိုးလာခြင်းနဲ့ ရေထုတ်ယူသုံးစွဲမှုမြင့်မား လာခြင်းတို့ကြောင့် တူရကီနယ်စပ်မှာရှိတဲ့ အီရန်မြောက်ပိုင်းက အာမီးယား ဆားငံရေကန်ဟာ တဖြည်းဖြည်းသေးငယ် လျော့ပါးလာခဲ့တာ ဆယ်စုနှစ်တွေချီပြီး ကြာမြင့်ခဲ့ပါပြီ။ ရေကန်အတွင်းမှာရှိတဲ့ ရေတွေခမ်းခြောက် လာတာနဲ့အမျှ ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားငံရည်သိပ်သည်းဆဟာ ပိုမြင့်မားလာခဲ့သည်။ ပူနွေးလာသောရေတွေနဲ့ ဆားငံရည်သိပ်သည်းဆ မြင့်မားလာခြင်းတို့ဟာ ရေကန်ကို သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်တဲ့ ဒူနာလီလာ အမည်ရှိ ရေညှိတွေ ရှင်သန်ပေါက်ပွားလာဖို့ အဓိက အကြောင်းရင်း ဖြစ်လာကြသည်။

“အဏ္ဏဝါရေကြောင်း ဘာသာရပ်တွေမှာတော့ ဒူနာလီလာ ဆလိုင်နာ (Dunaliella salina) လို့ခေါ်တဲ့ ရေညှိတွေက အစိမ်းရောင် ပုံစံကိုပဲ ကိုယ်စားပြုတာပါ”ဟု ဂျာမနီနိုင်ငံ စတုဂါ့တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင် မိုဟာမက်တိုးရီယန်က နာဆာကို ပြောကြားခဲ့သည်။ “ဒါပေမယ့် ဆားငံရည် သိပ်သည်းဆမြင့်မားပြီးတော့ ရေကန်ရဲ့ ခံနိုင်ရည်နည်းပါးနေတဲ့ အချိန်မှာတော့ ဒီရေညှိတွေက သူတို့ရဲ့ ဆဲလ်ထဲမှာရှိတဲ့ အနီရောင်ပြောင်းလဲတတ်တဲ့ ကာရိုတနွိုက်ရောင်ခြယ် ပစ္စည်းများ (carotenoids) ထုတ်ပေးနှုန်းများနိုင်ပါတယ်”ဟု ၎င်းမှ ဖြည့်စွက်ပြောကြားခဲ့သည်။

အနီးကပ်ပုံ (အာမီးယားတံတား ဘေးနားမှာရှိတဲ့ ရေတွေရဲ့အရောင်ဟာ ဧပြီ၂၀ရက်နေ့တွင် အစိမ်းရောင်မှ ဂျူလိုင်၉ရက်နေ့တွင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းကို မြင်တွေ့ရပုံ)

ယခုကဲ့သို့ ရေကန်ကြီးတစ်ခုလုံး အနီရောင်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်မှာ ဟာလိုဘက်တီးရီးရေးစီး ဘက်တီးရီးယား မျိုးစိတ်တစ်ခုကလည်း အရေးပါတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် ပါဝင်နေပါသေးတယ်။ ဒီဘက်တီးရီးယား မျိုးစိတ်တွေဟာ ဆားငံရည် သိပ်သည်းဆများတဲ့ရေထဲမှာ မြောက်မြားစွာ နေထိုင်ပေါက်ဖွားကြပြီး နေရောင်ခြည်ကို စုပ်ယူကာ ရေကန်တစ်ခုလုံး အနီရောင်ပြောင်းလဲသွားစေမယ့် စွမ်းအင်ကို ထွက်လွှတ်နေကြခြင်းဖြစ်သည်။

အမှန်တကယ်မှာ အာမီးယားရေကန်ရဲ့ အရောင်ပြောင်းလဲခြင်းဖြစ်စဉ်သည် ဒီနှစ်မှ ကောက်ကာငင်ကာ ရုတ်တရပ်ထဖြစ်ခြင်းမဟုတ်ပေ။ ယခင်ကတည်းက ဖြစ်ပွားနေခဲ့ပြီးဖြစ်လေသည်။ နွေဦးပေါက်ရာသီတွင် မိုးရွာသွန်းလေ့ရှိပြီး ရေကန်အနီးအနားတွင်ရှိသည့် တောင်များမှ အရည်ပျော်ဆင်း ကျလာသော ရေချိုများက ရေကန်ထဲရှိ ဆားသိပ်သည်းဆကို ထိန်းညှိပေးလေ့ရှိခဲ့ကာ အရောင်ပြောင်းလဲမှုဖြစ်စဉ်မှာလဲ ဆိုးဝါးပြင်းထန်ခြင်း မရှိခဲ့ချေ။ သို့သော် ယခုနှစ်များတွင် ရာသီဥတု အလွန်အမင်းပူပြင်းလာခြင်းနဲ့ ဒေသစိုက်ပျိုးရေး လုပ်ငန်းများအတွက် အာမီးယားရေကန်မှ ရေထုတ်ယူသုံးစွဲမှု များပြားတိုးမြင့်လာခြင်းတို့ကြောင့် ရေကန်၏ကြောက်ခမန်းလိလိ အနီရောင်သို့ ပြောင်းလဲမှုဖြစ်စဉ်မှာ သိသာထင်ရှားလာခဲ့ခြင်းဖြစ်လေသည်။

ဂြိုလ်တုလေ့လာ ဆန်းစစ်ချက်များအရ အာမီးယားရေကန်ဟာ လွန်ခဲ့သော ၁၄နှစ်အတောအတွင်း နဂိုမျက်နှာပြင်၏ ၇၀ရာခိုင်နှုန်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရသည်။ ယခုဆိုရင် ရေငွေ့ပျံပြီး ကျန်ရှိနေခဲ့သော ဆားအမှုန် အမွှားလေးများသာ သံချေးရောင် တက်နေတဲ့ ရေကန်ကို ခြံရံလျက် ကျန်ရှိနေပါတော့တယ်။ ယခုကဲ့သို့ ရေကန်၏ ရုပ်ရည်သွင်ပြင် ဆိုးဝါးနေခြင်းသည် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်ခြင်းကို လျော့နည်းစေ သကဲ့သို့ ရာသီအလိုက်ရွေ့ ပြောင်းသွား လာတတ်တဲ့ ငှက်မျိုးစိတ်များ လာရောက်ခိုနားခြင်း ကိုလည်း ပျောက်ဆုံးစေလေသည်။ အာမီးယားရေကန်သည် ရေငံပုဇွန်များ ကျင်လည်ကျက်စားရာ ကမ္ဘာ့အကြီးဆုံး ရေကန်တစ်ခု ဖြစ်ခဲ့ဖူးလေသည်။ ယခုအချိန်တွင်မူ ရေပမာဏ နည်းပါးလာခြင်းနဲ့ ဆားငံရည် သိပ်သည်းဆမြင့်မားလာခြင်းတို့ကြောင့် ၎င်းတို့၏ ကြီးထွားမှုနဲ့ မျိုးပွားခြင်း နှေးကွေးရှားပါးကာ မျိုးတုံးလာစေလေသည်။
“ရေကန်ရဲ့မြေဧရိယာနဲ့ ရေထုတ်ယူသုံးစွဲမှုကို ယခုလက်ရှိနှုန်း အတိုင်းသာ ဆက်သွားနေဦးမယ် ဆိုရင် သိပ်မကြာခင်မှာပဲ ဒီရေကန်ကြီး လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီဟာကို ကျွန်တော်တို့ သံသယပွားနေစရာကို မလိုတော့ဘူး” ဟု အီရန်နိုင်ငံ တရန်တက္ကသိုလ်၏ ဇီဝဗေဒပညာရှင် ဟိုစိန်ခန်းနီမှ အမေရိကန် သိပ္ပံပညာ သတင်းဂျာနယ်ကို ပြောကြားခဲ့သည်။

မုဒြာ (အစိမ်းရောင်လမ်း)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်