စတော်ဘယ်ရီအရွက်တွင် ကျရောက်လေ့ရှိသော မှိုရောဂါများ

10/07/2020 11:30 AM တွင် အိစက်ဝေ အိစက်ဝေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မှိုရောဂါတွေဟာ ပထမဆုံးအရွက်ထွက်ထွက်ချင်း နွေရာသီအစောပိုင်းကာလတွေကနေစပြီး ဆောင်းဦးကုန်ခါနီးအချိန်လောက်အထိ ဖြစ်ပွားတတ်ကြပါတယ်။ ခံနိုင်ရည်မရှိလှတဲ့ မျိုးတွေမှာဆိုရင် ဒီရောဂါဟာ ဈေးကွက်နဲ့ စီးပွားရေးကိုပါ ထိခိုက်စေပါတယ်။ ဒီမှိုရောဂါဟာ ကနဦးထိခိုက်မှုအနေနဲ့ အရွက်ဧရိယာနဲ့ ပြန့်ကားမှုကို လျော့ကျလာစေပါတယ်။ ရောဂါဖြစ်ပွားမှု ထင်ရှားလာပြီဆိုရင်တော့ အပင်ဟာ အမြစ်ရောဂါနဲ့ winter injury (နှင်းကိုက်ခြင်း) တွေကို ခံနိုင်ရည်မရှိတော့ဘဲ တဖြည်းဖြည်းချိနဲ့လာမှာဖြစ်ပါတယ်။ 

    စတော်ဘယ်ရီပင်မှာ အဓိကအားဖြင့် မှိုကြောင့်ဖြစ်တတ်တဲ့ အဖြစ်အများဆုံးအရွက်ရောဂါ (၃) မျိုးရှိပါတယ်။ ဒီရောဂါ(၃)မျိုးဟာ တူညီတဲ့ ရောဂါစက်ဝန်းရှိကြပြီး ရောဂါကာကွယ်နှိမ်နင်းမှုပုံစံတွေကလည်း တူညီကြပါတယ်။ အဲ့ဒီရောဂါတွေကတော့ ရွက်ပြောက်ရောဂါ (leaf spot disease)၊ ရွက်လောင်ရောဂါ (leaf scorch disease)၊ ရွက်ခြောက်ရောဂါ(leaf  blight disease) တို့ဖြစ်ကြပါတယ်။ ဒီမှိုရောဂါ (၃) ခုလုံးဟာ ရောဂါကူးစက်ခံထားရတဲ့ အရွက်ခြောက်တွေထဲမှာသာမက အသက်ရှိနေသေးတဲ့အရွက်တွေထဲမှာပါ ဆောင်းခိုခြင်း (လက်ခံပင်မရှိသော အခြေအနေ၌ မြေကြီး၊ အမှိုက်သရိုက်၊ ရွက်ဟောင်းရွက်ကြွေ စသည့်နေရာများထဲတွင် အခြားသော ပုံသဏ္ဌာန်များဖြင့် ခိုအောင်းနေခြင်း) ကို ပြုလုပ်တတ် လေ့ရှိကြပါတယ်။ သူတို့ဟာ ပူနွေးစိုစွတ်တဲ့အခြေအနေမှာ မှိုစပိုးတွေကိုထုတ်လုပ်ပြီး ကူးစက်မှုအသစ်ကို ဖြစ်စေခြင်းအားဖြင့် ရောဂါကိုဖြစ်ပွားစေပါတယ်။ 

ရွက်ပြောက်ရောဂါ (Leaf Spot Disease)

    ရွက်ပြောက်ရောဂါဟာ Mycosphaerella fragariae မှိုကြောင့်ဖြစ်ပွားပါတယ်။ ရောဂါလက္ခဏာအနေနဲ့ အရွက်ရဲ့ အပေါ်မျက်နှာပြင်မှာ စက်ဝိုင်းပုံသဏ္ဌာန်ရှိတဲ့ နီညိုရောင် (သို့မဟုတ်) ခရမ်းရောင် အစက်အပြောက်တွေ စတင်ဖြစ်ပေါ်လာပါတယ်။ တဖြည်ဖြည်း အရွယ်အစားကြီးလာတဲ့အခါ အဲ့ဒီအစက်အပြောက်တွေရဲ့ အလယ်ခေါင်ဟာ မီးခိုးရောင် (သို့မဟုတ်) အဖြူရောင်အဖြစ် ပြောင်းလဲလာတာကို အရွက်ဟောင်းတွေမှာ တွေ့ရတတ်ပြီး၊ အရွက်သစ်တွေမှာတော့ အညိုဖျော့ရောင်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အစက်အပြောက်တွေရဲ့ ပတ်ပတ်လည်မှာတော့ ခရမ်းနီရောင်ကနေ သံချေးညိုရောင်ရှိတဲ့ ဘောင်နဲ့ကွတ်ထားတာကို တွေ့ရမှာပါ။ ဒီရောဂါဆိုးဆိုးရွားရွားကျရောက်မှုဟာ အရွက်တွေကိုသေစေနိုင်ပါတယ်။ စိုစွတ်တဲ့အခြေအနေမှာဆိုရင် အသီးတွေရဲ့ အပေါ်ယံမျက်နှာပြင်တွေမှာ အနက်ရောင်အစက်အပြောက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ၎င်းအစက်အပြောက်တွေဟာ (၀.၂၅) လက်မ အချင်းရှိပြီး အသီးတစ်လုံးမှာ များသောအားဖြင့် အစက်အပြောက် တစ်ခု၊ နှစ်ခုသာတွေ့ရမှာ ဖြစ်ပါတယ်။ တချို့သောအသီးတွေမှာ ဒီ့ထက်ပိုပြီး ဆိုးဆိုးရွားရွားကူးစက်ခံရနိုင်တာမျိုးလည်း တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေဟာ ရာသီဥတုကိုလိုက်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

    ရောဂါဖြစ်စေတဲ့မှိုဟာ အရွက်ရဲ့ရေစိုနာတွေထဲမှာ စပိုးအဖြစ်နဲ့ ဆောင်းခိုပါတယ်။ ၎င်းမှိုဟာ အပင်ကိုရောဂါကူးစက်စေပြီး နွေရာသီအစောပိုင်းကာလတွေမှာဆိုရင် အရွက်ရဲ့ အပေါ်ဘက်မျက်နှာပြင်နဲ့ အောက်ဘက်မျက်နှာပြင် အစက်အ​ပြောက်တွေထဲရှိ  မှိုစပိုးထုတ်လုပ်မှုဟာ ပိုပြီးများပြားပါတယ်။ အဲ့ဒီစပိုးတွေဟာ မိုးရေစက်တွေကနေတဆင့် ပိုပြီးပျံ့နှံ့လာပါတယ်။ သက်လတ်ပိုင်းအရွက်တွေက ဒီရောဂါကို ခံနိုင်ရည်အမဲ့ဆုံးဖြစ်ပါတယ်။ ရေစိုနာကွက်တွေဟာ ပင်စည်၊ ရွက်ညှာ၊ မြစ်လျှောက်ပင်စည်တွေမှာပါ ဖြစ်ပေါ်စေပါတယ်။

ရွက်လောင်ရောဂါ (Leaf Scorch Disease)

    ရွက်လောင်ရောဂါဟာ Diplocarpon earliana  မှိုကြောင့် ဖြစ်ပွားပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကတော့ အရွက်ရဲ့ အပေါ်ဘက်မျက်နှာပြင်မှာ သေးငယ်ပြီး ပုံသဏ္ဌာန်မမှန်တဲ့ ခရမ်းနီရောင်အစက်အပြောက် (သို့မဟုတ်) အစွန်းအကွက်တွေ အများအပြားဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ အစွန်းအကွက်တွေရဲ့ အလယ်ဟာ တဖြည်းဖြည်း အညိုရောင်ပြောင်းလာပါတယ်။ ဒီအစွန်းကွက်တွေဟာ အရွက်မျက်နှာပြင်တော်တော်များများကို ဖုံးလွှမ်းသွားတဲ့အထိ တစ်ခုနဲ့တစ်ခု ပူးပေါင်းသွားတတ်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ အရွက်တွေဟာ  ခရမ်းရောင် (သို့အဟုတ်) နီညိုရောင်ကို ပြောင်းလဲသွားပြီး အပေါ်ဘက်ကို လိပ်တက်လာမှာပဲ ဖြစ်ပါတယ်။

    ဒီမှိုဟာ ရောဂါကူးစက်ခံထားရတဲ့ အရွက်တွေထဲမှာ ဆောင်းခိုခြင်းကို ပြုလုပ်ပါတယ်။ နွေရာသီအစောပိုင်းကာလတွေမှာ ဒီမှိုဟာ အရွက်သေတွေရဲ့ မျက်နှာပြင်နှစ်ဖက်လုံးမှာ စပိုးထုတ်လုပ်နိုင်တဲ့ပုံစံတွေကို တည်ဆောက်ထားပါတယ်။ ၎င်းတို့ဟာ နွေလယ်လောက်ရောက်တဲ့အခါမှာ မှိုစပိုးတွေကို အများအပြား ထုတ်လုပ်ပါတော့တယ်။ ရေစီးဆင်းမှုရှိပါက ၎င်းမှိုစပိုးတွေဟာ ၂၄ နာရီအတွင်း အညှောင့်ပေါက်လာပြီး ရောဂါကူးစက်ခြင်းကိုဖြစ်စေပါတယ်။ အရွက်ရင့်တွေနဲ့ သက်လတ်ပိုင်းအရွက်တွေဟာ အရွက်နုတွေထက် ပိုမိုလွယ်ကူစွာရောဂါကူးစက်ခံရနိုင်ပါတယ်။

ရွက်ခြောက်ရောဂါ (Leaf Blight Disease)

    ရွက်ခြောက်ရောဂါဟာ ရွက်ပြောက်ရောဂါနဲ့ အနည်းငယ်ဆင်တူပါတယ်။ ရွက်ခြောက်ရောဂါကို ဖြစ်ပွားစေတဲ့ မှိုကတော့ Phomopsis obscurans ဖြစ်ပါတယ်။ အရွက်နုကလေးတွေမှာ စက်ဝိုင်းပုံသဏ္ဌာန် ခရမ်းရောင်၊ နီညိုရောင် အစက်အ​ပြောက်တွေ တစ်ခုနဲ့အထက်တွေ့ရခြင်းကနေ ရောဂါလက္ခဏာစတင်ပါတယ်။ ယင်းအစက်အပြောက်ကနေ တဖြည်းဖြည်းကြီးလာပြီး V ပုံသဏ္ဌာန် ရေစိုနာအကွက်တွေ ဖြစ်လာပါတယ်။ အဲ့ဒီရေစိုနာကွက်တွေဟာ အတွင်းဘက်မှာ အညိုဖျော့ရောင်ရှိပြီး အပြင်ဘက်က အညိုရင့်ရောင်ရှိပါတယ်။ ရေစိုနာတွေဟာ ရွက်ကြောတလျှောက် လှိုက်စားလာပြီးနောက်မှာတော့ အရွက်နုကလေးတစ်ခုလုံး အညိုရောင်ပြောင်းသွားစေပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာဆိုရင် မြစ်လျှောက်ပင်စည်၊ သီးခိုင်၊ ရွက်ညှာတွေကိုပါ ရောဂါကူးစက်စေပြီး ပင်စည်ကိုပါသေစေနိုင်ပါတယ်။

    ဒီမှိုဟာ အပင်မှာကပ်ကျန်နေတဲ့ ရွက်ဟောင်းတွေထဲမှာ မှိုမျှင်စုတွေအဖြစ်နဲ့ ဆောင်းခိုခြင်းကိုပြုလုပ်ပါတယ်။ မှိုစပိုးတွေဟာ နွေရာသီအစောပိုင်းမှာ မိုးရေစက်တွေအကူအညီနဲ့ ပျံ့နှံ့ပါတယ်။ ဒီရောဂါဟာ နွေနှောင်းပိုင်းကာလမှာ အရွက်ဟောင်းတွေကို အများဆုံးဖျက်ဆီးပါတယ်။ ဒီရောဂါ ကျရောက်မှုဆိုးရွားလာတဲ့အခါ အပင်ကို အားအင်ချိနဲ့စေပြီး အထွက်နှုန်းလျော့ကျခြင်းကို ဖြစ်စေပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

    ရွက်ပြောက်ရောဂါနဲ့ ရွက်​လောင်ရောဂါတို့ကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနိုင်တဲ့ နည်းလမ်းကတော့ ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးချယ်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ရွက်ခြောက်ရောဂါအတွက် ခံနိုင်ရည်ရှိတဲ့မျိုးကတော့ ယနေ့တိုင် တွေ့ရှိခြင်း မရှိသေးပါဘူး။ 

သို့ဖြစ်၍ အောက်ပါ စိုက်နည်းပျိုးနည်းတွေနဲ့လည်း ရောဂါကာကွယ်နှိမ်နင်းမှုကို ပြုလုပ်နိုင်ပါတယ်။ 

    •  ရောဂါဖြစ်နေတဲ့ အရွက်တွေနဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းဖယ်ရှားပေးပါ။

    • ပင်ကြား တန်းကြားကို အထူးဂရုပြုလုပ်ဆောင်ပေးပါ။

    • အပင်ကို အလင်းရောင်ကောင်းစွာရရှိပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ နေရောင်ခြည်တစ်နေ့လုံးရရှိပြီး၊ ရေသွင်းရေထုတ်လည်း ကောင်းပါစေ။

    • ပေါင်းပင်တွေဟာ လေဝင်လေထွက်ကိုပိတ်ပင်စေပြီး အရွက်ရဲ့ခြောက်သွေ့ချိန်ကို မြင့်တက်စေတာမို့ ပေါင်းပင်တွေကိုလည်း ပုံမှန်ရှင်းလင်းပေးသင့်ပါတယ်။

    • နိုက်ထရိုဂျင်ဓာတ်မြေသြဇာဟာ ခံနိုင်ရည်မရှိတဲ့အရွက်သစ်တွေကို များစွာထွက်လာနိုင်တဲ့အတွက် မြေပြင်တဲ့အချိန်မှာသာ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို အသုံးပြုပေးသင့်ပါတယ်။

    • ရိတ်သိမ်းပြီးနောက် ရောဂါကူးစက်ခံထားရတဲ့အရွက်တွေကို ရှင်းလင်းသုတ်သင်ပေးပါ။

    ဒါ့အပြင် မှိုသတ်ဆေးများကိုအသုံးပြုလိုပါက စတော်ဘယ်ရီအတွက် သတ်မှတ်ထားတဲ့ မှိုသတ်ဆေးတွေကို ပါဝင်တဲ့အညွှန်းအတိုင်း (သို့မဟုတ်) ပညာရှင်များရဲ့ လမ်းညွှန်မှုအတိုင်း စနစ်တကျ သုံးသင့်ပါတယ်။ သို့သော်လည်းပဲ အရွက်ရောဂါကို ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ ခံနိုင်ရည်ရှိတဲ့မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းကသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် သာ၍ကောင်းမွန်သည် မဟုတ်ပါလား။

    အားလုံးပဲ ပိုးမွှားရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်း အထွက်တိုးတဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်ရင်း အဆင်ပြေနိုင်ကြပါစေ။

Reference: https://ohioline.osu.edu/factsheet/plpath-fru-35?fbclid=IwAR14Zk8egKaDCe8Qxm4yLQbG7BmmhYDz9NrH1emVUDXRzXGPrBpfEV1sLWM

https://ag.umass.edu/fruit/fact-sheets/strawberry-ipm-common-foliar-diseases?fbclid=IwAR0k66hLTc17lYa-5sbcpzJpSD4PCXDqTP4nttIkGNItNkpRE38ix_yjjE4

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)