ပဲမြစ်ဖုတွေက ဘယ်လိုအကျိုးပြုသလဲနှင့် ပဲသီးလှည့်စိုက်ခြင်းရဲ့ ကောင်းကျိုးများ

19/01/2023 13:00 PM တွင် Aye Aye Aye Aye မှ ရေးသား

 

အပင်အာဟာရ

အပင်အာဟာရဆိုတာနဲ့ တောင်သူများ ပထမဆုံးတန်းမြင်မိတာကတော့ N, P, K ပဲ ဖြစ်ကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ အပင်က အများဆုံးလိုအပ်တဲ့ အာဟာရတွေ ဖြစ်နေတာကိုး။

လယ်ယာသီးနှံစိုက်မယ်ဆို သီးနှံအထွက်ကို သက်ရောက်နေတဲ့ ပထမဆုံးအာဟာရကတော့ နိုက်ထရိုဂျင်ပါ။ နိုက်ထရိုဂျင်(N) ဟာဆိုရင် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖို့အတွက် အလွန်အရေးပါပါတယ်။ စိုက်သီးနှံပင်တော်တော်များများဟာ အာဟာရကို ရယူစားသောက်ပြီး ကြီးထွားပွင့်လန်းကြပေမဲ့ တချို့အပင်တွေကျတော့ သူတို့စားသုံးတာထက်တောင်ပိုပြီး အာဟာရပြန်ထုတ်လုပ်ပေးနေတာတွေလည်း ရှိပါတယ်။

သီးလှည့်စိုက်ခြင်းဆိုတာ...

သီးလှည့်စိုက်ခြင်းဆိုတာဟာ မြေဧကတစ်ခုတည်းပေါ်မှာ မတူညီတဲ့သီးနှံတွေကို ဆက်တိုက်တစ်လှည့်စီ စိုက်ခြင်းမျိုးပါ။ အဲ့ဒီလိုစိုက်ခြင်းဖြင့် စိုက်မြေရဲ့ ကျန်းမာရေးတိုးတက်လာစေခြင်း၊ မြေထဲရှိ အာဟာရဓာတ် ကောင်းမွန်စေခြင်း၊ ပိုးမွှားနှင့် ရောဂါများ ကျရောက်မှုကို ထိန်းချုပ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ (ဥပမာ- ပြောင်းနှင့်ပဲ၊ နှမ်းနှင့်ပဲ စသည်ဖြင့်)

ပဲပင်များနှင့် သီးလှည့်စိုက်ခြင်း

ကမ္ဘာတစ်ဝန်းမှာ ပဲမျိုးစိတ်ပေါင်း (၂၃၀၀၀) နီးပါးရှိပြီး အဲ့ဒီမျိုးစိတ်တွေထဲကမှ အနည်းငယ်ကိုသာ စီးပွားဖြစ်စိုက်ကြတာ တွေ့ရပါတယ်။ ပဲသီးနှံနဲ့သီးလှည့်စိုက်လိုက်ခြင်းဖြင့်  အရင်သီးနှံက စားသုံးလိုက်လို့ ကုန်ခန်းသွားတဲ့ နိုက်ထရိုဂျင်အာဟာရဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရုံသာမက နောက်စိုက်သီးနှံအတွက်လည်း နိုက်ထရိုဂျင်အာဟာရ ထောက်ပံ့ပေးပါတယ်။ ပုံမှန် အာဟာရသုံးယူမှုနည်းတဲ့သီးနှံတွေမှာသာမက  ပြောင်းလိုမျိုး အာဟာရဓာတ်စုပ်ယူမှုများတဲ့ သီးနှံတွေမှာပါ ပဲပင်နဲ့သီးလှည့်စိုက်ပေးမယ်ဆိုး အကျိုးရှိစေနိုင်ပါတယ်။  

ရိုင်ဇိုဘီးယားဘက်တီးရီးယား (Rhizobia bacteria)

Rhizobia bacteria ဟာ စိုက်ပျိုးရေးကဏ္ဍမှာ အလွန်အရေးပါတဲ့ အဏုဇီဝသက်ရှိတစ်မျိုးဖြစ်ပါတယ်။ လက်ခံပင်မှာ မြစ်ဖုများဖြစ်စေတဲ့ ဘတ်တီးရီးယားမျိုးစုမှာ ပါဝင်ပါတယ်။ အဆိုပါ Rhizobia bacteria ဟာ ပုံမှန်ဆိုရင် စိုက်မြေထဲမှာ ရှိနေတတ်သလို သူတို့ပါဝင်တဲ့  ပဲမြစ်ဖုဇီဝမြေဩဇာတွေကိုလည်း အပြင်စျေးကွက်ထဲမှာ တေွ့နိုင်ပါတယ်။ မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေဩဇာနဲ့လူးနယ်စိုက်ခြင်းဖြင့် နိုက်ထရိုဂျင်ဖမ်းယူမှု ပိုကောင်းစေပါတယ်။ ရေစိုစွတ်ရုံ ဖျန်းပေးပြီး နှံ့စပ်အောင်နယ်ကာ ချက်ချင်းစိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီဘတ်တီးယားတွေဟာ လေထုထဲရှိနိုက်ထရိုဂျင်ကို လက်ခံပင်မှာ နေထိုင်ပြီး ဖမ်းယူတာပါ။

ဒီလိုမျိုးဖြစ်စဉ်ကို ပဲတောင့်ပင်များ၊ ပဲလုံးပင်များ၊ ပဲပုပ်ပင်၊ ကလိုဗာ(Clover) နဲ့ အယ်ဖာဖာ (alfalfa) အစရှိတဲ့ ပဲမျိုးရင်းဝင်အပင်တွေမှာ တွေ့ရှိနိုင်ပါတယ်။

ပဲပင်နှင့် Rhizobia bacteria တို့ အပြန်အလှန်အကျိုးပြု၍ အာဟာရထောက်ပံ့ပုံ

ပဲပင်နဲ့ Rhizobia bacteria တို့ဟာ အပြန်အလှန်အကျိုးပြုသောဆက်သွယ်ချက်ရှိပြီး အပင်အာဟာရအတွက် အရေးပါပါတယ်။ ပဲစေ့များ အညှောက်ပေါက်ပြီး သိပ်မကြာခင်မှာပဲ စိုက်မြေထဲက Rhizobia bacteria ဟာ ပဲပင်မြစ်မွှားတွေကတဆင့် ပင်မအမြစ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပါတယ်။

အမြစ်ထဲရောက်ပြီဆိုရင် ဘက်တီးရီးယားတွေဟာ လျင်မြန်စွာပွားများပြီး ပဲပင်တစ်လသားခန့်ရောက်ပြီဆိုရင်တော့ မြစ်ဖုများဖြစ်စေကာ ကောင်းစွာဖမ်းယူနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီလိုနေထိုင်ပြီး မြစ်ဖုပတ်ပတ်လည်လည်ရှိ မြေလွှာအပေါက်လေးတွေကတဆင့် လေထုထဲရှိ နိုက်ထရိုဂျင်ဓာတ်ငွေ့ (N2 )ကို ဖမ်းယူပေးပြီး ဒီလိုဖမ်းယူလိုက်တဲ့နိုက်ထရိုဂျင်တွေဟာ အပင်မြစ်ဖုနဲ့ အပင်အကြွင်း အကျန်တွေမှာ အော်ဂဲနစ်ပုံစံအနေနဲ့ရှိနေတာဖြစ်ပါတယ်။ ဒီလိုအော်ဂဲနစ်ပုံစံကို အပင်က အသုံးပြုနိုင်/စားသောက်နိုင်ဖို့ဆိုရင်တော့ အမိုးနီးယား (NH3) ပုံစံသို့ ပြောင်းလဲသွားဖို့လိုပါတယ်။ မြေကြီးဟာ အေးတဲ့အခြေအနေဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒီပုံစံကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။

မြစ်ဖုထဲရှိ အင်ဇိုင်း Nitrogenase ဟာ  N2  ပုံစံကနေ NH3  အဖြစ်သို့ ပြောင်းဖို့ဆိုရင် စွမ်းအင်များစွာ ကုန်ခန်းပါတယ်။ ဒီလိုလိုအပ်တဲ့စွမ်းအင်အတွက် ပဲပင်ဟာ အစာချက်လုပ်ခြင်းမှ ရရှိလာတဲ့ ကာဗွန်ဟိုက်ဒရိတ်ကို မြစ်ဖုဆီ ပို့ဆောင်ခြင်းဖြင့် ထောက်ပံ့ပေးပါတယ်။ 

မြေပဲ၊ ကလိုဗာ (clover) ၊ အယ်လ်ဖာဖာ (alfalfa)  တို့ဟာ နောက်သီးနှံအတွက် သိသိသာသာ နိုက်ထရိုဂျင်ထောက်ပံ့ပေးတဲ့အပြင် မြေဖုံးသီးနှံအနေနဲ့စိုက်မယ်ဆိုရင်လည်း မြေရေတိုက်စားမှုကို လျှော့ချပေးနိုင်လို့ အကျိုးနှစ်ဆ ရရှိစေပါတယ်။ ပဲပုပ်ပင်ကိုလည်း သီးလှည့်စိုက်ခြင်းမှာ အသုံးများပြီး ပြောင်း၊ နေကြာစတဲ့ သီးနှံတို့နဲ့ သီးလှည့်စိုက်နိုင်ပါတယ်။ လက်ခံပင်အမျိုးအစားအလိုက် Rhizobia မျိုးစိတ် အမျိုးအစားတော့ ကွဲပြားပါတယ်။

နိုက်ထရိုဂျင်ဓာတ်ငွေ့ပမာဏဟာ လေထုထဲမှာ(၇၈) ရာခိုင်နှုန်းရှိပြီး ပဲတစ်ရာသီစိုက်ခြင်းဖြင့် မြေထဲသို့ နိုက်ထရိုဂျင်ဓာတ် (၁၀-၂၀) ရာခိုင်နှုန်းထိ ထောက်ပံ့ပေးနိုင်ပါတယ်။ နိုက်ထရိုဂျင်ဟာ အထွက်နှုန်းနဲ့လည်း တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။ ကောင်းမွန်တဲ့ ပဲစေ့များဖြစ်လာစေဖို့ လိုအပ်တဲ့ နိုက်ထရိုဂျင် ပမာဏ(၅၀-၈၀) ရာခိုင်နှုန်းကို လေထုထဲကနေ ဖမ်းယူခြင်းမှ ရရှိကြပါတယ်။ ပဲပင်များသေသွားပြီးတဲ့အခါမှာတော့ မြစ်ဖုများပြိုကွဲသွားပြီး ဘတ်တီးရီးယားတွေဟာ စိုက်မြေထဲသို့ ပြန်လည်နေထိုင်ပါတယ်။ နောက်ပိုင်းပြန်စိုက်တဲ့အခါမှာတော့ တစ်ဖန်ပြန်လည်ပြီး ပဲပင်များထဲ ဝင်ရောက်နေထိုင်ပြီး နိုက်ထရိုဂျင်ဖမ်းယူခြင်း ပြန်လည်လုပ်ဆောင်ပါတယ်။

သတိပြုရန်အချက်များ

နိုက်ထရိုဂျင်ဖမ်းယူနိုင်မှုဟာ ပဲပင်အမျိုးအစား၊ ဘတ်တီးရီးယားရဲ့ လှုပ်ရှားမှု၊ မြေအမျိုးအစားနဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပမာဏကွဲပြားနိုင်ပါတယ်။ စိုက်မြေထဲမှာ နိုက်ထရိုဂျင်ပမာဏများနေမယ်ဆိုရင်တော့ လေထုထဲရှိ နိုက်ထရိုဂျင် ဖမ်းယူမှုကို အားနည်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖမ်းယူမှု မစတင်ခင်မှာပဲ ပဲပင်ဟာ မြေထဲမှ နိုက်ထရိုဂျင်ပမာဏကို လိုသလောက်ပေါပေါများများ ရရှိနေတာကြောင့်ပါ။ အပင်အစောပိုင်းကာလ မြေထဲမှာ နိုက်ထရိုဂျင်ပမာဏနည်းလွန်းနေခြင်းဟာလည်း အပင်ဖြစ်ထွန်းမှုကို အားနည်းစေပြီး ဖမ်းယူနိုင်စွမ်း ကျဆင်းလာစေတတ်ပြန်ပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ပမာဏအနည်းငယ်ကိုတော့ ထည့်ဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ပဲသီးနှံကို သီးလှည့်စိုက်ခြင်းမှာ အသုံးပြုခြင်းဖြင့်  ပဲသီးနှံစိုက်ရာသီမှာ နိုက်ထရိုဂျင်ပမာဏနည်းနည်းသာထည့်ဖို့လိုအပ်ပြီး နောက်စိုက်သီးနှံအတွက်လည်း မြေထဲမှာ နိုက်ထရိုဂျင်ဓာတ်ချန်ထားခြင်းဖြင့် ထောက်ပံ့ပေးလို့ နှစ်ဆအကျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါတင်ပဲလားဆိုတော့ ကျန်သေးပါတယ်ရှင့်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းဖြင့် ပိုးမွှား၊ ရောဂါများ ဘဝစက်ဝန်းအပြည့်အဝဖြစ်ပေါ်ပွားများလာခြင်းကိုလည်း ထိန်းချုပ်ပေးပြီးသား ဖြစ်သွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောင်းထုတ်လုပ်ရာမှာ ကျရောက်တတ်တဲ့ rootworms( ပြောင်းမြစ်ဖျက်ဆီးပိုး) ဟာ ပြောင်းအကြွင်းအကျန်တွေမှာ ဥအုပြီးမှ ဘဝစက်ဝန်းပြီးမြောက်ပြီး ဖျက်ဆီးခြင်းမျိုးကို လုပ်ဆောင်နိုင်မှာ ဖြစ်လို့ ပဲနှင့် သီးလှည့်စိုက်လိုက်မယ်ဆိုရင် ဘဝစက်ဝန်းကို အပြည့်အဝမဖြစ်ပေါ်အောင် ထိန်းချုပ်နိုင်ပြီးသား ဖြစ်သွားစေမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ဆိုရရင်တော့ အခုလို ဓာတ်မြေသြဇာ စျေးကြီးနေချိန်မျိုးမှာ ပဲပင်နဲ့သီးလှည့်စိုက်ခြင်းဖြင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ဝယ်ယူရမဲ့ ကုန်ကျစရိတ်ကို လျော့ချနိုင်မဲ့ အကျိုးကိုလည်း ရနိုင်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေရှင့်။

Ref; https://bookstore.ksre.ksu.edu/pubs/l778.pdf 

https://bit.ly/3GKguXi

https://en.wikipedia.org/wiki/Rhizobia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်