မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဘာသာစကား

15/10/2024 11:12 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

စီးပွားရေးကဏ္ဍအသီးသီးမှာ ဘာသာဗေဒက ဘယ်လောက်အရေးပါသလဲဆိုတာ တွေးတောကြည့်မိနေရင်း တစ်ခါတုန်းက မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကို သတင်းဌာနတစ်ခုက မေးလာလို့ အဖွဲ့ချုပ်ကိုယ်စား ဖြေပေးခဲ့ရဖူးတာလေးကို သတိရမိတယ်။ 

"မွေးမြူရေး နဲ့ ရေလုပ်ငန်း ၂ခုလုံး က မွေးမြူရေးတွေချည်း ဖြစ်လျက်သားနဲ့ မွေးမြူရေး (livestock) နဲ့ ရေလုပ်ငန်း (fisheries) ဆိုပြီး ဘာကြောင့် ခွဲထားတာလဲ" ဆိုတဲ့ မေးခွန်းပါ။ 

မွေးမြူရေးနဲ့ ရေလုပ်ငန်းဟာ အခြေခံအားဖြင့် ပြည်သူလူထုအတွက် အရည်အသွေးမြင့်အသားဓာတ် (animal protein) ရရှိအောင် မွေးမြူထုတ်လုပ်ပေးတဲ့ လုပ်ငန်းတွေ လို့ အတူတူပဲလို့ ခြုံငုံပြောရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ သဘာဝတွေလည်း ရှိပါတယ်။ 

Livestock ကို မြန်မာဘာသာနဲ့ "မွေးမြူရေး" လို့ ခြုံငုံပြီး ဘာသာပြန်ဆို ကြပါတယ်။ 

ကမ္ဘာ့နိုင်ငံ အတော်များများမှာတော့၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် မွေးမြူရေးတွေကိုသာ  "Livestock" လို့ခေါ်ဆိုကြပြီး၊ ကြက်၊ ဘဲ၊ ငုံး၊ အစရှိတဲ့ သတ္တဝါတွေ မွေးမြူတာကိုတော့ "poultry production" လို့ ခေါ်ကြပါတယ်။ 

မြန်မာဘာသာစကားမှာတော့  "livestock" "poultry production" နဲ့ "aquaculture" သုံးခုလုံးအတွက် "မွေးမြူရေး" လို့ ပြောဆိုတတ်ကြပါတယ်။ 

ရုံးသုံးမြန်မာစကားမှာတော့ "livestock" ကို မွေးမြူရေးလို့ ဘာသာပြန်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံး အကုန် ပါဝင်နေပါတယ်။ 

ဘယ်လိုဖြစ်ဖြစ် အဲဒီသတ္တဝါတွေ အားလုံးဟာ "ကုန်းမြေပေါ်မှာ လူတွေက မွေးမြူနည်းစနစ် တစ်ခုကို အသုံးပြုပြီး မွေးမြူထားတဲ့ သတ္တဝါတွေ" ဖြစ်ပါတယ်။ 

ရေလုပ်ငန်း (Fisheries) လို့ ပြောလိုက်ရင်လည်း နှစ်ပိုင်းခွဲပြီး စဉ်းစားကြပါတယ်။ 

လူတွေက ငါး၊ ပုစွန်၊ ဂဏန်းအစရှိတဲ့ ရေသတ္တဝါတွေကို မွေးမြူနည်းစနစ်တစ်ခုနဲ့ မွေးမြူထုတ်လုပ်တာကိုတော့  "ရေသတ္တဝါမွေးမြူရေး (Aquaculture)" လို့ ခေါ်ပါတယ်။ 

ရေလုပ်ငန်း  (Fisheries) မှာ ရေသတ္တဝါမွေးမြူရေး အပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ် စတဲ့ သဘာဝထဲမှာ ရှိနေတဲ့ သဘာဝ ရေသတ္တဝါသယံဇာတ တွေကို ဖမ်းယူတဲ့ လုပ်ငန်းလည်း ပါဝင်ပါတယ်။ 

ဒါကြောင့် ရေလုပ်ငန်းလို့ ပြောလိုက်ရင် မွေးမြူရေး မဟုတ်တဲ့ လုပ်ငန်းလည်း ပါဝင်နေပါတယ်။ 

"Poultry production" ဆိုတာ ကြက်၊ ဘဲ၊ ငုံး၊ ကြက်ဆင် စတာတွေ အကုန်ပါဝင်ပေမယ့် များသောအားဖြင့် "ကြက်မွေးမြူရေး" လို့ပဲ ဘာသာပြန်ဖြစ်ကြတာလည်း သတိထားမိပါတယ်။ ကြက်ကို ကောင်ရေ အများဆုံး မွေးမြုထားလို့လည်း ဖြစ်နိုင်ပါတယ်။ 

ဒါက မွေးမြူရေး နဲ့ ရေလုပ်ငန်း ခွဲခြားရတဲ့ အချက်တစ်ချက် ဖြစ်တဲ့ ဘာသာစကားကိစ္စ အပေါ် ရှင်းပြဖြစ်ခဲ့တာပါ။ 

မွေးမြူရေး (livestock) နဲ့ ရေလုပ်ငန်း (fisheries) ဆိုပြီး ခွဲခြားထားရခြင်းရဲ့ နောက်ထပ် အကြောင်းတစ်ချက်ကတော့ ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါ တွေဟာ မတူကွဲပြားတဲ့ သဘာဝရှိတာမို့၊ မွေးမြူထုတ်လုပ်ပုံ၊ ကျရောက်တဲ့ ရောဂါ၊ စသည်ဖြင့် ကွဲပြားတဲ့ အခြေအနေတွေ ရှိတာကြောင့်၊ စီမံခန့်ခွဲပုံလည်း ကွာခြားပါတယ်။ ဒီအပေါ်မှာလည်း မွေးမြူရေး နဲ့ ရေလုပ်ငန်း လို့ ခွဲခြားထားတာ ဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဘာသာစကားကိစ္စတွေကို ပေါ့သေးသေးတော့ တွက်လို့မရပါဘူး။ စကားလုံးတစ်လုံးအပေါ် အကောက်အယူမတူတဲ့အခါ၊ အဓိပ္ပာယ်ဖွင့်ပုံ မတူတဲ့အခါ မူဝါဒဆိုင်ရာမှာတောင် ပြဿနာ တက်နိုင်ပါတယ်။ ဘာသာစကားဟာ နေရာတိုင်းအတွက် အရေးကြီးပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်