စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးနိမ့်လို့ တင်ပို့ခွင့်မရတာတွေရဲ့ နောက်ကွယ် ( ၂၀၁၆ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်ဆောင်းပါး )

19/01/2018 14:03 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

စီးပွားကူးသန်း လက်ထောက်ဝန်ကြီး ဦးခင်မောင်လွင် လယ်ယာထုတ်ကုန်နဲ့ ပတ်သက်ပြီး 7day ဂျာနယ်မှာ အရည်အသွေး နိမ့်ကျမှုတွေကြောင့် အိန္ဒိယ တရုတ် ဝယ်လက် စတာတွေက ထုတ်ကုန်ဝယ်ယူမှုတွေ ထိခိုက်တယ်လို့ ပြောကြားမှုကို လက်ခံပါတယ်။ဒါဆို အရည်အသွေး ဘာလို့နိမ့်တာလဲ ပြောရင် မျိုးစေ့ကြောင့် ပိုးသတ်ဆေး မှိုသတ်ဆေး ပေါင်းသတ်ဆေး ဓာတ်ကြွင်းကြောင့် မြေသြဇာ အလွန်အကျွံသုံးလို့ ပိုးကျလို့ ရောဂါကြောင့် မြေချဉ်လို့ ငံလို့ ဆိုတဲ့ အကြောင်းတရားတွေကြောင့်ပဲလို့ ကျွန်တော် အပါအဝင် လူအများစု ဒီလိုပဲ ဖြေမှာပဲ။

ဒါဆို ဒါတွေမဖြစ်အောင် ကာကွယ်တားဆီးလုပ်ကိုင်ဖို့ မလုပ်ကြဘူးလားဆိုရင် အဘက်ဘက်မှာ အခက်ခဲတွေ များလှတယ် ပြောကြမှာပဲ။  ဒါပေမယ့် ကျွန်တော် မြင်တဲ့ အကြောင်းအရာလေးတွေ ထောက်ပြချင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တိုက်ရိုက်ကော သွယ်ဝိုက်ပြီးကော ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ ဆိုတာကို ဆွေးနွေးလိုပါတယ် ။ယေဘူယျ ပြောရင်တော့ လယ်ယာကုန် ထုတ်လုပ်သူ တောင်သူတွေက အဓိကဆို မမှားပါဘူး။ ဒါပေမယ့် လက်ရှိဖြစ်စဉ် အကြောင်းအရာမှာ လယ်ယာထုတ်ကုန်တခု ထုတ်လုပ်ဖို့ တောင်သူ၊ ကုမ္ပဏီ၊ အစိုးရ၊ စိုက်ပျိုးရေးဌာန၊ ပွဲစား၊ စီးပွား ကူးသန်း စတာတွေဟာ အဆင့်ဆင့် ဆက်နွယ်မှု ရှိတဲ့အတွက် တောင်သူအပြင် ကျန်တဲ့ အဖွဲ့အစည်းတွေဟာ မပါမဖြစ် သွယ်ဝိုက်ဆက်နွယ်မှု များနေတယ်လို့ မြင်မိတယ်ဗျ။

မြန်မာပြည် တောင်သူတွေ အများစုမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ မျိုး ပိုးသတ် မှိုသတ်ဆေး မြေသြဇာ နည်းပညာကိုင်တွယ် ဖြေရှင်းမှု ရာသီဥတု အခြေအနေ ကျွမ်းကျင်မှု စတာတွေမှာ တကယ်ပြီးပြည့်စုံမှသာ အရည်အသွေးပြည့်မှီတဲ့ လယ်ယာထုတ်ကုန်ကို ထုတ်လုပ်နိုင်ပါလိမ့်မယ်။ သူတို့ကို အခုလို အသိတရားတွေကို ဖြည့်ဆည်းပေးမယ့် ကွင်းဆင်းဝန်ထမ်းတွေနဲ့ ထိတွေ့မှု ဘယ်လောက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီလဲ ဆိုတဲ့ မေးခွန်းကို ဖြေစရာလို ပါလိမ့်မယ်။ ဒီမေးခွန်းအဖြေကလည်း စိုက်ပျိုးရေးဌာနတိုင်းမှာ ဝန်ထမ်းအင်အား မပြည့်မှီတဲ့အတွက် လုပ်တော့လုပ်နေပါပြီ။ အချို့နေရာတွေ ထိန်းလာနိုင်ပေမယ့် ဝေးလံတဲ့နေရာတွေကို မဖြေရှင်းနိုင်သေးဘူးဆိုတာ မှားမယ်မထင်ပါဘူး။ သူတို့ အင်အားရှိသလောက် တတ်နိုင်သလောက် လုပ်နေကြပါပြီ။ ဒါပေမယ့် သူတို့အတွက် လိုအပ်ချက်တွေ မပြည့်စုံမှုတွေ များနေပါသေးတယ်။

မျိုးကောင်း မျိုးသန့် လိုအပ်ချက်ကို ပြောကြကြေးဆိုလျှင် စိုက်ပျိုးရေးဌာန နှစ်ပေါင်း ၃၀-၄၀ကျော်လာပေမယ့် အခုချိန်ထိ တောင်သူအများစုမှာ အစိုးရက ဘယ်လိုမျိုးစေ့တွေ ထုတ်လုပ်ထားတယ်။ ဘယ်မှာ မှာယူရမယ် မသိတဲ့အပြင် မျိုးကောင်းမျိုးသန့် ဆိုတဲ့အသိတောင် မေ့နေတဲ့လူ အတော်များများ ။တောင်သူတွေ လက်ရှိသုံးနေတဲ့မျိုးအများစုဟာ သူတို့အသက်ထက်တောင် အိုနေမလား မပြောတတ်တော့။

ကုမ္ပဏီဘက်က ကြည့်မယ်ဆိုရင်လဲ ကျွန်တော့အမြင် ကုမ္ပဏီ ဝန်ထမ်းတွေမှာ တနှစ်နယ်တနယ်ရောင်းကြေး သိန်း ဘယ်လောက်ဆိုတာကို စိုက်ပျိုးရေးထုတ်ကုန်အောင်မြင်မှုထက် ဦးစားပေးနေတယ်လို့ မြင်မိတယ်။ စိုက်ပျိုးရေးကျောင်းဆင်း အချင်းချင်း စော်ကားလို စိတ် အလျှင်းမရှိပါဘူး။ မိမိ အမြင်ကိုသာ ရေးခြင်းဖြစ်တဲ့အတွက် ကျွန်တော့ စကားမှားခဲ့ရင် စော်ကားသလိုဖြစ်ခဲ့ရင် တောင်းပန်တယ်ပေါ့ဗျာ။ မှားမယ်တော့ မထင်မိဘူးဗျ။ ကုမ္ပဏီ တခုစျေးကွက်ထိုးဖောက်ရာမှာ စျေးကွက်အတွင်း တွပ်ခြေကိုက်မယ့် နေရာတွေကိုသာ အဓိက ပစ်မှတ်အဖြစ် ခြေချင်းလိမ်အောင် ရောင်းအားမြင့်တင်ရေး မိမိကုမ္ပဏီဆေးသာ အသုံးပြုရေးကို အခြေခံထား တောင်သူအကြားမှာ ဖြေရှင်းနေတာ တွေ့မိပါတယ်။ ဘယ်ပိုး ဘယ်ရောဂါဖြစ်ဖြစ် ဆေးဖျန်းသင့်/မသင့်ထက် ဆေးဖျန်းဖို့ကို အရင် ဖြေရှင်းနေတဲ့အတွက် ဓာတ်ကြွင်းအာနိသင် အလွန်မင်းမြင့်တက်လာတယ်လို့ သုံးသပ်စရာရှိလာတယ် ။တောင်သူတွေကြားမှာ ဆေးအလွန်အကျွံကိုင်တွယ်သုံးစွဲမှုဟာ ဆေးဆိုင်တွေနဲ့ ကုမ္ပဏီ အချို့ရဲ့ ဘာဖြစ်ဖြစ် ဆေးဖျန်း ဆိုတာကနေ အကျင့်ပါကုန်တယ်ဆိုတာ ဖြစ်လာကြတယ်လို့ တွေးစရာရှိလာပါတယ်။

ကုမ္ပဏီတွေရဲ့ အဓိက စျေးကွက်ဇုံတွေ ဖြစ်လာတဲ့ မကွေး ပဲခူး အရှေ့ အနောက် ဧရာဝတီ မန္တလေးတိုင်း စတဲ့ ဒေသတွေမှာ ကုမ္ပဏီတွေ ခလုတ်တိုက်လုမတတ် ခြေချင်းလိမ်နေပေမယ့် သူတို့ဆီကနေ ဆေးကိုင်တွယ် ဖြေရှင်းအကြံဉာဏ်ပေးမှု အားနည်းချက်တွေကြောင့် အသိပညာနည်းတဲ့ တောင်သူတွေ ဆေးတွေ အလွန်အကျွံသုံးဆွဲပြီး လယ်ယာထုတ်ကုန် သီးနှံတွေ အရည်အသွေးအပိုင်းမှာ ကျဆင်းကုန်ပြီဆိုတာ မမှားသလောက်ပါ ။တောင်သူတွေမှာ ကုမ္ပဏီက ပညာရှင်တွေ အကြံပေးမှု အားနည်းချက်က တကြောင်း စိုက်ပျိုးရေးဌာနက ပညာရှင်တွေ အင်အားနည်းလို့ နေရာအနှံ့မရောက်တာက တကြောင်း အစစ ပြသနာတွေက နောက်ဆုံး တောင်သူကိုပဲ တပတ်ပြန်လည်စေပါတယ်။

အဆိုးဆုံး အချက်က ဆေး မြေသြဇာဇာစျေး မြင့်တက်မှုနဲ့ အခွန်မဆောင် ခိုးဝင်လာတဲ့ဆေးမြေသြဇာ တန်ဖိုးချိုသာ အလွန်အကျွံ သုံးစွဲမှုက လည်း အကြောင်း အဆိုးများတွေထဲက အချက်အလက်တွေပါ။ တရားဝင်တင်သွင်းတဲ့ ဆေးတွေမှာ အခွန်အခ ဝန်ထမ်းစားရိတ် တခြားခြားသောအကြောင်းတွေကြောင့် မှောင်ခို ဆေးတွေနဲ့ ယှဉ်မယ်ဆို စျေးက ၃ဆလောက် ကွာနေတာမျိုး အတော် ခြားနားနေတာတွေ့ရပါတယ်။ ဥပမာ ပေါင်းသတ်ဆေး လုပ်သားရှားပါးမှုတွေကြောင့် မဖြစ်မနေ သုံးရမယ့်အချိန်မှာ ကုမ္ပဏီတွေက တလီတာ ၈၀၀၀ -၁၀၀၀၀ ရောင်းနေချိန်မှာ ၄ လီတာတဗူးက တရုတ်က ဝင်တာဖြစ်ဖြစ် ယိုးဒယားကဖြစ်ဖြစ် ၁၅၀၀၀ဝန်းကျင်ရနေတော့ ၁၅၀၀၀တန် ဝယ်ပြီး အလွန်အကျွံသူံးမယ့်လူ က ၁၀၀မှာ ၈၀ လောက်ဖြစ်နေပြီ။ ဒါကို ကျတော်တို့ စိုက်ပျိုးရေးအဖွဲ့တွေက စနစ်တကျ ဘယ်လိုသုံးမယ်မပြောပဲ ငါ့ ကုမ္ပဏီ ငါထုတ်တဲ့ဆေး ဘယ်လို ကုန်အောင်ရောင်းမလဲ ဆိုတာကို ဦးစားပေးနေမယ်ဆိုရင် ကိုယ်လည်း မရောင်းရ ထိန်းချုပ်မှုလည်းမရ ဖြစ်သွားတတ် ပါတယ် ။ဖြစ်စဉ် တခုပြောစရာရှိပါတယ်။ ပဲစိုက်ရာသီမှာ ပရီဗာသွန် ပိုးသတ်ဆေးက မနှစ်က ပဲစိုက်တောင်သူတွေ အသုံးများပြီး အကြိုက်တွေ့စေပါတယ်။ ကုမ္ပဏီ တခုက တင်သွင်းပြီး ၁၀၀စီစီကို ၅၀၀၀ကျော်လောက်ရှိပါလိမ်မယ် ။စျေးတော့ သေချာမမှတ်မိခဲ့ပါဘူး။အခုဆိုရင် ယိုးဒယားက တရားမဝင်လာတဲ့ ပရီဗာသွန်ဟာ တလီတာကို ၂၀,၀၀၀ ဝန်းကျင် စျေးက ၂၀,၀၀၀အောက်လျော့သေးတယ်ဆိုတော့ အခု အချို့တောင်သူများ ပိုးကာကွယ်ဆေးအဖြစ် တရားမဝင်လာတဲ့ ပရီဗာသွန်ကို ထိန်းမရအောင် သုံးဖို့ အခြေနေဖြစ်လာပြန်ပါပြီ။

အချို့တောင်သူတွေက ကျွန်တော့ကို ပရီဗာသွန်ကို စိုက်ခင်းတရာသီလုံး မှာ ပိုးမလာအောင်အပင်ငယ်ထဲကနေ ခူးတဲ့အထိ ဖျန်းလို့ရလားမေးတဲ့သူမေး ဖျန်းတဲ့သူ ဖျန်းစပြုနေတာ ကျွန်တော်မြင်ခဲ့ ကြားခဲ့ပါပြီ။ ကုမ္ပဏီက ပရီဗာသွန်မဟုတ်ဘူး ယိုးဒယား တရုတ်က ဝင်လာတဲ့ တရားမဝင် ဆိုတဲ့ ပရီဗာသွန်ကိုပြောနေတာပါ။

ဒီလိုတွေ ဖြစ်လာရင် ဓာတ်ကြွင်းနဲတဲ့ အသီးအနှံ ဘယ်လိုများ ရပါအုံးမလဲ။ ဒါဆိုရင် တရားမဝင်ဆေးတွေကြောင့်လား လို့မေးစရာရှိပြန်ပါတယ်။ တရားဝင်တဲ့ဆေးတွေကို အရည်အသွေးကောင်းမွန်ပြည့်ဝပြီး အဖိုးနှုန်း သင့်တင့်ချိုသာတဲ့ ဆေးနဲ့ company တွေဘက်က ဖြန့်ဖြူးရောင်းချပေးမယ် ဆိုရင် တရားမဝင်ဆေးဆိုတာကို သုံးစရာ အကြောင်းမရှိတော့ပါဘူး။ တဘက်ကလည်း တောင်သူတွေ တကယ်လိုအပ်တဲ့ စနစ်တကျဆေး မြေသြဇာ အသုံးပြုမှုတွေကို မိမိ ဆေးရောင်းရဖို့ လျာထားချက် ပြည့်မှီဘို့ထက် ဆေးဖျန်းသင့်မှ ဆေးဖျန်းမယ် ။ဆေးဖျန်းရာမှာလည်း ထိထိရောက်ရောက်ဖြစ်အောင် လမ်းညွှန်စေမယ် ဆိုတာမျိုးကို ပထမဦးစားပေးကြမယ်ဆိုရင်တော့ GAPကို ထိန်းနိုင်လာလိမ့်မယ်။

မီဒီယာဖြစ်တဲ့ Farmer channel တွေကလည်း ကုမ္ပဏီက ဆေးတွေ အသုံးပြုလို့ ဘယ်လိုအထွက်တိုးတယ် (ကုမ္ဗဏီတွေက ပံ့ပိုးကူညီပေးတဲ့ အစီအစဉ် ဖြစ်နိုင်ပါတယ်) ဆိုတာမျိုးထက် Good agricultural practice စိုက်ပျိုးရေး အလေ့အထ ကောင်းတွေကို ရာသီအလိုက် သီးနှံအလိုက် အချိန်နဲ့ အညီ ထုတ်လုပ်ခြင်းဟာလည်း နည်းပညာပြန့်ပွားမှု လို့ ကျွန်တော်တွေးမိသဗျ။ company က အကူညီပေးမှုလိုက်ပြီး ဘယ်ဆေး ဘယ်အရာ ကောင်းတယ် ဘယ်ခြံကတော့ ဘယ်လိုအောင်မြင်တယ်တွေ ပြသနေမယ့်အစား စိုက်ခင်းမှာ ဘယ်လို စိုက်သင့်တယ်ဆိုတာမျိုးကို စိုက်ပျိုးရေးဦးစီးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ် လို့ ကြားဖြတ် အကြံပြုချင်ပါတယ်။

နောက် တခုက NGOအဖွဲ့တွေကို ပြောချင်ပါသေးတယ်။ သူတို့တွေ လုပ်ငန်းဆောင်ရွက်မှုမှာ အများဆုံးက organic ကိုပဲ သွားနေတယ်။ ဒါက တကယ်ကော တောင်သူတွေအတွက် effective ဖြစ်ရဲ့လား မေးစရာရှိပါသေးတယ်။ organic က အရမ်းကောင်းပါတယ် ။တောင်သူတွေ အော်ဂဲနစ်ကြောင့် အသီးနှံ အရည်အသွေး ကောင်းလာတယ်ထား အထွက်နှုန်းက တောင်သူတွေအတွက် ဝမ်းစာဖူလုံမှု ရှိပါ့မလားပေါ့နော်။ ကျွန်တော်မြင်တာက အော်ဂဲနစ်စနစ်ဟာ အခြေခံ တောင်သူတွေအတွက် အရမ်းကို အလှမ်းဝေးနေပါတယ် ။အော်ဂဲနစ် သင်တန်းတွေ ပေးရမှာပါ။ ဒါပေမယ့် ပိုးသတ်ဆေး မှိုသတ်ဆေး လက်တွေ့ ကျင်လည်စွာ အသုံးပြုမှုတွေကို ပေးနိုင်ခဲ့ရင် သူတို့ အသိတရားကို ပိုမို အလင်းမဖွင့်နိုင်တော့ဘူးလား။ ngo အဖွဲ့တွေ ဆောင်ရွက်နေတဲ့ အော်ဂဲနစ် သီးနှံတွေကို စျေးကြီးကြီးပေးပြီး ဝယ်စားနိုင်လောက်အောင် မြန်မာတွေ တိုးတက်လာကြပြီလားဆိုတာက အစ သတိထားသင့်ပါပြီ။

ngo အလှုရှင်များအနေဖြင့် တကယ် ထိရောက်မှု ရှိတဲ့ အလှုတခုဖြစ်ဖို့ဆျုရင် အခြေခံတောင်သူတွေ တကယ်လိုအပ်နေတဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနည်း မျိုးကောင်းမျိုးသန့် ထုတ်လုပ်ထိန်းသိမ်းနည်းတွေ ဓာတုပစ္စည်း စနစ်တကျ ကိုင်တွယ်မှုတွေကို တကယ် တတ်သိကျွမ်းကျင်အောင် တောင်သူတွေကို ပေးနိုင်ပြီးမှ အော်ဂဲနစ် နည်းပညာတွေ စိုက်နည်းစနစ်တွေ သွားသင့်တယ် လို့ ကျွန်တော် အမြင်ရှိပါတယ်။ဒါမှ အော်ဂဲနစ် စနစ်ကို ngo တွေ ဖော်ဆောင်နိုင်ပါလိမ့်မယ်။

စိုက်ပျိုးရေးနဲ့ အခြေခံသော နိုင်ငံဆိုပြီး ဆောင်ပုဒ်လောက် ဆိုင်းဘုတ်မှာ ချိတ်နေယုံနဲ့ မပြီးပါဘူး။ တကယ်လိုအပ်ချက်များပါတယ်။ အဘက်ဘက်က အကူညီတွေ လိုအပ်နေပါတယ်။

စိုက်ပျိုးရေးဌာနဆိုတာ နိုင်ငံရဲ့ အကြီးဆုံး ဌာနကြီးဖြစ်သလို စိုက်ပျိုးရေးနိုင်ငံအနေနဲ့ တကယ်ကို အလုပ်များတဲ့ ဌာနကြီးဖြစ်ပါတယ်။ အခုလို ဌာနက ဝန်ထမ်းတွေ စိုက်ပျိုးရေး အသိပညာပေး အခြေနေတွေ မျိုးကောင်းမျိုးသန့်ရရှိမှုတွေ စိုက်ခင်း ပြသနာ ဖြေရှင်းမှုတွေမှာ တောင်သူတွေ အားကိုး အားထားပြုရမယ့် ဌာနပါ။ ထို ဌာနတွေဟာ တောင်သူတွေ အားကိုးအားထားပြုထိုက်တဲ့ လူတွေအဖြစ် ဌာနတွေအဖြစ် ဖြစ်လာဖို့ အရမ်းလိုအပ်လာပါပြီ။ ဘယ်သီးနှံမှာ ဘယ်ကဲ့သို့ နည်းတွေနဲ့ စိုက် ဘယ်ပိုးကို ဘယ်ဆေးဖျန်းသင့်ပြီ မလိုအပ်ပဲ မဖျန်းသင့် စတာတွေကို ညွှန်ကြားပေးနေတဲ့ ဌာနကြီး အဖြစ် တောင်သူတွေ အားကိုးထိုက်တဲ့ ဌာနကြီးအဖြစ် ရပ်တည်လာစေ့ချင်ပါပြီ။

ဒီဆောင်းပါးကို ဖတ်ပြီး တောင်သူတွေအကျိုးအတွက် အတွေးတစ်ခုခု ရမယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။

Khant Zaw Htet


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်