မန္တလေးတိုင်း ဒေသကြီး ညောင်ဉီး ဒေသရှိ တောင်သူတွေအနေနဲ့ ရေငတ်ဒဏ်ခံနိုင်သောမျိုးများ ရေချွေတာသုံးစွဲရေးနည်းပညာတွေ မြေဆီလွှာ ထိန်းသိမ်းနည်းပညာတွေကို အသုံးပြုနေတဲ့အကြောင်းအရာများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများဟာဆိုရင် စိုက်ပျိုးရေးပညာရှင်တွေ၊ သုတေသန ပညာရှင်တွေ၊ နိုင်ငံတကာမှ အထောက်အပံ့တွေနှင့် မျိုးကောင်းမျိုးသန့်တွေ ရေချွေတာ သုံးစွဲနည်းစနစ်တွေ မြေဆီလွှာ ထိန်သိမ်းနည်းပညာများကို လေ့လာသိရှိနိုင်ပါတယ်။
အပိုင်း (၁)။ ။ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များ
အောင်ကျော်မိုး (သတင်းထောက်)။ ။ ရုပ်မြင်သံကြား ပရိတ်သတ်များခင်ဗျာ…ရေအသက် တစ်မနက် ၊ ရေကိုမူလ ချွေတာကြ ဆိုသလို လူသားတွေအတွက်ရေအရင်းအမြစ် မရှိမဖြစ် လိုအပ်သလို သက်ရှိအပင်တွေအတွက်လည်း ရေ က အရေးကြီးပါတယ်။ ဒါကြောင့် ရေကို အဓိကထားပြီး လုပ်ကိုင်ရတဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေရရှိဖို့ဟာလည်း အဓိကကျပါတယ်။ ဒါဆိုရင် ရေမရှိတဲ့ ပူပြင်းခြောက်သွေ့တဲ့နေရာတွေမှာ စိုက်ပျိုရေးလုပ်ငန်းတွေကို ဘယ်လိုများ လုပ်ကိုင်ကြမလဲ။ ကျေးလက်ဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ တောင်သူအများစုဟာ မိုးလေဝသနဲ့ ရာသီဥတုကို မှီခိုနေကြရပါတယ်။ စိုက်ပျိုးရေး နည်းလမ်းတွေကို မိရိုးဖလာနည်း အတိုင်းလုပ်ကိုင်နေကြ တာကြောင့် သီးနှံအထွက်လျော့နည်းလာကြ ပါတယ်။ လက်ရှိမှာ သိပ္ပံနည်းကျ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ စိုက်ပျိုး ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ တောင်သူတွေကို စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ မိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှာလည်း မြေဆီ လွှာ ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေကိုစနစ်တကျခြွေတာသုံးစွဲနည်းတွေကို စိုက်ပျိုးရေး မွေးမြူရေး ဆည်မြောင်း ဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ အေဂျင်စီ JICA တို့ ပူးပေါင်းပြီး စီမံကိန်းများချမှတ်ကာ ဆောင်ရွက်နေပါတယ်။ (00:00 – 01:20)
ဒေါက်တာ နာအိုရာ ဖူဂျီမိုတို (Chief Advisor, Dry Land Crop Cultivation, JICA)။ ။ (အင်္ဂလိပ် စကားပြော)… ပူပြင်းခြောက်သွေ့တဲ့ ဒေသမှာ မိုးရေချိန်ဟာ (၇၀၀) မီလီမီတာလောက်ဖြစ်ပြီး၊ တစ်နှစ်ထက် တစ်နှစ် ကွာဟမှုတွေ လည်း ရှိပါတယ်။ လယ်သမားတွေဟာ မိုးဘယ်တော့ ရွာမယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးပင်တွေအတွက် လိုအပ်တဲ့ရေကို ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကိုသာ ရမယ်ဆိုရင်၊ ဒီအခက်အခဲတွေကို သူတို့ ကျော်လွှာနိုင်မှာ ဖြစ်ပါတယ်။ (01:21 – 01:45)
အောင်ကျော်မိုး။ ။ JICA မှ ရေချွေတာသုံးစွဲတဲ့ စိုက်ပျိုးရေးနည်းပညာ တိုးတက်ရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင် ကာ ၂၀၁၈ အထိ (၅) နှစ်စီမံကိန်းကို မြင်းခြံ၊ မကွေး၊ ညောင်ဦးမြို့နယ်တို့မှာ တာဝန်ယူအကောင်အထည်ဖော်လျက် ရှိပါတယ်။ ရေမြေရာသီဥတုနဲ့ကိုက်ညီမယ့် စိုက်ပျိုးရေးနည်းလမ်းတွေကို တောင်သူတွေပိုမိုသိရှိလာစေဖို့ သက်ဆိုင်ရာ စိုက်ပျိုးရေးနည်းပညာဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ (01:46 – 02:10)
ဦးဌေးနိုင် (ခရိုင်ဦးစီးမှု၊ စိုက်ပျိုးရေးဦးစီးဌာန)။ ။ ကျနော်တို့ဆီကတော့ နည်းပညာကို အဓိက ပံ့ပိုးပါတယ်။ နည်းပညာ ပံ့ပိုးတဲ့ အချိန်မှာဆိုလို့ရှိရင် ဒီဒေသဟာ မိုးနည်းဒေသဖြစ်တဲ့အတွက်ကြောင့်၊ သက်တမ်းတိုတဲ့ သီးနှံတွေကို တောင်သူ တွေနဲ့ မိတ်ဆက်ပြီး၊ တောင်သူတွေကို ဖြန့်ဖြူးပေးတယ်။ နောက်တစ်ခါ ရေငတ်ဒဏ်ခံနိုင်တဲ့၊ ရေအနည်း ငယ်လိုတဲ့ သီးနှံမျိုးတွေနဲ့ ပြန်ပြီးအစားထိုးပြီး နည်းပညာတွေ ဖြန့်ဖြူးပေးတယ်။ နောက် စိုက်နည်းစနစ်တွေ၊ ရေအနည်းငယ်ပဲ လိုတဲ့ သီးနှံတွေ၊ Water Saving နည်းပညာတွေကို JICA Project နဲ့ အခြား NGO တွေနဲ့ ပေါင်းစပ်ပြီး တောင်သူ တွေဆီကို ဒီနည်းတွေကို ပြန့်နှံအောင်လုပ်ဖို့ ဒေသနဲ့ကိုက်ညီတဲ့ တောင်သူတွေအကျိုးအမြတ် ရလာဖို့အတွက် လုပ်ငန်းတွေနဲ့ နည်းပညာဖြန့်ဖြူးမှု တွေ ကျနော်တို့ဌာနအနေနဲ့ ဆောင်ရွက်နေပါတယ်။ (02:11 – 03:05)
အောင်ကျော်မိုး (သတင်းထောက်)။ ။ အရင်က ညောင်ဦးဒေသခံ တောင်သူတွေဟာ မိရိုးဖလာ နည်းလမ်းတွေကို သာ အသုံးပြုခဲ့ကြပြီး၊ အဓိကကျတဲ့ မျိုးရွေးချယ်စိုက်ပျိုးရာမှာ ရာသီဥတုနဲ့ကိုက်ညီနိုင်မယ့် ဒေသမျိုးရင်းတွေကိုသာ သုံးစွဲခဲ့ကြပါတယ်။ အခုအခါမှာတော့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူတွေဆီအရောက် ကွင်းဆင်းနည်းပညာပေး ဆောင်ရွက်လျက်ရှိတာကြောင့် တောင်သူတွေအနေနဲ့ နည်း စနစ်တွေကို ပိုမိုသိရှိလာပါတယ်။ ဒါအပြင် မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းတွေကိုလည်း တောင်သူတွေ ပိုမိုသိရှိ နားလည်လာပြီး ရေရှည်အကျိုးရှိစေမယ့် နည်းလမ်းတွေကို စနစ်တကျ ဆောင်ရွက်နေပါတယ်။ ဒါတွေက ဘယ် လောက်အထိ အထောက်အပံ့ဖြစ်စေသလဲ။ အရင် စိုက်ပျိုးရေးနဲ့ ဘာတွေကွာခြားမှု ရှိလာမလဲ။ လက်တွေသွား ရောက်မေးမြန်းခဲ့ပါတယ်။ (03:06 – 03:51)
အပိုင်း (၂)။ ။ မျိုးစေ့ အသစ်နှင့် စိုက်ပျိုးနည်းပညာအသစ်ကို လက်တွေ့စမ်းသပ်ခြင်း
အောင်ကျော်မိုး။ ။ အခုစိုက်ထားတဲ့ အနေအထားကလေ…
တောင်သူ ဦးသောင်းဝင်း (နတ်ပလင်ကျေးရွာ၊ ညောင်ဦးမြို့နယ်)။ ။ မျိုးကတော့ ဆင်းပဒေသာ (၁၁) မြေပဲမျိုးပေါ့။ စိုက်နည်းစနစ်ကတော့ လက်မ (၂၀) ခြားပြီး စိုက်တယ်။
အောင်ကျော်မိုး။ ။ အခုစိုက်ထားတဲ့ စနစ်တွေက အရင်စိုက်ပျိုးနည်းစနစ်နဲ့ ဘာကွာလဲ။
ဦးသောင်းဝင်း။ ။ အရင်စိုက်ပျိုးနည်းစနစ်က (၂၂) လက်မ ခွာပြီး စိုက်တာ။ နည်းနည်းလေးတော့ ကျဉ်းတာပေါ့၊ ဒါ့ထက် ကျဉ်းလို့လည်း ရတော့ရသေးတယ်။ အခုလောလောဆယ်က လက်မ (၂၀) စနစ်နဲ့ပဲ စမ်းသပ်စိုက်ပျိုးထား တာ ဖြစ်တယ်။
အောင်ကျော်မိုး။ ။ အခုအပင်က ဥချပြီလား။ ပြလို့ရမလား။
ဦးသောင်းဝင်း။ ။ ရပါတယ်ဗျ…(ဥ) ချတော့ ချပါပြီ။ (တောင်သူက မြေပဲပင်ကို ဆွဲနှုတ်ပြတယ်)
အောင်ကျော်မိုး။ ။ ဒါဆိုရင်…အစေ့ထည့်ပြီပေါ့။
ဦးသောင်းဝင်း။ ။ အစေ့ထည့်တော့မှာ…(၄) လနီးပါးပေါ့….(၃) လခွဲလောက်ဘဲ ကြာတယ်။
အောင်ကျော်မိုး။ ။ အခုဟာက ဆင်းပဒေသာ (၁၁) စိုက်တယ်ဆိုတော့…အရင်က မျိုးတွေကရော ဘယ်လိုသုံးစွဲ သလဲ။ အခုမျိုးက ဥကတော့ တော်တော်များတယ်။ အရင်က မျိုးနဲ့ ဘယ်လောက်လောက်ကွာသလဲ။
ဦးသောင်းဝင်း။ ။ အရင်က ဒေသမျိုး (၆) လကြာတဲ့ မြေပဲ စိုက်တာ။ အခုကတော့ ရာသီဥတုကြောင့် ရပ်တိုတိုနဲ့ မိုးကောင်းတဲ့အချိန် ရွေးစိုက်တယ်။ ဒါကြောင့်မို့လို ဆင်းပဒေသာ (၁၁) ကို ရွေးစိုက်တာ။ (03:52 – 05:13)
အောင်ကျော်မိုး။ ။ အခု အပူပိုင်းဒေသမှာဆိုရင် စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ စိုက်နည်း စနစ်တွေ၊ ရေအသုံးပြုမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနရယ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရယ်၊ JICA အဖွဲ့ ရယ် ဆောင်ရွက် နေတယ်ဆိုတာ သိတယ်ပေါ့။ အဲ့လိုဆောင်ရွက်မှုတွေက အကိုတို့လို တောင်သူလယ်သမားအတွက်၊ လယ်ယာလုပ်ငန်း အတွက် ဘယ်လောက် အထောက်အပံ့ ဖြစ်စေသလဲ။ (05:14 – 05:39)
ဦးသောင်းဝင်း။ ။ ဖြစ်ပါတယ်။ အခုဟာ စိုက်ပျိုးရေး ဦးစီးဌာနရယ်၊ စိုက်ပျိုးရေးသုတေသနဌာနရယ်၊ JICA ရယ် ပူးပေါင်း ပြီးတော့ ကျနော်က နတ်ပလ္လင်ကျေးရွာကနေ အကျိုးဆောင်တောင်သူအဖြစ်နဲ့ လုပ်ပြီးတော့၊ ပြီးခဲ့တဲ့ (၂) နှစ်လောက်ကနေ JICA အဖွဲ့နဲ့ဆက်သွယ်ပြီး၊ တစ်နှစ်ကို တောင်သူ ဦး (၂၀) နဲ့ အခု ဦး (၆၀) ဖြစ်လာပြီးတော့၊ JICA အဖွဲ့ကနေ စိုက်ပျိုးရေး နည်းစနစ်သင်တန်းတွေ ပို့ချတယ်။ နောက်တစ်ခု အပင်ပေါက်ရာခိုင်နှုန်းတွေ စမ်းသပ်ပေး တယ်။ မြေဆီလွှာထိန်း သိမ်းဖို့အတွက် မြေပြန့်ချယ်ရီပင်ကို တောင်သူတွေကို ဝေပေးပြီး အသုံးပြုဖို့ရယ် စတဲ့ နည်း ပညာတွေကို ဖြန့်ဝေပေးတယ်။ (05:40 – 06:26)
အောင်ကျော်မိုး။ ။ အကိုတို့က အခုစိုက်နည်းစနစ်လည်း ရပြီ၊ မြေဆီလွှာထိန်းသိမ်းရေး နည်းပညာလည်း အထိုက် အလျှောက်တော့ ရလာပြီ။ အရင်က မြေဆီလွှာနဲ့ ပတ်သက်ပြီး အဓိက ဘယ်လိုလုပ်ဆောင်သလဲ။
ဦးသောင်းဝင်း။ ။ အရင်ကတော့ သမရိုးကျဘဲ နွားချီးပဲ ချတာပေါ့။ အခုဟာဆိုလိုရှိရင် နည်းပညာရော၊ ဓာတ်မြေ သြဇာရော၊ ကျောက်မှုန့်ရော ထောက်ပံ့ပေးတယ်။ (06:27 – 07:00)
အောင်ကျော်မိုး။ ။ အခုဟာက စိုက်နည်းစနစ်တွေရော၊ မျိုးတွေရော ရလာပြီးဆိုတော့၊ စိုက်တဲ့ရာသီဥတုကြရော ဒီက တောင်သူအများစုက မိုးရာသီကိုပဲ အားထားစိုက်နေရလား။
ဦးသောင်းဝင်း။ ။ မိုးရာသီကိုပဲ အားထားစိုက်ရတယ်။ အဲ့ဒါလည်း ဦးစီးဌာနက မိုးရွာမယ့်အချိန်ကို တွက်ချက်ပြီး ဘယ် အချိန်မှာ စိုက်သင့်တယ်ဆိုပြီး နည်းပညာတွေ ပေးတာပေါ့။ (07:01 – 07:24)
အောင်ကျော်မိုး။ ။ အခြား ဥပမာပေါ့လေ…ရေသွင်းစိုက်ပျိုးနည်းတို့ ရေကိုသိုလှောင်စိုက်ပျိုးနည်းတို့ အခု JICA အဖွဲ့က လုပ်နေတာတွေလည်း ရှိတယ်၊ စိုက်ပျိုးရေးဦးစီးဌာနလည်း ပံ့ပိုးမှုတွေတော့ ရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး တော့ အကိုတို့ တောင်သူတွေကရော ရှေ့ဆက်ပြီး နည်းစနစ်ရလာမှုအပေါ် ရေရှည်ပေါ့လေ ရာသီမရွေးစိုက်ပျိုးနိုင် အောင် လုပ်ဆောင် သွားနိုင်မယ့် အနေအထားမျိုး ရှိသလား။
ဦးသောင်းဝင်း။ ။ အဲ့လိုတော့ ရှိပါတယ်။ နည်းပညာလည်း ရလာမယ်၊ ရေလည်း အမြဲတမ်းရလာမယ်ဆိုရင် ကျနော်တို့က လုပ်ဆောင်မှာပေါ့။ အခုက ရာသီဥတုနဲ့ပဲ မိုးနဲ့ပဲမျောစိုက်ရတာဆိုတော့ (၁၂) လလုံး စိုက်လို့ မရဘူး။ (07:25 – 08:00)
အပိုင်း (၃)။ ။ စိုက်ပျိုးရေးနည်းပညာသစ် သင်တန်းများပေးခြင်းနှင့် တောင်သူအချင်းချင်း ဖြန့်ဝေမှု
အောင်ကျော်မိုး။ ။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအနေနဲ့ ရရှိလာတဲ့ အသိပညာတွေကို အချင်းချင်းပြန်လည် မျှဝေပြီး ဖလှယ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ဒါဆိုရင် နည်းပညာအချက်အလက်တွေကို ဘယ်လိုပုံစံမျိုးနဲ့ မျှဝေကြ သလဲ။ (08:01 – 08:21)
ဦးဌေးနိုင် (စိုက်ပျိုးရေးဦးစီးဌာန)။ ။ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာတွေပေါ့နော်…ညောင်ဦးမြို့နယ်အတွင်းမှာ ပြန့်ပွားဖို့ ဆိုရင် ဒေသနဲ့ကိုက်ညီတဲ့ မျိုးစိတ်တစ်ခုကို တွေ့ပြီဆိုလို့ရှိရင် အကျိုးဆောင်တောင်သူတွေနဲ့ ပူးပေါင်းပြီး စံပြအကွက်လေးတွေ လုပ်ပါတယ်။ စမ်းသပ်ကွက်လေးတွေ လုပ်ပါတယ်။ ပြီးလို့ရှိရင် အခြားတောင်သူတွေကို သီးနှံ မျိုးတွေရဲ့ ကောင်းကြောင်းတွေ၊ စိုက်နည်းစနစ်ကောင်းတာတွေကို ကွင်းသရုပ်ပြပွဲတွေနဲ့ ပြပြီး လုပ်ပါတယ်။ အဲ့ဒီ အချိန်မှာဆိုလို့ရှိရင် မျိုးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်၊ စိုက်နည်းစနစ်နဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ကို တောင်သူတွေကိုဖြန့်ပြီး သတင်းအချက်အလက် ပေးပါတယ်။ (08:22 – 09:14)
အောင်ကျော်မိုး။ ။ ဒီလိုမျှဝေမှုတွေကရော တကယ်ရော အထောက်အပံ့ဖြစ်ရဲ့လား။ အထွက်နှုန်းတိုးတက်မှုတွေရော ရှိရဲ့လား။ စိုက်ပျိုးရမယ့်အချိန်တွေကို ဘယ်လောက်အထိ တိတိကျကျ သိရှိလာကြသလဲ။ (09:15 – 09:30)
တောင်သူ ဦးစိုးခိုင် (တောင်ရှေ့ကျေးရွာ၊ ညောင်ဦးမြို့နယ်)။ ။ ကျနော်တို့ စိုက်ပျိုးရေးနည်းပညာရှင်တွေနဲ့ တွေ့ဆုံမှုက (၄) နှစ်လောက်ရှိပြီး။ သူတို့နဲ့ တွေ့ ဆုံပြီးတဲ့အချိန်မှာ စိုက်ပျိုးရတာ ပိုအဆင်ပြေတယ်။ အရင်က မိရိုးဖလာနည်းနဲ့ စိုက်တုန်းက အထွက်နှုန်းတွေ ကျဆင်းတယ်။ စိုက်ပျိုးရေးပညာရှင်တွေနဲ့ တွေ့ဆုံပြီးတော့ သူတို့ ဆီမှာ သင်တန်းတွေတက်၊ သီးနှံစိုက်ပျိုးရေးနည်း စနစ်တွေကို ယူဆောင်ပြီးတော့ စိုက်တဲ့အခါမှာ အထွက်နှုန်း တိုးတတ်လာတာ တွေ့ရပါတယ်။ (09:31 – 09:59)
တောင်သူ ဦးအောင်သန်း (နတ်ပလင်ကျေးရွာ၊ ညောင်ဦးမြို့နယ်)။ ။ စိုက်ပျိုးရေးဌာနနဲ့ ကျနော်တို့အဖွဲ့နဲ့ ပူးပေါင်းပြီး တော့ တစ်လ တစ်ကြိမ်၊ ၃ လ တစ်ကြိမ် ပညာပေး ဟောပြောပွဲတွေ ရှိပါတယ် ခင်ဗျာ။ အဲ့ဒီပညာပေးဟောပြောပွဲ တွေမှာ စိုက်တော့မယ့်အချိန်၊ စိုက်ပြီးတဲ့အချိန်၊ သီးနှံပေါ်တဲ့အချိန်ဆိုပြီး ဆွေးနွေးပါတယ်။ သစ်ပင်ရဲ့အနေအထား၊ စိုက်ကြောင်းရဲ့အနေအထား အရင်က ၂၀ လက်မစိုက်ရာက အခု ၁၆ လက်မနဲ့ ပြောင်းလဲစိုက်တော့ အပင်အရေ အတွက် ပိုမိုလာတာ တွေ့ရှိရပါတယ်။ (09:60 – 10:30)
အောင်ကျော်မိုး (သတင်းထောက်)။ ။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးနဲဒေသနဲ့ ကိုက်ညီမယ့် စိုက်ပျိုးရေးနည်း စနစ်တွေ သက်တမ်းတိုးပြီး ရေငတ်ဒဏ်ခံနိုင်မယ့် မျိုးစေ့များ ဖြန့်ဖြူးပေးခြင်းနဲ့ မြေဆီလွှာထိန်းသိမ်းမှုနည်းလမ်းတွေ ကို အသိပညာပေး ဆောင်ရွက်နေပါတယ်။ ငွေကုန်ကြေးကျသက်သာပြီး ရေရှည်အသုံးဝင်မယ့် အပူပိုင်းဒေသအတွင်း မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရွက်ရာမှာ ငွေကုန်ကြေးကျသက်သာပြီး ရေရှည်အကျိုးရှိစေမယ့် လေကာတန်းစိုက်ပျိုးရေး နည်းစနစ်နဲ့ အဆိုဓာတ်ထိန်းသိမ်းမှု အားကောင်းတဲ့ မြေပြန့်ချယ်ရီပင်စိုက်ပျိုးရေးကို ဆောင် ရွက်နေပါတယ်။ တောင်သူတွေ မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းတွေမှာ ထိရောက်တဲ့နည်းစနစ်တွေ ရရှိထားတာပါ။ (10:31 – 10:58)
တောင်သူ ဦးသောင်းဝင်။ ။ အရင်တုန်းကတော့ ဒီတိုင်း မိရိုးဖလာ နွားချီးချတာကိုပဲလုပ်တယ်။ အခုကြတော့ စိုက်ပျိုးရေး ဦးစီးသုတေသနဌာနနဲ့ ဆက်သွယ်ပြီးတော့ မြေပြန်ချယ်ရီပင် တောင်သူတွေရဲ့ ခြံစည်းရိုးမှာ လေကာပင် အဖြစ်နဲ့ စိုက်ရတယ်။ အဲ့ဒီချယ်ရီပင်ကို (၂) နှစ်လောက်ဆိုရင် ခုတ်ပြီးတော့ ရတဲ့အရွက်တွေကို ယာထဲမှာ ဖြန့်ပြီးထား တော့ သစ်ပင်ရဲ့ နိုက်ထရိုဂျင်ဓာတ် ထိန်းအား အားကောင်းတဲ့အတွက် မြေသြဇာလည်း ထိန်းသိမ်းပြီးသား ဖြစ်တယ်။ (10:59 – 11:32)
အပိုင်း (၄) Water Saving Technology နှင့် အကျိုးကျေးဇူးများ
အောင်ကျော်မိုး (သတင်းထောက်)။ ။ ဒါကြောင့် မိုးရာသီအတွင်း လုံလောက်တဲ့ စိုက်ပျိုးရေရရှိဖို့ မိုးရေကို စနစ်တကျ သိုလှောင်ပြီး ရေကိုချွေတာသုံးစွဲတဲ့ စိုက်ပျိုးနည်းပညာတွေကို စိုက်ပျိုးရေးဦးစီးဌာနနဲ့ JICA တို့ ပူးပေါင်းပြီး ညောင်ဦး မြို့နယ်မှာ အကောင်အထည် ဖော်ဆောင်ရွက်နေတာပါ။ (11:33 – 11:45)
တောင်သူ ဦးသံချောင်း (ကုန်းရွာကျေးရွာ၊ ညောင်ဦးမြို့နယ်)။ ။ အရင်တုန်းကဆိုရင် ဒီနေရာက ခြောက်ကုန်းဘဲ။ ပြောင်းကလွဲလို့ ဘာမှစိုက်လို့ပျိုး လို့မရဘူး။ စိုက်ပျိုးသီးနှံ ဘာမှမထွက်ဘူး။ အခုကျတော့ ဒီလိုစိုက်လိုက်ပျိုး လိုက်တော့ စိုက်ရပျိုးရတာ မြေအနေအထားအရရော အကူအညီနဲ့ရောဆိုတော့ အောင်မြင်အောင် စိုက်လို့ရသွားတာ ပေါ့။ ဒီရေကန်မှ မရှိလို့ရှိရင် မစိုက်ဝံ့ဘူး။ မိုးခေါင်တာနဲ့ အကုန်သေ ကုန်တာ။ အခု ရေပေးစရာရှိတော့ စားသုံးသီးနှံကို စိုက်ဝံ့တာပေါ့။ စားသုံးသီးနှံထွက်တော့ လက်တွေ့လည်း ချက်စားရတယ်၊ ဝင်ငွေလည်းရတယ်၊ ဆွေမျိုးအသိုင်းအဝိုင်း ကိုပါ ပေးလို့ရတယ်။ လူမှုရေးလည်း ကျေတယ်။ အရင်ကထက် စိတ်ချမ်းသာမှု ပိုရှိတာပေါ့။ (11:46 – 12:34)
ဦးဌေးနိုင် (စိုက်ပျိုးရေးဦးစီးဌာန)။ ။ ကျနော်တို့ စိုက်ပျိုးရေးဦးစီးဌာနရယ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရယ်၊ JICA မှ စီမံကိန်းအဖွဲ့တွေနဲ့ ဝန်ထမ်းတွေ ပူးပေါင်းပြီး၊ ဆောင်ရွက်တာဆိုလို့ရှိရင် ရေအသုံးချနည်းပညာမှာလည်း တော်တော်များများ ထိရောက်လာတာ တွေ့ပါတယ်။ တောင်သူတွေလည်း တော်တော် စိတ်ဝင်စားပါတယ်။ ဘာလို့ ဆိုတော့ ကျနော်တို့ဒေသဟာ ရေခက်ခဲတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရေကိုအကျိုးရှိရှိ အသုံးချဖို့အတွက် ဆိုလို့ရှိရင် JICA Project က ရေအသုံးချနည်းပညာပေးတာလည်း တော်တော်ကောင်းပါတယ်။ အဲ့ဒီအပြင်ကို မျိုး ကောင်းမျိုးသန့်တွေ ပံ့ပိုးပေးတဲ့အတွက်၊ တစ်ခါ မျိုးတွေပြန့်ပွားပေးတဲ့အတွက် တောင်သူတွေ အတော်များများ ဟာလည်း ဌာနတွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့အတွက်ကြောင့် မျိုးစေ့နဲ့ ရိက္ခာဆိုတာကို ကွဲကွဲပြားပြား သိရှိလာတယ်။ (12:35 – 13:25)
အောင်ကျော်မိုး (သတင်းထောက်)။ ။ သက်ဆိုင်ရာဌာနအသီးသီးမှ မျိုးကောင်းမျိုးသန့်ရရှိရေး နည်းလမ်းတွေ၊ မြေဆီ လွှာ ပြုပြင်ထိန်းသိမ်းရေး နည်းပညာတွေနဲ့ ရေကိုချွေတာအသုံးပြု စိုက်ပျိုးရေးနည်းစနစ်တွေကို တောင်သူတွေဆီ အရောက်အသိပညာပေး ဆောင်ရွက်နေပါတယ်။ အပူပိုင်းမိုးနဲဒေသတွေအတွက်တော့ ဒီလိုနည်းလမ်းတွေကို အသုံး ပြုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ များစွာ အထောက်အကူ ရရှိလာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။ (13:26 – 13:49)
Download